By Western News /2022 September 29
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၁၆ အောက်တိုဘာ ၁၃ က တွေ့ရစဉ် ။ (ဓာတ်ပုံ-EPA)
ရခိုင်ပြည်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်များမှာ စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ထား၍ ဒေသအတွင်း ကုန်ပစ္စည်းများနှင့် ဆေးဝါးများမှာ ပြတ်လပ်ပြီး စျေးနှုန်းမြင့််မား နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။
လူသုံးကုန်ပစ္စည်းတချို့မှာ လုံးဝပြတ်လပ်သွားပြီး ရှာမရသည့် အခြေအနေနှင့် ရင်ဆိုင်နေရကာ လမ်းပန်းဆက်သွယ်ရေးမပိတ်ခင်က စားဆီတစ်လီတာကို မြန်မာငွေ ၄၅၀၀ ကျပ် ရှိရာမှ ယခုအချိန်တွင် ၈၀၀၀ ကျပ်၊ ကြက်သွန်တစ်ပိဿကို ၁၀၀၀ ကျပ်မှ ယခုအခါ ၅၀၀၀ ကျပ်၊ ယခင်က ၅၅၀၀၀ ကျပ်တန် ဆန်တစ်အိတ်ကို ယခုအချိန်တွင် ၈၀၀၀၀ ကျပ်အထိ ထိုးတက်လျက်ရှိသည်ဟု ဘူးသီးတောင်မြို့ခံများက ပြောသည်။
ထို့အပြင် ကုသရသည့်အပိုင်းတွင်လည်း ဆေးဝါးပြတ်လပ်မှုများကြောင့် မိမိသုံးချင်သည့် ဆေးဝါးများကိုလည်း သုံးစွဲခွင့်မရသည့် ပြဿနာကို ကြုံတွေ့နေရပြီး ယခင်က ချောင်းဆိုးပျောက်ဆေးရည် WOOD’ တစ်ဘူးကို ၄၅၀၀ ကျပ်မှ ယခု ၁၀၀၀၀ ကျပ်၊ Penicillin V တစ်ကဒ်ကို ၅၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ထိုးတက်လျက်ရှိသည်ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။
ထိုကြောင့် ကုန်စည်နှုန်းမြင့်မားလာမှုထက် တစ်လခွဲခန့်အထိ လမ်းခရီးများကို ပိတ်ဆိုထားခြင်းမှာ ဒေသတွင်းနေထိုင်သူများအတွက် ပိုမိုအခက်အခဲဖြစ်သည်ဟု မောင်တောမြို့မှ ကုန်စုံဆိုင်ပိုင်ရှင် ကိုမောင်ဝင်းသိန်းက ပြောသည်။
“မောင်တောမြို့နယ် တောင်ပိုင်း၊ မြောက်ပိုင်း အကုန်လုံး လမ်းခရီးအခက်အခဲဖြစ်နေတယ်။ အကျပ်အတည်းပေါင်းစုံကို ရင်ဆိုင်နေရတယ်။ အခြေခံစားသောက်ကုန်စျေးနှုန်းတွေကလည်း အဆမတန်မြင့်မားလာတယ်။ ကုန်စည်နှုန်း မြင့်တက်လာတဲ့အပေါ် ကျနော်တို့ မပြောလိုပေမဲ့ ကုန်စည်စီးဆင်းမှုမရှိတဲ့အပေါ် ဒေသနေပြည်သူတွေအတွက် ပိုပြီးတော့ အခက်အခဲဖြစ်တယ်”ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ၊ ကိုးတန်ကောက်အနီးတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားပြီးကတည်းက မောင်တောမြို့အတွက် အဓိကအရေးပါသော အငူမော်- မောင်တောကားလမ်းနှင့် ရေချမ်းပြင်- အငူမော် ရေလမ်းတို့ကို စစ်ကောင်စီက ပိတ်ဆို့ထားလိုက်သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။
“အဓိကတော့ လူတစ်ယောက်မှာ စားရေး၊ သောက်ရေးပေါ့။ တချို့ ကိုယ်လိုချင်တဲ့ ပစ္စည်းတွေဆိုရင် ရှာမရတော့ဘူး။ ရှိတဲ့ ကုန်ပစ္စည်းတွေဆိုလို့ရှိရင်လည်း အဆမတန် စျေးနှုန်းမြင့်မားသွားတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။
စားသုံးကုန်ပစ္စည်းများအတွက် အခက်အခဲဖြစ်သည့်အပြင် ကျန်းမာရေးဆိုင်ရာ ကိစ္စများအတွက်လည်း အန္တရာယ်နှင့်ကြုံတွေ့နေရပြီး လမ်းခရီးပိတ်ထားသည့်အတွက် အရေးပေါ်လူနာများအတွက် အသက်အန္တရာယ်ကိုလည်း ပို၍စိုးရိမ်ရသည်ဟု ဒေသခံများက ပြောသည်။
