By Border News Agency/2022 September 8

(ဓာတ်ပုံ-ရန်ကုန်မြို့ရှိ ဦးဥတ္တမပန်းခြံမှာတွေ့ရတဲ့ ဆရာတော်ဦးဥတ္တမရုပ်တု)
မြန်မာနိုင်ငံကား ပဒေသရာဇ်သက်တမ်းရှည်ကြာခဲ့သည့် နိုင်ငံဖြစ်သည်။ထို့အပြင် ဗြိတိသျှလက်အော က်ခံဘဝတွင် ကာလရှည်ကြာရှိနေခဲ့သော နိုင်ငံဖြစ် သည်။သို့ဖြင့်မြန်မာပြည်သူများသည် ပဒေသရာဇ်ခေတ်တလျှောက်လုံး အုပ်ချုပ်သူဘုရင်၏ ဦး ဆောင်ရာနောက်တွင်သာ ရောယောင်နောက်လိုက်နေခဲ့ကြသူများ ဖြစ်ကြသည်။
ဗြိတိသျှ နယ်ချဲ့တို့လက်အောက်တွင်လည်း ဖိနှိပ်မှု၊ အကြောက်တရားများ၏ လွှမ်းမိုးမှုအောက်တွင် နေခဲ့ရသူများဖြစ်ရာ နောက်လိုက်များအဖြစ် ငြိမ်ဝပ်ပိ ပြားစွာ နေထိုင်ခဲ့သည့်အကျင့် စရိုက်များစွဲလန်းရှိ နေခဲ့ကြသည်။
ပညာရှင်များက ထိုလူ့အဖွဲ့အစည်းကို ငြိမ်သက်နေသော ကြိုးတစ်ချောင်းနှင့် ဥပမာပေးထာသည်ကို သိရှိမှတ်သားရဖူးသည်။ထိုလူ့အဖွဲ့အစည်းသည် ကြီး မားသောအင်အားတစ်ခုဖြစ်လင့်ကစား ကြိုးဖြစ်နေသည့်အတွက် သူ့ကိုယ်ပိုင်အစွမ်းအစဖြင့် ရွေ့လျားနိုင်ခြင်းမရှိ။
ထို့အတူ ထိုကြိုးကိုရွေ့သွားချင်သည်ဆိုသည့်တိုင် နောက်ကနေတွန်း၍ လည်းမရ။နောက်ကနေ တွန်းလိုက်လျှင် တွန့်ခွေသွားမည် ဖြစ်သည်။ထိုကြိုးကို ရွေ့သွားစေချင်သည်ဆိုလျှင် ရှေ့ကနေ ဦးဆောင်ဆွဲခေါ် သွားမှရတတ်သည်။ဆိုရလျှင် နိုင်ငံများအ တွင်း နေထိုင်ကြသည့် ပြည်သူလူထုဆိုသည်မှာတစ် ဦးချင်းအနေဖြင့် အာဏာမရှိနိုင်။သို့ရာတွင် စုပေါင်းလိုက်သောအခါ ကြီးမားသောအင်အားတစ်ခု ဖြစ်ပေါ်စေသည်။
ငြိမ်သက်နေသော ကြိုးတစ်ချောင်းနှင့်တူသည့် လူ့အဖွဲ့အစည်းကြီး လှုပ်ရှားလာစေရန် ဦးဆောင်မှုပေးနိုင်သည့် ခေါင်းဆောင်များကသာ စွမ်းဆောင် နိုင်ပေသည်။
ဆရာတော်ဦးဥတ္တမ
မြန်မာနိုင်ငံလွတ်လပ်ရေး သမိုင်းကြောင်းကို ပြောကြ၊ရေးကြလျှင် ငြိမ်သက်နေသော ကြိုးတစ်ချောင်းနှင့်တူသည့် မြန်မာ့လူ့အဖွဲ့အစည်းအား နိုးထလာစေရန် လှုံ့ဆော်ခေါင်းဆောင်မှုပေးခဲ့သော ဆရာတော်ဦးဥတ္တမအကြောင်းကို ချန်လှပ်ထား၍ ရမည်မဟုတ်ပေ။
