ညင်းတောင်ရွာနားက လယ်တွေကိုသွားရင် စစ်တပ်က သေနတ်နဲ့လှမ်းပစ်တယ်လို့ ဒေသခံတွေပြော

By Voice Of Westland/2022 September 12

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မညင်းတောင်ကျေးရွာနားက လယ်တွေအနားကိုသွားရင် စစ်တပ်ကသေနတ်နဲ့ လှမ်းပစ်တာတွေရှိတဲ့အတွက် ဒေသခံတွေအနေနဲ့ လယ်ယာလုပ်ဖို့ ခက်ခဲနေတယ်လို့ ဆိုကြပါတယ်။

ပြိန်းတောကျေးရွာသားတွေဟာ သူတို့ပိုင်တဲ့ မညင်းတောင်အောက်က လယ်တွေမှာ အလုပ်လုပ်ဖို့သွားတဲ့အချိန် စစ်ကောင်စီတပ်တွေက သေနတ်နဲ့လှမ်းပစ်တာတွေရှိတယ်လို့ စစ်တပ်က လှမ်းပစ်တာကို ကိုယ်တိုင်ခံခဲရသူ   ဒေသခံတစ်ယောက်က VOW ကိုအခုလိုပြောပါတယ်။

“မညင်းတောင်အောက်မှာ ဒီရွာကလူတွေရဲ့ လယ်တွေရှိတယ်။ အဲ့ဒီအနားတွေတော့မသွားရဲကြဘူး သွားရင်တော့ပစ်တယ်။ ညဘက်တွေလည်း ပစ်ခတ်သံတွေကြားရတယ်။ တိုက်ပွဲဖြစ်လို့ပစ်တဲ့အသံတွေလိုတော့မဟုတ်ဘူး”လို့ သူကပြောပါတယ်။

မညင်းတောင်၊ ပြိန်းတော၊ ညောင်ပင်လှရွာနားတွေမှာ ဩဂုတ်လအတွင်းက AAနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီး ပြိန်းတောရွာမှာလည်း လယ်သမားအချို့ပဲ ကျန်ခဲ့ကြတယ်လို့ နောက်ထပ် ဒေသခံတစ်ယောက်က VOW ကို အခုလိုပြောပါတယ်။

“ကျနော်တို့ရွာမှာက လူဦးရေထောင်ကျော်ပြီးရှိတာ အခုဆိုရင် (၃၀)ကျော် (၄၀)လောက်ပဲရှိတော့တယ်။ ကျန်ခဲ့တဲ့လူတွေလည်း လယ်သမားတွေပဲရှိတယ်။ ငယ်ရွယ်တဲ့ လူငယ်ပိုင်တွေကျတော့ ရွာမှာလည်းမထားရဲဘူး” လို့ သူကပြောပါတယ်။

အခုလက်ရှိမှာ တိုက်ပွဲဖြစ်တာတွေမရှိပေမယ့်လည်း တိုက်ပွဲဖြစ်လာခဲ့လို့ရှိရင် ပြေးစရာလမ်းကြောင်းက မြစ်ကြောင်းတစ်ခုပဲရှိတဲ့အတွက် ကြိုတင်ပြီးရှောင်ပြေးနေရတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အခုလိုထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံတွေဟာ ကိုယ်နဲ့နီးစပ်ရာကျေးရွာတွေနဲ့ ရသေ့တောင်မြို့ပေါ်က ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၃၀) ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး ထောင်နဲ့ချီတဲ့ဒေသခံပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

https://www.facebook.com/VOW2ppl/posts/190020913417294

Leave a Reply

Your email address will not be published.