“ဘူးသီးတောင်မှာ ခွဲစိတ်ဆရာဝန်မရှိဘူး။ ခွဲစိတ်ဆရာဝန်တစ်ယောက်မရှိတဲ့အတွက် ခွဲစိတ်ကုသရမဲ့ ရောဂါတွေအတွက်ဆိုရင် မောင်တောဆေးရုံကို သွားရတယ်။ မောင်တောကို သွားရတဲ့အတွက် ကုန်ကျမှုတွေက ပိုများတယ်။ မောင်တောဆေးရုံမှာဆိုရင်လည်း တချို့ဆေးဝါးတွေက ဆေးရုံထဲမှာ မရှိတာကိုတွေ့ရတယ်။ အပြင်က ဆေးဆိုင်တွေမှာလည်း စျေးနှုန်းတွေ တော်တော်ကြီးတယ်”ဟု ပြောသည်။
စစ်ရေးအခြေအနေလိုအပ်ချက်အရ ရခိုင်ပြည်နယ်အတွင်း ကုန်လမ်း၊ ရေလမ်းတွင် သွားလာနေသော ယာဉ်များကို ရက္ခိုင့်တပ်တော် AA က စစ်ဆေးသွားမည်ဟု စက်တင်ဘာ (၁၄) ရက်နေ့က ထုတ်ပြန်ပြီးနောက် ရေလမ်းခရီးတွင် အဓိက ပြေးဆွဲနေသော ရွှေပြည်တန် အမြန်ယာဉ်သည် ပေါက်တောမြို့မှအပ တခြားမြို့များသို့ ပြေးဆွဲမှုကို ရပ်တန့်ခဲ့သည်။
ကိုဗစ်ကာလအကျပ်အတည်း၊ နိုင်ငံရေးမတည်ငြိမ်မှုများ၊ မြန်မာနိုင်ငံတွင် ဆေးဝါးကုမ္ပဏီနည်းပါးခြင်း၊ ဒေါ်လာအလုံအလောက်မရှိသည့်အပြင် လမ်းပန်းဆက်သွယ်မှု ပိတ်ဆိုခံထားရသည့်အတွက် ဆေးဝါး စျေးနှုန်းများမှာ သုံးဆ၊ လေးဆခန့်အထိ မြင့်တက်သွားသည်ဟု မောင်တောမြို့မှ ဆရာဝန်တစ်ဦးက ပြောသည်။
“ကိုဗစ်နောက်ပိုင်း ပြောင်းလဲသွားတဲ့ နိုင်ငံရေးအခြေအနေကြောင့် မြန်မာတစ်နိုင်ငံလုံး အခက်အခဲ ကြုံတွေ့ နေရသလို မောင်တောလည်း အဲဒီအခက်အခဲကို ကြုံရတယ်။ နောက်ပြီးတော့ မောင်တောဧရိယာမှာတိုက်ပွဲဖြစ်တဲ့အတွက် မောင်တောမြို့ကို ကုန်စည်စီးဆင်းတဲ့ လမ်းကြောင်းတွေကို အားလုံးပိတ်ဆို့ထားတယ်။ နဂိုကတည်းက တခြားနေရာတွေထက် ကုန်စျေးနှုန်းတွေ မြင့်မားတဲ့ဒေသမှာ အခု လမ်းခရီးတွေ ပိတ်ဆို့ခံရတယ်ဆိုတော့ သုံးဆ၊ လေးဆလောက်အထိ မြင့်တက်သွားတယ်။ နောက်တစ်ခုက လိုအပ်တဲ့ဆေးဝါးတွေကိုလည်း မှာလို့မရဘူး” ဟု ပြောသည်။
ထို့အပြင် စစ်ရေးအခြေအနေတင်းမာမှု၊ ကုန်စည်သယ်ယူမှုတို့ကို ကန့်သတ်လာမှုများကြောင့် ကုန်ပစ္စည်းတင်ပို့နေကြသော မော်တော်များကိုလည်း လုံခြုံရေးအရ ရပ်တန့်ထားသည်ဟု ရသေ့တောင်မြို့မှ မော်တော်ဘုတ် ပိုင်ရှင်တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ကမ်းထောင်းကြီး၊ ရသေ့တောင်၊ ပန်းမြောင်းစသည့် ဒေသများအပြင် တခြားဒေသများသို့ ကုန်ပစ္စည်းတင်ပို့ခွင့်များကိုလည်း ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကကန့်သတ်ထားသည်။
ပြည်သူလူထုအား ခရီးသွားလာခွင့်ပိတ်ပင်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေး ကြေညာစာတမ်း အပိုဒ် (၁၃) နှင့် ငြိစွန်းနေသဖြင့် မြန်မာ့စစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြုလုပ်နေသည်ဟု သြဂုတ်လ ၂၇ ရက်နေ့ က ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ကလည်း ထုတ်ပြန်ခဲ့သည်။
Western News- WN
https://www.facebook.com/westernnewsagency/posts/615142743625567