မြန်မာပြည်သူတို့၏ ရင်ထဲ၌ လွတ်လပ်ရေး စိတ် ဓာတ်များကိန်းအောင်းရှင်သန်လာစေရန် မျိုးစေ့ချ ပျိုးထောင်ပေးခဲ့သူအဖြစ် အမှတ်တရရှိနေကြမည်ဖြစ်သည်။ဆရာတော်ဦးဥတ္တမ (၁၇၈၉ -၁၉၃၉) ပျံလွန်တော်မူခဲ့သည်မှာ ၂၀၂၂ ခု စက်တင်ဘာလ ၉ ရက်နေ့တွင် နှစ်ပေါင်း ၈၄ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။
ဆရာတော်၏ ဘဝသက်တမ်းတလျှောက် နိုင်ရေးဆောင်ရွက်ခဲ့သည်မှာ ၁၉၁၇ ခုနှစ်မှ ၁၉၃၇ နှစ်ခုနှစ်အထိ နှစ်ပေါင်းနှစ်ဆယ် မျှရှိခဲ့လေရာ ဤကာလအတွ င်း မြန်မာနိုင်ငံ၏ သမိုင်းကြောင်းမှာလည်းစိတ်ဝင်စားဖွယ်ရာများရှိပြီး သမိုင်းသင်ခန်းစာ ရယူစရာများလည်း မြောက်များစွာ ရှိခဲ့သည်။
လောကတွင် လူသုံးမျိုးရှိသည်ဟုဆိုသည်။ပထမတစ်မျိုးမှာလောကကြီးတွင် ဘာဖြစ်နေသည်ဆိုခြင်းကို မသိသောလူမျိုးဖြစ်ပြီး၊ဒုတိယတစ်မျိုးမှာ ဖြစ်နေသည်ကို စောင့်ကြည့်နေတတ်သော လူမျိုးဖြစ်သည်။တတိယတစ်မျိုးမှာ တစ်စုံတစ်ရာဖြစ်အောင် ဆောင်ရွက်နိုင်သော လူမျိုးဖြစ်သည်။
ဆရာတော်၏ ဘဝအားလေ့လာသောအခါ ဆရာ တော်သည် အများအကျိုးအတွက်၊အများအကျိုးဆိုရာ၌လည်း တစ်မျိုးသား၊တစ်ပြည်ထောင်အတွ က် မဟုတ်ဘဲ၊နယ်ချဲ့ကိုလိုနီလက်အောက်၌ စုန်းစုန်းမြုပ်နေသော အာရှတိုက်ကြီး လွတ်လပ်ရေးကို မျှော် မှန်းခဲ့သော မွန်မြတ်သော စိတ်ဓာတ်ကိုတွေ့ရသည်။
ဆရာတော်သည် လောကတွင်ရှိနေသော လူသုံးမျိုးအနက် တစ်စုံတစ်ရာကို ဖြစ်အောင် ဦးဆောင်လုပ် ကိုင် ဆောင်ရွက်ပေးခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်။
ဆရာတော်သည် လူအများပြောကြသော လူတို့ ၏ အထင်လွဲ၊အမြင်လွဲဖြစ်စေတတ်သော နိုင်ငံရေးဆို သည်ထက် အဖိနှိပ်ခံပြည်သူများ၏ ဘဝနှင့်နီးကပ်ဆက်စပ်သည့် ပတ်ဝန်းကျင်ဖြစ်သော တိုင်းရေး ပြည်ရေးဟုဆိုအပ်သည့် နိုင်ငံ့အရေးကိုသာ တစ်စိုက်မတ်မတ်လုပ်ကိုင် ဆောင်ရွက်သွားခဲ့သည့် ပုဂ္ဂိုလ်လည်း ဖြစ်သည်။
ဤဆောင်ရွက်ချက်များကြောင့်ပင် ဆရာတော်အား ရဟန်းရှင်လူ ပြည်သူအများ ယုံကြည်လေးစားမှုများ မြင့်တက်လာခဲ့သည်။ဆရာတော်တွင် အာဏာဟူ၍ တစိုးတစိမရှိခဲ့သော်လည်း ပြည်သူများအပေါ် သြဇာညောင်းခဲ့သည်။
