By Narinjara /2022 September 20

မြန်မာစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေသည့် မောင်တောဒေသတွင် စစ်ဘေးရှောင်သူဦးရေ ၁၀၀၀ နီးပါးအထိ တိုးလာနေသည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
အဆိုပါစစ်ဘေးရှောင်များသည် မောင်တောမြို့ပေါ်ရှိ သာသနာ့ဗိမာန်၊ မောင်တောမြို့နယ် ရွာသာယာကျေးရွာ၊ အောင်ဗလကျေးရွာနှင့် ရွှေရင်အေးကျေးရွာတို့တွင် ခိုလှုံနေကြခြင်းဖြစ်သည်။
မောင်တောမြို့ပေါ်ရှိ သာသနာ့ဗိမာန်တွင် စက်တင်ဘာလ ၃ ရက်မှစ၍ ဖားဝပ်ချောင်း၊ အောင်သာယာ၊ အောင်မင်္ဂလာ၊ ကြိမ်ချောင်း၊ နံ့သာတောင်၊ မင်္ဂလာညွန့်၊ တောင်ပြို၊ အောင်သပြေ၊ ခမောင်းဆိပ်၊ လောင်းဒုံ၊ ရန်အောင်ပြင်၊ သာယာကုန်း၊ မင်းကြီးရွာ၊ အထက်ပြူးမ၊ တမန်းသား၊ မင်းခမောင်းနှင့် မီးတိုက်အစရှိသည့် ကျေးရွာ ၁၇ ရွာမှ အိမ်ထောင်စု ၂၀၄ စု၊ အမျိုးသား ၂၆၈ ဦးနှင့် အမျိုးသမီး ၃၃၀ ဦး၊ စုစုပေါင်း လူဦးရေ ၅၉၈ ဦးတို့ခိုလှုံလျက်ရှိသည်ဟု သာသနာ့ဗိမာန်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များအရေးကို ကူညီပေးနေသူ ဦးမောင်သာဦးက ပြောသည်။
လက်ရှိတွင် ယင်းသာသနာ့ဗိမာန်တွင် လူများလာ၍ ဖားဝပ်ချောင်းနှင့် အောင်မင်္ဂလာကျေးရွာ ၂ ရွာမှ လူဦးရေ ၂၀၀ ဦးကို မြို့ပေါ်ရှိ မိုးလုံလေလုံ အားကစားခန်းမသို့ အားကစားမှူးခွင့်ပြုချက်ဖြင့် ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် ည ရ နာရီခန့်တွင် ယာယီပြောင်းရွှေ့လိုက်ရပြီး အစားအသောက်ကို သာသနာ့ဗိမာန်က ပို့ပေးနေရသည်ဟု သူက ဆက်ပြောသည်။
“ပုဂ္ဂလိက အဖွဲ့တွေက လာလှူကြတယ်။ လှူတဲ့သူတွေလည်း ရံဖန်ရံခါ လာလှူကြတယ်။ လောလောဆယ်တော့ ရတဲ့အလှူတွေနဲ့ မျှမျှတတ စားဝတ်နေရေးကိုဖြေရှင်းနေရတယ်။ ရွာက ထမင်းထုပ်၊ ရပ်ကွက်လိုက် ထမင်းထုပ်၊ အပိုင်းလိုက်ကောက်ပြီးတော့ တစ်ပတ်မှာ ၂ ခေါက် ပေးရတယ်။ လှူဒါန်းလာတာတွေက ဖူဖူလုံလုံနဲ့ မပြည့်ဝနိုင်သေးဘူး” ဟုပြောသည်။
“နေရေထိုင်ရေးကတော့ ကန့်သတ်ပြီးတော့ နေနေကြရတယ်။ ဝါတွင်းလည်း ဝါတွင်းဆိုတော့။ ဦးဇင်းက အများကြီးလည်း လက်မခံဖြစ်ဘူး။ နိုင်သလောက်ပဲလက်ခံထားတယ်” ဟုမိန့်သည်။
အဆိုပါ စစ်ဘေးရှောင်များအတွက်လည်း တစ်နပ်လျှင် ၂ သိန်းကျစီ ဈေးဝယ်နေရသည့်အပြင် လက်ရှိတွင် အလှူရှင်များနည်းသွား၍ အကူအညီများလိုအပ်နေသည်ဟု ဆရာတော်က ဆက်မိန့်သည်။
