မယူမြစ်အရှေ့ဘက်က တိုက်ပွဲကြောင့်ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ပြည်သူတွေ စားဝတ်နေရေး အခက်အခဲဖြစ်နေ

By Voice Of Westland/2022 September 1

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူမြစ်အရှေ့ဘက်ခြမ်းက မညင်းတောင်ကျေးရွာနားမှာ ပြီးခဲ့တဲ့ သြဂုတ်လ (၃၀)ရက်နေ့ ညနေ (၆) နာရီလောက်မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့နီးစပ်တဲ့ ကျေးရွာကပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ မညင်းတောင်ကျေးရွာဟာ (၂) မိုင်လောက်သာဝေးတဲ့အတွက် တိုက်ပွဲဖြစ်ပွားချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကြားနေခဲ့ရသလို ရွာအတွင်းမှာလက်နက်ကြီးကျရောက်မှာ စိုးရိမ်တဲ့အတွက် ထွက်ပြေးလာခဲ့ကြတာဖြစ်တယ်လို့ မညင်းတောင်ကျေးရွာသားတစ်ယောက်က VOW ကို အခုလိုပြောပါတယ်။

” တိုက်ပွဲဖြစ်တဲ့အချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်သံတွေကြားရပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့က ရွာနဲ့နီးတော့ ရွာထဲကိုလက်နက်ကြီးတွေ ကျမှာစိုးရိမ်လို့ ညဘက်ကြီး စက်လှေတွေနဲ့ ခက်ခက်ခဲခဲထွက်ပြေးခဲ့ကြတာပါ။ ကျွန်တော်တို့ကထွက်ပြေးလာကြတာဖြစ်လို့ ပစ္စည်းတွေအများကြီးလည်းမပါလာဘူးလေ။ ဒီမှာလည်းဘယ်လောက်ကြာကြာနေရဦးမှာမသိဘူး။ လူဦးရေကလည်းများတော့ ကြာလာရင် စားဝတ်နေရေးအခက်အခဲတွေဖြစ်နိုင်ပါတယ် “လို့သူကပြောပါတယ်။

ကျေးရွာ (၆)ရွာလောက်က လူဦးရေတစ်ထောင်ကျော်လောက်ထွက်ပြေးလာကြတာဖြစ်ပြီး မယူမြစ်အနောက်ဘက်ကမ်းက ကျေးရွာတွေမှာ လာရောက်ခိုလှုံနေကြတယ်လို့သိရပါတယ်။ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှာလည်း စစ်ဘေးရှောင် (၅၀၀) လောက်ရှိနေပြီး စားဝတ်နေရေးအခက်အခဲတွေရှိနေတယ်လို့ စေတီပြင်လူငယ်ပရဟိတအသင်းက ကိုအောင်မင်းစိုးက VOW ကိုအခုလိုပြောပါတယ်။

“ကျွတ်တော်တို့ထောက်ပံ့ပေးထားတဲ့ လူဦးရေက (၅၀၀)ကျော်လောက်ရှိမယ်။ ဒီမှာရှိတဲ့လူတွေကိုတစ်ရက်မှာ ကျွန်တော်တို့အဖွဲ့က ဆန် (၂)ဘူးနဲ့ ဟင်းတွေဝယ်ဖို့ ပိုက်ဆံ (၂)ထောင်စီထောက်ပံ့ပေးထားတာရှိပါတယ်။ ဒါပေမယ့် လူဦးရေကလည်းများတော့ အခုကုန်စျေးနှုန်းတွေနဲ့ဆိုရင် ကျွန်တော်တို့လည်း ရက်အကြာကြီးတော့ ပေးနိုင်မယ်မထင်ပါဘူး” လို့သူကပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်လာရတဲ့ ပြည်သူတွေမှာ ပြိန်းတော ၊ သမီးလှ ၊ ငစံဘော် ၊ ရွာသစ် ၊ ကုန်တန်း ၊ ညောင်ပင်လှကျေးရွာနဲ့ အောင်စေကုန်းစတဲ့ ကျေးရွာတွေက ဖြစ်ကြတယ်လို့ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ သူတို့နဲ့ရင်းနှီးတဲ့ ဆွေမျိုးအိမ်တွေမှာလည်း ပါလာတဲ့စားနပ်ရိက္ခာတွေနဲ့ စားသောက် နေထိုင်နေကြတာတွေရှိနေတဲ့အတွက် စရင်းအတိအကျရရှိအောင် စာရင်းတွေကို ပြစုနေတယ်လို့လည်းဆိုပါတယ်။

https://www.facebook.com/VOW2ppl/posts/188052460280806

Leave a Reply

Your email address will not be published.