ဆရာတော်၏ အရှိန်သြဇာကြောင့် တိုင်းသူပြည် သားတို့ နိုးကြားလာပြီး စုစည်းမိလာကြသည်။ဆရာတော်၏ ဦးဆောင်မှုနောက်တွင် ရဟန်းရှင်လူ၊ ပြည်သူများစွာတို့ ပါ၀င်လာခဲ့ခြင်း လည်းဖြစ်သည်။
ဆရာတော်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းမှ ၁၉၅၆ ခု မေလတွင် ထုတ်ဝေသည့် နှစ်ငါးဆယ် ကမ္ဘာ့ရေးရာ(၁၉၀၀-၁၉၅၀)တွင် အော က်ပါအတိုင်း မှတ်တမ်းတင် ဖော်ပြထားသည်ကို တွေ့ရသည်။
ဆရာတော် ဦးဥတ္တမသည် ကျဉ်းမြောင်းနုံနဲ့သော အ မျိုးသားစိတ်ဓာတ်များ လွှမ်းခြုံနေစဉ်ပင် လွတ်လပ် ရေး စိတ်ဓာတ်ကား တစ်မျိုးသားတည်း၊တစ်ပြည် ထောင်တည်းအတွက်သာမဟုတ် နယ်ချဲ့ကိုလိုနီလ က်အောက်၌ စုန်းစုန်းမြုပ်နေသော အာရှတိုက်ကြီး တစ်ခုလုံးအတွက်ဖြစ်သည်ဟု စွဲမက်ယုံကြည်ရုံမက နယ်ချဲ့၏ အာဏာကိုရဲရဲ ကြီးတွန်းလှန်ခဲ့၏။နယ်ချဲ့ ၏ အင်အားဖြင့် ဖိနှိပ်ခဲ့သမျှသော ဆင်းရဲဒုက္ခအမျိုးမျိုးတို့ကို မတွန့်မဆုတ်ခံယူခဲ့၏။
ဆရာတော်၏ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသားတို့သည် အိပ်သောယောကျ်ား၊ နိုးသောလားသို့ လွတ်လပ်ရေးလမ်းစကို မြင်ကြရ၏။
ဆရာတော်ကား ယခုမြန်မာနိုင်ငံတော်သူ၊နိုင်ငံတော်သားတို့ထံ လက်ဆုပ်လက်ကိုင် အပိုင်ရ၍ခံစား၊ စံစားနေရသော အချုပ်အခြာအာဏာပိုင် လွတ်လပ် ရေးဗိမာန်ကြီးကို အစဦးစွာပန္နက်ချခဲ့သော အာဇာ နည် မျိုးချစ်ပုဂ္ဂိုလ်ကြီးပေတည်း။
မှန်ပါသည်။ဆရာတော် ဦးဥတ္တမသည် ဂျပန်နိုင်ငံ၊အိန္ဒိယနိုင်ငံများသို့ သွားရောက်ခဲ့သည်။အိန္ဒိယနိုင်ငံ ၏ လွတ်လပ်ရေးလှုပ်ရှားမှုများကို သိမြင်ခဲ့ရသည်။
အဆိုပါနိုင်ငံများ၏ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားတက်ကြွမှု၊လွတ်လပ်ရေးအတွက် ဆောင် ရွက်နေမှုအတွေ့အကြုံများဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီးနောက် သူရိယသတင်းစာ၌ ဆောင်းပါးများရေးသားခြင်းဖြင့် မြန်မာပြည်သူများ၏ မျိုး ချစ်စိတ်နှင့်လွတ်လပ်ရေးအသိအမြင်ကို နိုးကြား လာစေခဲ့သည်။