“ဦးဇင်းတို့ ဆန်တော့ လခွဲစာလောက်ကျန်သေးတယ်။ ငွေကြေးပဲလိုတယ်။ မိုးလင်းရင် ဈေးဝယ်ဖို့ တစ်နပ်မှာ ၂ သိန်းကျစီကုန်တယ်။ တစ်နပ်မှာ ဟင်းတွေ၊ ငါးတွေဝယ် ဈေးဝယ်ရတာ။ ဆန်၊ ဆီ၊ ဆား မပါသေးဘူး။ တစ်နပ်ကို ဈေးပြုဖို့ ၂ သိန်းစီသတ်မှတ်ထားတယ်။ အဝတ်အစားတွေလိုတယ်။ ငါးခြောက်တွေ လိုတယ်။ ဦးဇင်းတို့က ငါးစိမ်းနဲ့ တစ်နပ်ကျွေးတယ်။ ငါးခြောက်နဲ့ တစ်နပ်စီကျွေးတယ်။ အာလူးတွေ အဲဒါတွေလိုတယ်။ အလှူရှင်တွေကလည်း နည်းသွားတယ်။ NGO တွေလည်း ပိတ်လိုက်တော့ ရေရှည်မှာတော့ မလွယ်ဘူး” ဟု မိန့်သည်။
အလားတူ နောက်ထပ် ရွှေရင်အေးကျေးရွာတွင်လည်း စစ်ဘေးရှောင် အိမ်ထောင်စု ၃၁စု၊ ကျား ၃၅ ဦး၊ မ ၅၇ ဦး၊ စုစုပေါင်း လူဦးရေ ၉၂ ဦးနှင့် သြဂုတ်လ ၃၀ ရက်က မီးရှို့ခံခဲ့ရသည့် ခမောင်းဆိပ်ကျေးရွာ ဗောဓိအလင်း ပရဟိတကျောင်းမှ ဆရာ/မများနှင့် ကျောင်းသား/သူ စုစုပေါင်း ၅၅ ဦးသည်လည်း ရွာသာယာကျေးရွာတွင် ခိုလှုံလျက်ရှိသည့်အပြင် ယနေ့တွင်လည်း ထပ်တိုးစစ်ဘေးရှောင်များ ရှိသေးသည်ဟု သိရသည်။
ယင်းအပြင် နီးစပ်ရာကျေးရွာများမှ ဆွေမျိုးအိမ်များတွင် နေထိုင်သူများ ပါရှိသည့်အတွက် မောင်တောတွင် စစ်ဘေးရှောင် ၁၀၀၀ နီးပါးအထိ တိုးလာနေခြင်းဖြစ်သည်။
ရခိုင်တွင် မြန်စစ်တပ်နှင့် AA တို့အကြား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလဆန်းမှ စ၍ တစ်နှစ်ကျော်အကြာ ရပ်နားခဲ့သည့် စစ်ပွဲများမှာ ယခုနှစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်မှ စတင်ကာ တကျော့ပြန်လည် ဖြစ်ပွားခဲ့သည်။
ယင်းအပြင် ဇူလိုင်လ ၁၈ ရက်က မောင်တောမြို့နယ် ဆောင်ပညာရွာနှင့် စံကားပင်ရင်းရွာကြားတွင်တစ်ကြိမ်၊ ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာကြားတွင် တစ်ကြိမ်အသီးသီးတိုက်ပွဲဖြစ်ပွားလာခဲ့သည်။
ယင်းသို့ တိုက်ပွဲများဖြစ်ပွားလာခဲ့ရာတွင် သြဂုတ်လနောက်ပိုင်းမှစတင်ကာ AA က စစ်ကောင်စီနယ်ခြားစောင့်တပ်စခန်းများကိုပါ သိမ်းယူမှုများရှိလာသည့် အတွက် စစ်ကောင်စီတပ်က စခန်းပြန်လည်ရရှိရေးအတွက် စစ်ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် အပြင်းအထန် တိုက်ခိုက်ခြင်းများ၊ ကျေးရွာများအနီးသို့ ဗုံးကြဲခြင်းများရှိနေ၍ ဒေသခံ ပြည်သူများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာရခြင်းဖြစ်သည်။
(NN-3)
https://www.facebook.com/narinjara.info/posts/5828165230528839