မင်းပြားမှာ ကားဘော်ဒီဆေးမှုတ်သမားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား

By Border News Agency/2022 September 22

(ဓာတ်ပုံ-မင်းပြားမြို့နယ်၊ရာမောင်တံတားအနီးရှိမြင်ကွင်း/BNA)

မင်းပြားမြို့အဝင် နရမ်းခွဆုံမှာရောက်နေတဲ့စစ်ကောင်စီတပ်သားတွေဟာ အဲဒီနရမ်းရွာမှာ ကားဘော်ဒီဆေးမှုတ်၊၀ရိန်ဆော်တဲ့လုပ်ငန်းလုပ်နေသူနှစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ မျက်မြင်တွေက ပြောကြပါတယ်။

အဲဒီမှာလက်နက်အပြည်အစုံနဲ့အင်အား ၇၀ ဝန်း ကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာစက်တင်ဘာလ၂၁ ရက်၊မနေ့ကမနက်ပိုင်းကတည်း က နရမ်းခွဆုံသို့ရောက်လာတာဖြစ်ပြီး အဲဒီအနီးတဝိုက်အသွားအလာတွေကို ဟန့်တားစစ်ဆေးမှုတွေ ပြုလုပ်နေခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီမှာဖမ်းဆီးခံရသူနှစ်ဦးဟာအလုပ် ကိစ္စနဲ့မင်းပြားမြို့ထဲသွားပြီး နရမ်းရွာမှာရှိတဲ့သူတို့ရဲ့ဆိုင်သို့ ပြန်အလာ စက်တင်ဘာလ ၂၁ ရက်နေ့၊ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ နရမ်းရွာသားတစ်ဦးက ပြောပါတယ်။

“ကားမှန်ဝယ်ဖို့အတွက် မြို့ထဲသွားပြီး ကားအုံနာ (ကားပိုင်ရှင်)ဆီကနေ ပိုက်ဆံ သွားထုတ်တာ၊အပြန်မှာ အဖမ်းခံရ တာပါ။ကားရော၊လူပါအဖမ်းခံရပါတယ်။ကားဘော်ဒီလုပ်နေကြတာပါ။နရမ်းမှာ ဆိုင် ဖွင့်ထားတာပါ။”လို့ အဲဒီဒေသခံက ပြောပါတယ်။

အဲဒီဖမ်းဆီးခံရသူနှစ်ဦးဟာ အဲဒီကားဘော်ဒီဆေးမှုတ်ဆိုင်ရဲ့ပိုင်ရှင်နဲ့အလုပ် သမားတစ်ဦးဖြစ်ပြီး လက်ရှိမှာ သူတို့ကို ဘယ်ကိုခေါ်သွားတယ်၊ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကိုမသိရသေးဘူးလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဲဒီကားဆေးမှုတ်တဲ့အလုပ်လုပ်သူတွေနှစ်ဦးကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့ဆိုင်ခန်းကိုလည်းလာရောက်မွှေနှောက်သွားခဲ့တယ်လို့ နရမ်းရွာသားတွေက ပြောကြပါတယ်။

“ဆိုင်က ပစ္စည်းတွေ ယူသွားလား။မယူသွားလားတော့ မသိဘူး။အကုန်မွှေ နှောက်ပစ်ခဲ့တယ်။”လို့ လုံခြုံရေးကြောင့် အမည်မဖော်လို့တဲ့ ဒေသခံက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်သားတွေဟာ နရမ်းရွာဘုန်းတော်ကြီးကျောင်းနဲ့ နရမ်းခွဆုံတဝိုက်နေရာယူထားကြဆဲဖြစ်တယ်လို့ ဆိုကြပါတယ်။

အဲဒီလိုဒေသခံတွေကို စစ်ဆေး၊ဖမ်းဆီးမှုတွေ နရမ်းရွာအပါအဝင် အနီးတဝိုက်က ရွာတွေဖြစ်တဲ့ နရမ်း (ရွာချေ)၊ခေါင်းလောင်းရွာ၊ကန်ရွာစတဲ့ရွာတွေက ဒေသခံတွေမှာ နီးစပ်ရာဆွေမျိုးတွေရှိတဲ့ ရွာတွေဆီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပြောကြပါတယ်။

“သူတို့ကလုပ်ချင်သလို လုပ်နေတာလေ ။ကြောက်ပြီး ရှောင်နေရပါတယ်။”လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ နရမ်းကနေမြောက်ဦးမြို့ဘက်အသွားလမ်းပေါ်မှာရှိတဲ့ ပြားချောင်းရွာဘက်ကိုလည်း စစ်ကြောင်းထွက်လာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီအပြင် မြောက်ဦးမြို့ကနေ မင်းပြားဘက်သို့အထွက် မြောင်းဘွေရွာအနီးတဝိုက်မှာလည်း စစ်ကောင်စီတပ်သားတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ စက်တင် ဘာလ ၁၉ ရက်နေ့ကလည်း မင်းပြားမြို့ထဲ့သို့ ဝင်ရောက်ကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက်တစ်ရက် ၂၀ နေ့မှာ မြို့ခံနှစ်ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။

အဲဒီအပြင် အဲဒီနေ့မှာပဲ မြောက်ဦး‌မြို့မှ သတင်း ထောက်ဟောင်းကိုဖိုးသီဟကိုလည်း နေအိမ်ထဲထိဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

နောက်ပြီးမနေ့ကလည်း ရမ်းဗြဲမြို့ပေါ်ရှိ ရခိုင်အရပ်ဖက်အဖွဲ့အစည်းဝင်တ ချို့ရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေခဲ့သလို ညဖက်မှာတော့ မြို့ပေါ်ကဒေသခံနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့မြို့ခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်အတွင်း မြို့တွင်းလူနေရပ်ကွက်တွေထိဝင်ရောက်ကာ စစ်ဆေးဖမ်းဆီးမှုတွေ နေ့စဉ်ဆိုသလို ပြုလုပ်နေတာတွေ့ရပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်အတွင်းက အရပ်သားပြည်သူတွေကို ULA/AA အ ဖွဲ့ဝင်တွေဆိုပြီး စွပ်စွဲကာမတရားဖမ်း ဆီးနှိပ်စက်မှုတွေလုပ်နေတာတွေများနေတယ်လို့ ULA/AA ပြောရေးဆိုဆိုခွင့်ရှိသူ ခိုင်သုခက ခုလသတင်းစာရှင်း လင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

#BNA#ရခိုင်#မင်းပြား#ဒေသခံ#နှစ်ဦး#စစ်ကောင်စီ#ဖမ်းဆီး#

https://www.facebook.com/permalink.php?story_fbid=178635128017993&id=100076145194525

Leave a Reply

Your email address will not be published.