မောင်တောမြောက်ပိုင်းက ကျေးရွာ ၁၁ ရွာကို စစ်ကောင်စီက ပိတ်ဆို့ထား၍ ရိက္ခာပြတ်လုနီးပါးဖြစ်နေ

By Western News /2022  September 6

စစ်ရေးအရ အခြေအနေ တင်းမာနေသည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းက ကျေးရွာ ၁၁ ရွာကို စစ်ကောင်စီတပ်များက လမ်းပန်းဆက်သွယ်မှုကို ပိတ်ဆို့ထား၍ အခက်အခဲဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။

ရခိုင်အပါအဝင် မြို၊ သက်စသော ရခိုင်မျိုးနွယ်စုဝင် လူမျိုးများလည်း နေထိုင်ကြသည့် ကြောင်နဖေ၊ ဘောင့်ရွာ၊ သုပဏ္ဏက၊ အောင်သပြေ၊ အောင်ချမ်းသာ၊ ဗန္ဓုလ၊ ဆန်ဆိုရီ၊ ရွှေတိုင်၊ ပတ်ချောင်း၊ ဒုံးညိုနှင့် ကျောက်လုံးကျေးရွာတို့ကို စစ်ကောင်စီက ပိတ်ဆို့ထားခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာသားများ သွားလာရေးကို ခမောင်းဆိပ်ဗျူဟာကုန်းမှ ပိတ်ဆို့ထားသဖြင့် ဒေသခံလူထုများအနေဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်နေ​သည်ဟု အောင်သပြေဆရာတော်က မိန့်သည်။

“သွားရေးလာရေးကို ခမောင်းဆိပ်ဗျူဟာကုန်းက လုံးဝပိတ်ဆို့ထားတယ်။ အခုဆိုရင် စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်။ တဖြေးဖြေးနဲ့ အခက်အခဲကြုံလာကြတယ်။ နောက်တစ်ပတ်လောက်ဆိုရင် အကုန်လုံးငတ်ကြရမှာဖြစ်တယ်။ ရိက္ခာတွေ ပြတ်လက်ပြီးတော့”ဟု ပြောသည်။

ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးပြီးနောက် မောင်တောမြောက်ပိုင်း မိုင်တိုင်အမှတ် ၄၀ စခန်းကို AA မှ သိမ်းပိုက်ရရှိခဲ့ကြောင်း သြဂုတ် ၃၁ ရက်နေ့တွင် AA ကထုတ်ပြန်ခဲ့သည်။ ယင်းနောက်ပိုင်း စစ်ကောင်စီတပ်မှ မိုင်တိုင် အမှတ် ၄၀ စခန်းနှင့် ခမောင်းင်းဆိပ်ဗျူဟာ အနီးဝန်းကျင်တို့ကို စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်များ၊ ဂျက်လေယာဉ်များဖြင့် တိုက်ခိုက်မှုများကို ပြီးခဲ့သည့်ရက်ပိုင်းများက ပြုလုပ်ခဲ့သည်။

ယင်းဖက်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွါးနေသည့် မောင်တော၊ ရသေ့တောင် လမ်းပန်းဆက်သွယ်ရေးများပိတ်ဆို့ထားသည့်အပြင် ဖုန်းလိုင်းများကိုလည်း ဖြတ်တောက်ထားသည့်အတွက် ပိုမိုအခက်အခဲဖြစ်သည်ဟု ဆရာတော်က ဆက်လက်မိန့်သည်။

“သြဂုတ်လ ၂၆ ရက်နေ့ကတည်းက အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းကို ဖြတ်တောက်လိုက်တယ်။ အခုဖုန်းပြောနေတာလည်း တောင်ထက်ကို တက်ပြီးတော့ ပြောနေတာ။ အခုက ဘယ်လိုဖြစ်လာမယ်မှန်းမသိဘူး။ အဆက်အသွယ်တွေနဲ့ သတင်းအချက်အလက်တွေကိုလည်း မသိရတဲ့အတွက် ဦးဇင်းတို့က ပိုပြီးတော့ စိုးရိမ်တယ်။ ဖုန်းတစ်ခေါက်ပြောဖို့အတွက် တောင်ပေါ်ကိုတက်ပြီးတော့ ပြောရတယ်”ဟု မိန့်သည်။

ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲသည့် ဇူလိုင်နှင့် ဩဂုတ်လတို့တွင် ပလက်ဝမြို့နယ်ကနေ စတင် နှစ်ဖက် အခြေအနေ တင်းမှာလာရာကနေ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်အထိ ကူးစက်လာပြီး လက်ရှိ ကျောက်တော်၊ မြောက်ဦးမြို့နယ်အထိ တိုက်ပွဲများ ဖြစ်နေကာ အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိလာနေသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြည်သူများအား အကျပ်အတည်း၊ အခက်အခဲနှင့် အကြောက်တရားများဖြစ်အောင် လုပ်ဆောင်ခြင်းမှာ အစိုးရတစ်ရပ်အနေဖြင့် မလုပ်ဆောင်သင့်ကြောင်း ပြောဆိုသည်။

“တိုက်ပွဲဖြစ်လာတယ်ဆိုလို့ရှိရင်တော့ နယ်မြေကိုထိန်းချုပ်ဖို့ ကြိုးစားကြတယ်။ အဓိကတော့ ကိုယ်တို့ရဲ့လုပ်ရပ်ဟာ ပြည်သူကို မထိခိုက်ဖို့လိုတယ်။ အခုစစ်ကောင်စီဖက်ကလုပ်နေတာက သူတို့နဲ့တိုက်နေတဲ့ ရန်သူကိုတိုက်တာထက် ပြည်သူကို ဒုက္ခပေးတာက ပိုများတယ်။ ပြည်သူတွေကို အကြောက်တရား၊ အကျပ်အတည်းဖြစ်အောင် ရည်ရွယ်ချက်နဲ့ လုပ်တာကတော့ အစိုးရတစ်ရပ်ရဲ့ လုပ်ရပ်မဟုတ်ဘူး”ဟု ပြောသည်။

ရခိုင်ပြည်​၏ ရှေ့ဟောင်းအမွေနှစ်မြို့ဖြစ်သည့်မြောက်ဦးမြို့တွင် စစ်ကောင်စီတပ်က အထင်ကရ နေရာ ၅ခုထက်မနည်းတွင် တပ်စွဲနေရာယူထားပြီး ယနေ့ စက်တင်ဘာ ၆ ရက်နေ့၌ မြို့တွင်းတစ်နေရာမှ ပေါက်ကွဲသံတစ်ခုထွက်ပေါ်ခဲ့ကာ ပေါက်ကွဲမှုကြောင့် မြို့ခံများစိုးရိမ်နေကြသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/599024785237363

Leave a Reply

Your email address will not be published.