တရုတ်ရေနံဆိပ်ကမ်းတည်ရှိသည့် မဒေးကျွန်း၌ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်းဖွဲ့စည်းထူထောင်

By Narinjara /2022 September 1

တရုတ်ရေနံဆိပ်ကမ်းရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် နောက်ထပ် တရုတ်စီမံကိန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော်ရန် စီစဉ်နေရာ ၎င်းစီမံကိန်း ကိစ္စများနှင့်ပတ်သက်၍ ကျွန်းပေါ်နေ ပြည်သူများ ကိုယ်စား ပြောဆိုဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး “မဒေးကျွန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း”ကို ဖွဲ့စည်းလိုက်ကြသည်ဟု သိရသည်။

အဆိုပါအသင်းကို ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်က မဒေးကျွန်းအုပ်စု ဘုန်းတော်ကြီးကျောင်းတွင် မဒေးကျွန်းဒေသခံ ၁၀၀ ကျော်ခန့်နှင့် ပူးပေါင်း၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ မဒေးကျွန်းတွင် အကောင်အထည်ဖော်နေသည့် အထူးစီးပွားရေး ဇုန်တွင် ပါဝင်သည့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန်ကိစ္စနှင့်ပတ်သက်၍ အများပြည်သူသိရှိစေရန်ဟုဆိုကာ ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်က မဒေးကျွန်းတွင် လူထုတွေ့ဆုံပွဲတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ရေနက်ဆိပ်ကမ်းစီမံကိန်းကို တာဝန်ယူ ဆောင်ရွက်နေသည့် CITIC consortium Myanmar Port Investment ကုမ္ပဏီဘက်မှ မဒေးကျွန်းဒေသခံများအတွက် အဆင်ပြေစေဖို့ အလုပ်အကိုင် အခွင့်အလမ်းများ ပေးအပ်မည်ဆို၍ ပြောဆိုသွားခဲ့သော်လည်း ပွင့်လင်း မြင်သာစွာ တိတိကျကျဆွေးနွေးသွားခြင်းမရှိခဲ့ဟု တက်ရောက်ခဲ့သူများက ပြောသည်


“အခု အဓိကလုပ်ဆောင်မှာက မဒေးကျွန်းပေါ်မှာ အဓိကလုပ်ဆောင်နေတဲ့ CITIC က ပွင့်လင်း မြင်သာမှုမရှိတဲ့ကိစ္စတွေကို ကျနော်တို့ ဒီအသင်းက စာပို့ပြီးတော့ ဒေသခံတွေနဲ့ ဆွေးနွေးပွဲလုပ်ပြီး ဒေသခံတွေရဲ့ လိုအပ်ချက် တွေကို ဆက်ပြီးတောင်းဆိုသွားမှာကို ပထမအစီအစဉ်အနေနဲ့ လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟုပြောသည်။

လက်ရှိ အဆိုပါအဖွဲ့တွင် မဒေးကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် မဒေးကျွန်း ကျောင်းဆရာတော်တို့က နာယကအဖွဲ့ဝင်များအဖြစ် ပါ၀င်ထားပြီး မဒေးကျွန်း ဒေသခံအများအပြားလည်း အဖွဲ့ဝင်များအဖြစ်ပါ၀င်ကြောင်း သိရသည်။

အဆိုပါအသင်းအဖွဲ့က မဒေးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မဒေးကျွန်း ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးတို့အတွက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်က မဒေးကျွန်းဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့သည့် CITIC ကုမ္ပဏီနှင့် ဒေသခံလူထုတွေ့ဆုံဆွေးနွေးပွဲတွင် ဒေသခံများ၏စကားသံကို သေချာဆွေးနွေးပြောပြခွင့်မရခဲ့ဘဲ CITIC ကုမ္ပဏီ၏လုပ်ငန်းစဉ်များကိုလည်း ပွင့်လင်းမြင်သာစွာချပြခဲ့ခြင်းမရှိခဲ့ကြောင်း ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် ဒေသခံတစ်ဦးကလည်း ပြောဆိုသည်။