ဆရာတော်အား ကြည်ညိုသူအများတို့က ဆရာ တော်အား ပင့်ဖိတ်၍ ဓမ္မသဘင်တရားပွဲများကျင်းပ ခဲ့ကြသည်။ဆရာတော်၏ သူရိယသတင်းစာတွင် ရေးသားချက်များ၊ပြတ်သားသောစကားများက ပြည်သူများ၏ ရင်ကိုထိုးဝင်စူးရှစေခဲ့သည်။
ဆရာတော် ဦးဥတ္တမ၏ သူရိယသတင်းစာမှ အမျိုး သားရေး လှုံ့ဆော်ရေးသားမှုများ၊ဟောပြောမှုများကြောင် ဝိုင်အမ်ဘီအေအသင်းသည် ဗုဒ္ဓဘာသာနှင့် အ မျိုးသားရေးဝါဒကို ချိတ်ဆက်မိသွားသည်။အသင်း၀င်များ နိုးကြားလာခဲ့ပြီး ဘုရားပေါ် ဖိနပ်မစီးရဲတိုက်ပွဲ (၁၉၁၅-၁၉၁၉)အပါအဝင်၊ရေနံမြေသပိတ်တိုက်ပွဲ၊ ၁၉၂၀ ပထမကောလိပ်ကျောင်း သားသပိတ်၊ဆရာစံတော်လှန်ရေးစသည်များ ဖြစ်ပေါ်စေခဲ့သည်အထိ မြန်မာပြည်သူများ စည်းလုံးညီ ညွတ်မှုရှိခဲ့ကြသည်။
သင်ခန်းစာယူစရာ
ထိုကဲ့သို့ ဝိုင်အမ်ဘီအေအသင်းကြီး၏ ဦးဆောင်မှုဖြင့် စည်းလုံးညီညွတ်မှု ရှိခဲ့ကြသော်လည်း ၁၉၂၂ ခု နှစ်လယ် လောက်တွင် ဒိုင်အာခီနှင့်ဟုမ္မရူး ပြဿနာ အရှုပ်အထွေးကြောင့် ဝိုင်အမ်ဘီအေအသင်း ကြီးကွဲပြဲခဲ့သည်။
ပြည်သူများ စည်းလုံးမှုဝါးအစည်းပြေသကဲ့သို့ ဖြစ်ခဲ့ရသည်။ထို့နောက် သခင်အစည်းအရုံးပေါ်ပေါက်ကာ ပြည်သူများစည်းလုံးမှုရှိလာခဲ့ပြီး ၁၉၄၅ ခုနှစ် ဂျပန်တော်လှန်ရေးကို စည်းလုံးညီညွ တ်စွာဆင် နွှဲနိုင်ခဲ့သည်။
ဂျပန်တော်လှန်ရေးကာလက ဖွဲ့စည်းခဲ့သော ဖတပလကိုအမည်ပြောင်းကာ ဖဆပလကိုဖွဲ့ စည်းခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုအောက်တွင် တစ်နိုင်ငံလုံးတိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စည်း လုံးညီညွတ်မှု ရရှိလာခဲ့ကြသည်။မြန်မာ့လွတ်လပ် ရေးကို အရယူနိုင်ခဲ့သည်။
သို့ရာတွင် ဂျပန်တော်လှန်ရေးအပြီးမှ စတင်ကာ မြန်မာနိုင်ငံရေးပါတီတို့မှာ အကွဲအပြဲများဖြင့် ရှိနေခဲ့သည်။အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရှိစဉ်ကပင် ဖဆပလအဖွဲ့အစည်းသည်လည်း ကွန်မြူနစ်၊ဆိုရှယ်လစ်အကွဲအပြဲဖြင့် စည်း လုံးညီညွတ်မှု ပျက်ပြားခဲ့သည်။
ကွန်မြူနစ်ပါတီသည်ပင် သခင်စိုးခေါင်းဆောင်သော အလံနီပါတီ၊သခင်သန်းထွန်းခေါင်းဆောင်သော အလံဖြူပါတီဟု ကွဲသွားခဲ့ကြသည့်ပြင် ဖဆပလအတွင်း ကျန်ခဲ့သောသူများသည်လည်း ရဲဘော်ဖြူ၊ရဲဘော်ဝါ၊ဆိုရှယ် လစ်စသည်ဖြင့် အကွဲအပြဲများကို ဖြစ်ပေါ်စေခဲ့ပြန်သည်။
