By Western News /2022 September 21
ဓာတ်ပုံ- အလုပ်သမားသံအရာရှိရုံး
ဒေါ်လာအတုကိုင်ဆောင်လာမှုကြောင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင် ဖမ်းဆီးခံရသည့် ရခိုင်မှ အမျိုးသမီး ၂ ဦး ပြန်လည်လွတ်မြောက်လာကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေမှတစ်ဆင့်သိရသည်။
အဆိုပါအမျိုးသမီး ၂ ဦးမှာ ရခိုင်ပြည် ပေါက်တောမြို့နယ် ဆင်တမော်ဖက်မှဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းဆီးခံရစဥ် ၎င်းတို့နှင့်အတူ တစ်ခြားအမျိုးသမီး ၂ ဦးလည်းပါဝင်သည်ဟု သိရသည်။
အဆိုပါအမျိုးသမီး ၄ ဦးတွင် Show Money အဖြစ် အေဂျင်စီမှပေးလိုက်သည့် ဒေါ်လာများမှာ အတုများဖြစ်သည်ကို စစ်ဆေးတွေ့ရှိ၍ ဒေါ်လာအတုကိုင်ဆောင်မှုဖြင့် ၄ ဦးလုံးဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကာ ထို ၄ ဦးထဲမှ ရခိုင်မှ ၂ ဦးမှာ ဒေါ်လာအတုပြုလုပ်မှုဖြင့်ပါ ထပ်တိုးတရားစွဲဆိုခံရမှုရှိခဲ့သည်ဟု အလုပ်သမားသံအရာရှိရုံးမှ ဥပဒေအကြံပေးအရာရှိဖြစ်သည့် ဦးအောင်မျိုးသန့်က Western News ကိုပြောသည်။
ဒေါ်လာအတုထုတ်လုပ်မှုဆိုသည်နှင့်ပတ်သက်၍ သက်သေအထောက်အထားတစ်စုံတစ်ရာမပြနိုင်သည့်အတွက် စွဲဆိုရန်မသင့်ကြောင်း ပြောဆိုခဲ့ရာ ယခင် ၂ ဦးနည်းတူပြစ်ဒဏ်ကျခံစေပြီး ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု ဥပဒေအကြံပေးအရာရှိက ဆက်လက်ရှင်းပြသည်။
“၄ ယောက်အတူ အဖမ်းခံရတဲ့အထဲမှာ ၂ ယောက်က ပထမလွတ်သွားတယ်။ နောက် ၂ နှစ်ယောက်ကျတော့ ဒေါ်လာအတုကိုင်ဆောင်တဲ့ပုဒ်မအပြင် ဒေါ်လာအတုထုတ်လုပ်မှုနဲ့ပါစွဲထားတာသိရတယ်။ အဲ့ဒါဟာမဖြစ်သင့်ဘူး။ တရားရုံးကိုလည်း အဲ့ဒီအမှုအတွက် သက်သေတင်ပြနိုင်တာလည်းမရှိတဲ့အတွက် ဒီအမှုကိုရုပ်သိမ်းသင့်တယ်ဆိုပြီး ဒီဖက်ကတင်ပြတော့ ပထမ ၂ ယောက်နည်းတူပဲ ပြန်လွတ်လာခဲ့တာပါ” ဟုပြောသည်။
ဖမ်းဆီးခံရသူ ရခိုင်မှ အမျိုးသမီး ၂ ဦးမှာ မလင်းလင်းဝေ (၂၂) နှစ်၊ ဒေါ်ခင်ယုမေ (၄၂) နှစ် တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူဖမ်းဆီးခံရသူ ၂ ဦးမှာ မပန်းယုမေ (၂၂) နှစ်၊ မဖြိုးဇာဝယ် (၂၅) နှစ်တို့ဖြစ်သည်။
အဆိုပါအမျိုးသမီးများ ချိတ်ဆက်လာသည့် အေဂျင်စီအမည်မှာ ဝေယံထွန်း အမည်ရှိပြီး စစ်ဆေးကြည့်ချက်များအရ တရားဝင်မှတ်ပုံတင်ထားသော အေဂျင်စီတစ်ခုမဟုတ်ကြောင်း မြန်မာသံရုံးမှ တစ်ဆင့်သိရသည်။
မြန်မာနိုင်ငံတွင် အလုပ်ကိုင်ရှားပါးမှုကြောင့် ထိုင်းနှင့် မလေးရှားဖက်သို့ ရွှေ့ပြောင်းလုပ်ကိုင်သူအများအပြားရှိနေပြီး ထိုသို့ရွှေ့ပြောင်းလုပ်ကိုင်ကြရာတွင် ကြားခံအေဂျင်စီများ၏ လိမ်လည်ခြင်းခံရမှုတို့အပြင် တစ်ခြားအကြောင်းအမျိုးမျိုးကြောင့် ယခုကဲ့သို့ ဖမ်းဆီးခံရမှုတို့ အများအပြားရှိနေသည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/609255697547605