“သူတို့ပြောချင်တာတွေပဲ ပြောသွားတယ်။ ကျနော်တို့ မေးတဲ့ မေးခွန်းတွေကို ကျတော့ သေချာ တိကျတဲ့အဖြေမပေးဘူး။ ကျနော်တို့က ရေလုပ်သားတွေ ဖြစ်တဲ့အတွက် သူတို့ သင်္ဘော ပင်လယ်မှာကပ်ထားချိန်ဆိုရင် ငါးရှာ ထွက်လို့မရဘူး။ ကျနော်တို့ဒေသခံတွေအတွက် အခက်အခဲတွေ အများကြီးရှိတယ်။ ကျနော်တို့ကို အလုပ်ပေးမယ်ဆိုရင်လည်း ရေရှည်သွားလို့ရမယ့် အလုပ်ပဲ ပေးစေချင်တယ်။ ကျနော်တို့မှာ အလုပ်အကိုင်တွေဆုံးရှုံးထားရတာလေ။ သူတို့က ဒေသခံတွေ အတွက် ဟိုလုပ်ပေးမယ်၊ ဒီလုပ်ပေးမယ်ဆိုပြီး တခုမှသေချာဖြစ်လာတာမရှိဘူး” ဟုပြောသည်။

မဒေးကျွန်းရေနက်ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းရေနက်ဆိပ်ကမ်း စီမံကိန်း အစိတ်အပိုင်းများအဖြစ် ရေနက်ဆိပ်ကမ်းရှိရာ ကျွန်းနှစ်ကျွန်းကို ဆက်သွယ်မည့် ၁၅ ကီလိုမီတာအရှည် ၄ လမ်းမောင်း လမ်းနှင့် တံတားတည်ဆောက်ရေး လုပ်ငန်းများအတွက် စီမံကိန်း ကုမ္ပဏီကိုယ်စား သဘာဝပတ်ဝန်း ကျင်နှင့် လူမှုစီးပွားရေးအပေါ် အကျိုးသက်ရောက်မှု လေ့လာဆန်း စစ်ချက်ကို CITIC consortium မှ ဆောင်ရွက်ခွင့် ရရှိထားသည်ဟု သိရသည်။

အဆိုပါမဒေးကျွန်းတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန််နှင့် အခြား စီမံကိန်းများလည်း လုပ်ဆောင်လျက်ရှိကြပြီး ဒေသခံများအတွက် အလုပ်အကိုင်ရေရေရာရာအတည်တကျမရရှိခြင်းနှင့် ဒေသဖွံ့ဖြိုး တိုးတက်မှုနောက်ကျပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲနေသည်ဟု ၎င်းတို့က ပြောဆိုသည်။

၎င်းပြင် ဒေသအတွင်း ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားရန် ကျောင်းဆောင်သစ်များ လိုအပ်နေသလို ကျောင်းသို့သွားလာရာတွင် အသုံးပြုနေရသည့် လမ်းများမှာလည်း ဆိုးရွားစွာပျက်စီးမှုများ ရှိနေသည်ဟု သိရသည်။

အဆိုပါစီမံကိန်းများကို မဒေးကျွန်းတွင် အကောင်အထည်မဖော်ခင်က ဒေသတိုးတက်ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလန်းများပေး ဖန်တီး ပေးမည်ဟုဆိုသော ကတိကဝတ်များမှာလည်း လက်ရှိတွင် ပျောက်ဆုံးနေသည့် အပေါ် ဒေသခံများက မေးခွန်းထုတ်ဝေဖန်ပြောဆိုမှုများ ပေါ်ပေါက်နေသည်။

လက်ရှိတွင် အဆိုပါ စီမံကိန်းအတွက် ကျောက်ဖြူဒေသခံပြည်သူများထံမှ လယ်မြေဧက အများအပြားကို တန်ဖိုးငွေအနည်းငယ်ပေးပြီး သိမ်းယူရန် စီစဉ်နေသဖြင့် လယ်မြေများ အသိမ်းခံရမည်ကို ဒေသခံများ စိုးရိမ် နေကြသည်ဟုလည်း ဒေသခံ လယ်သမားများက ပြောကြားသည်။ (NN-8)

https://www.facebook.com/narinjara.info/posts/5775284509150245

Leave a Reply

Your email address will not be published.