ဖဆပလ-ကွန်မြူနစ် အကွဲအပြဲကြောင့် ပြည်တွင်း စစ်မီးကြီး တောက်လောင်ခဲ့ရသည်။ထိုစဉ်က အာ ဏာရပါတီ ဖြစ်သော ဖဆပလအကွဲအပြဲကြောင့် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်ပါ၀င်လာခဲ့ကာ မရှင်းနိုင်၊မလင်းနိုင်သော နိုင်ငံရေးအရှုပ်အထွေးများ ဖြစ်ပေါ်လာခဲ့ရသည်။
သူတစ်ပါးလက်အောက် ဗြိတိသျှအစိုးရကိုလိုနီခေတ်၊လွတ်လပ်ရေးတိုက်ပွဲဝင်ကာလ၊လွတ်လပ် ရေးရပြီးနောက်ပိုင်းကာလများတွင် ဖြစ်ပျက်ခဲ့သည့် အကွဲအပြဲဇာတ်လမ်းများကား ပြည်သူများအတွက် သင်ခန်းစာရယူ နိုင်သည်များပင် ဖြစ်သည်။
တည်ငြိမ်အေးချမ်းသော ကာလများရှိခဲ့သော်လည်း အဆိုပါကာလများကို ကောင်းစွာအသုံးချနိုင်ခြင်း မရှိခဲ့ကြသည်မှာလည်း သံဝေဂယူဖွယ်ပင်ဖြစ် သည်။အထူးသဖြင့် နိုင်ငံခေါင်းဆောင်ဆိုသူများ သတိ ထားဆင်ခြင်သင့်ကြသည်။
မြန်မာနိုင်ငံရေးသမိုင်းသည် အကွဲအပြဲဇာတ်လမ်းများဖြင့် ဇာတ်လမ်းရှုပ်နေခဲ့ကြသည် အထူးသဖြင့်အာဏာလွန်ဆွဲမှုများ၊ပါတီအချင်းချင်း၊ပုဂ္ဂိုလ်အ ချင်းချင်း အားပြိုင်ရာမှ ဖြစ်ပေါ်လာသော အကွဲအ ပြဲဇာတ်လမ်းများမှာ မြန်မာနိုင်ငံသူ့ကျွန်ဘဝသို့ ရောက်ခဲ့ရသည်။သူ့ကျွန်ဘ၀ရောက်ခဲ့ခြင်းမှာ ပြည် တွင်းမညီညွတ်မှုအပြင် ပြည်ပအားကိုးခဲ့သည့် အကြောင်းတစ်ချက်လည်းပါသည်။
မြန်မာပဒေသရာဇ်တို့၏ နေဝင်ချိန်ကာလသီပေါဘုရင်ကိုမကြိုက်သော ပြည်သူအများစုတို့သည် မိမိတို့လိုလားသော အခြားမင်းသားတစ်ပါးကို ပြည်ပနိုင်ငံ သားများက ချီပင့်ခေါ်ယူလာကာ နန်းတင်ပေးမည်ကို မျှော်ကိုးယုံစားခဲ့ကြသည်။
နိုင်ငံကို သိမ်းပိုက်ရန် အကြံဖြင့်ချီတက်လာနေသော ဗြိတိသျှတို့အား စွမ်းစွမ်းတမံတိုက်ခိုက်ခြင်းမပြုခဲ့ကြသဖြင့် မြန်မာဘုရင်အား အလွယ်တကူဖမ်းယူရရှိကာ မြန်မာနိုင်ငံအားသိမ်းပိုက်သွားနိုင်ခဲ့သည်။
