By Western News /2022 September 2
သတ်ဖြတ်ခံရသည့် မနွယ်သန္တာဝင်းတွင် ပြင်ပ၌ သုတ်ပိုးတွေ့ရှိကြောင်း စင်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်တွင် မှုခင်းဆရာဝန်က မိသားစုများအား ခေါ်ယူတွေ့ဆုံပြီး ပြောကြားခဲ့ကြောင်း ဖခင်ဖြစ်သူက ပြောဆိုသည်။
စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခန့်က စစ်တွေမြို့ ပြည်သူဆေးရုံမှ မှုခင်းဆရာဝန်က မိသားစုများကို ခေါ်ယူပြီး ယင်းကဲ့သို့ပြောလိုက်ကြောင်း မနွယ်သန္တာဝင်း၏ ဖခင်ဖြစ်သူ ဦးဆန်းဝင်းထံမှ သိရှိရသည်။
“မှုခင်းဆရာဝန်က ကျနော်တို့ မိသားစုကိုခေါ်တွေ့ က မနက်ပိုင်း ၁၀ နာရီလောက်ရှိမယ်။ သူပြောဆိုချက်အရကတော့ မအင်္ဂါမှာတော့ သုတ်ပိုးမတွေ့ဘူး။ အတွင်းခံ ဘောင်ဘီမှာ ပိုးတွေ့တယ်။ ပြောရရင်တော့ အပြင်မှာ သုတ်ရည်တွေ့တယ်။ အဲ့ဒါ မုဒိမ်းမှုမြောက်တယ်လို့ပြောတယ်”ဟုပြောသည်။
ဖခင်ဖြစ်သူ ပြောပြချက်အရ မှုခင်းဆရာဝန်က စစ်ဆေးချက်ကိုသာပေးပြီး နောက်ထပ်စာမျက်နှာများကို မပြဘဲ အဆိုပါ စာရွက်စာတမ်းများကို ရဲတပ်ဖွဲ့ က လာရောက်ယူဆောင်သွားကြောင်း သုတ်ရည်စွန်းပေနေသည့် အဝတ်အစားများလည်းကို ရဲတပ်ဖွဲ့ က ယူဆောင်သွားကြောင်းဖခင်ဖြစ်သူက ဆက်လက်ပြောသည်။
ပြီးခဲ့သည် အစောပိုင်းတွေ့ဆုံမှုတွင် မှုခင်းခွဲစိတ်ဆရာဝန်၏ ထွက်ဆိုချက်ကို ကြားသိရှိခဲ့ရသည့် အမျိုးသမီးအရေးလုပ်ရှားသူက Western News အား မုဒိမ်းပြုကျင့်ခံခြင်း လက္ခဏာမရှိကြောင်း ပြောဆိုခဲ့ဖူးသည်။
“ကလေးမလည်ပင်းနဲ့ ခြေထောက်မှာ ကြိုးဒဏ်ရာတွေရှိတယ်။ ပြီးတော့ ဗိုက်ဓါးဒဏ်ရာနှစ်ချက်က အူကိုထိုးဖောက်သွားပြီး သွေးခဲသေသွားတာလို့ပြောတယ်။ ကောင်မလေးမှာ မုဒိမ်းပြုကျင့် (Rape) လုပ်ခံရတဲ့လက္ခဏာမတွေ့ဘူးလို့ဆိုတယ်”ဟု ယခင်တွေ့ဆုံခဲ့စဉ် မှုခင်းဆရာဝန် ပြောဆိုချက်ကို ပြန်လည်ပြောခဲ့သည်။
မနွယ်သန္တာဝင်းသေဆုံးမှုအား ရက္ခိုင်တပ်တော်က တရားခံအား သံသယရှိသူက ကျူးလွှန်ခဲ့ကြောင်း ဝန်ခံသည်ဟု ထုတ်ပြန်ကြေငြာပြီးနောက်၊ သြဂုတ် (၃၁) ရက်နေ့တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က မနွယ်သန္တာဝင်းသေဆုံးမှုနှင့်ပတ်သက်သည်ဟုဆိုကာ အခင်းဖြစ်ပွာရာ နေရာရှိ ဘေးဆိုင်ခန်းမှ လူငယ်တစ်ဦးအားလည်း လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့သည်ဟု သိရသည်။
လူသတ်မှုပုဒ်မ ၃၀၂ ဖြင့်စွပ်စွဲခံထားရသည့် အသက် ၂၀ အရွယ် လူငယ်မှာ မြေပုံမြို့နယ်ဇာတိ ဖြစ်ပြီး၊ ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရရှိသေးဘဲ သြဂုတ်လ (၁၆) ရက်က စစ်တွေ မြို့မရဲစခန်းမှ ခေါ်ယူဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
စစ်တွေမြို့ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းအနီး၊ လူစည်ကားသည့် မေယုလမ်းပေါ်ရှိ ဆိုင်ခန်းငယ်တစ်ခု၌ ပြီးခဲ့သည် သြဂုတ်လ ၁၅ ရက်နေ့ညနေက ၁၈ နှစ်ရွယ် မနွယ်သန္တာဝင်းမှာ ဓားထိုးခံရ၍ သေဆုံးခဲ့ပြီးနောက် ဩဂုတ် ၁၈ ရက်နေ့ လောက်မှာသာ ဆေးစစ်ချက်များ ရန်ကုန်သို့ ပို့ဆောင်ခဲ့ရကာ ယင်းရက်ပိုင်းတွင် အချိန်ကြန့်ကြာမှု ရှိခဲ့နိုင်ကြောင်း ဖခင်ဖြစ်သူက ပြောသည်။
လက်ရှိတွင်မူ မနွယ်သန္တာဝင်း သတ်ဖြတ်ခံရမှုတွင် တရားခံဖြစ်သူမှာ ဆိုင်မှတာဝန်ရှိမန်နေဂျာ ဦးမျိုးမြင့်ဇော်ဖြစ်ပြီး တရားခံဖြစ်ကြောင်းပြောနိုင်သည်မှာ သူကိုယ်တိုင်ဝန်ခံထား၍ ဖြစ်သည်ဟု ULA/AA၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News ကိုပြောကြားလာခဲ့သည်။
မနွယ်သန္တာဝင်သေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများဆက်လုပ်ဆောင်နေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်များကို အတိအကျထုတ်ပြောရန်မရှိသေးဘဲ အရေးယူမည့်အပိုင်းတွင်လည်း တရားစွဲတင်ကာ အပြစ်ပေးနိုင်ရန်လုပ်ဆောင်နေသည်ဟု ဦးခိုင်သုခကဆက်ပြောသည်။
ဆေးမှတ်တမ်းများအရ မနွယ်သန္တာဝင်း၏ လည်ပင်းနှင့်ခြေထောက်တို့တွင် ကြိုးဒဏ်ရာများရှိနေခဲ့သည်။ လက်ရှိ ULA မှ ဖော်ထုတ်ထားသည့် သံသယရှိသူ မျိုးမြင့်ဇော်မှာ မနွယ်သန္တာဝင်းအား မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ခဲ့ပုံ၊ ဆက်စပ်သံယတရားခံများကမည်သူများဖြစ်သည်ကိုမူ ULA ဖက်မှ ထုတ်ဖော်ပြောဆိုလာမှု မရှိသေးပေ။
Western News-WN
https://www.facebook.com/westernnewsagency/posts/595886525551189