စက်တင်ဘာလ ၉ ရက်နေ့သည် ဆရာတော်ဦးဥတ္တမပျံလွန်တော်မူခဲ့သည့်နေ့ဖြစ်သည်။ဆရာတော် ဦးဥတ္တမကိုလည်း အာရှ၏နေဝန်းနီ၊မြန်မာ့လွတ်လပ် ရေးအတွက် မျိုးစေ့ချပေးသူ၊လွတ်လပ်ရေး၏ မီး ရှူးတန်ဆောင်၊မျိုးချစ်အာဇာနည် စသည့်ဂုဏ်ပုဒ်များဖြင့် ချီးကျူး ဂုဏ်ပြုလျက်ရှိနေကြသည်။
ဆရာတော် ပျံလွန်တော်မူခဲ့သည်မှာ နှစ်ပေါင်း ၈၀ ကျော်ရှိခဲ့ပြီ။ဆရာတော်ကြုံ တွေ့ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများ၊လွတ်လပ်ရေးရပြီး ကြုံ တွေ့ခဲ့ရသော အဖြစ်အပျက်များသည် သမိုင်းသင် ခန်းစာများပင်ဖြစ်ကာ တိုင်းပြည်၏နောင်ရေးအ တွက် သင်ခန်းစာယူစရာများ ရယူနိုင်ကြသည်။
ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။မြန်မာပြည်သူများအား အမျိုးသားရေးစိတ်ဓာတ်နှင့် လွတ်လပ် ရေးစိတ်ဓာတ်ကို မျိုးစေ့ချမှတ်ပေးသူလည်းဖြစ် သည်။နိုင်ငံရေးနှင့်ပတ်သက်၍ ထင်ရှားသောပုဂ္ဂိုလ်များနှင့်ဆက်စပ်ကာ နောက်ကြောင်းဆိုင်ရာ သမိုင်း ကြောင်းတွေ ရှိကြသည်။ထိုသမိုင်း ကြောင်းဆိုင်ရာ အချက်အလက််များတွင် ကောင်းသည်လည်းရှိမည်၊ဆိုးသ ည် လည်းရှိမည်။နာကျည်းစရာများလည်းရှိချင်ရှိမည်။
သမိုင်းကြောင်းကို ပြောင်းသုံးသပ်သောအခါ အဖြ စ်အပျက်များမှကောင်း သောသင်ခန်းစာများကိုရ ယူ နိုင်အောင် ကြိုးစားတတ်ကြရန်လိုသည်။သမိုင်း ကို သိအောင်လေ့လာခြင်းမှာ မအအောင်ဟုဆိုသည် ။ဖြစ်ပျက်ခဲ့သော သမိုင်းထဲမှ မိမိတို့ သင်ခန်းစာရယူနိုင်တတ် ကြဖို့လိုသည်။
သမိုင်းသင်ခန်းစာဟူသည်မှာ နာကျဉ်းစရာများကိုစဉ်းစားပြီးအခဲမကျေ ဖြစ်နေကြဖို့မဟုတ်။ဖြစ်ပျက်ခဲ့သည်များမှ အမှား၊အမှန်ကို စဉ်းစားဆင်ခြင်နိုင်ဖို့ ပင်ဖြစ်သည်။ယနေ့ ဆောင်ရွက်နေသော အမျိုးသားရင်ကြားစေ့ရေး၊ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့မည်ပုံ ပါ၀င်ရမည်ဆိုသည်ကို သင်ခန်းစာထုတ် လေ့လာဆင်ခြင်နိုင်ကြစေလိုကြောင်း တိုက်တွန်းစကားဆိုလိုက်ရပါသည်။
ကျွန်းသားငမန်းရေးသားသည်။
#BNA#Article#ဆရာတော်#ဦးဥတ္တမ#စက်တင် ဘာကိုး#စစ်တွေ#လွတ်လပ်ရေး#ကြိုးပမ်းမှု# သင်ခန်းစာ#
https://www.facebook.com/permalink.php?story_fbid=175428365005336&id=100076145194525