ဆရာတော်အရှင် ဣန္ဒဝံသ(ကိန်းသာ)၏ “ဆရာတော်ဦးဥတ္တမ၏ စစ်တွေခရီးစဉ်” စာအုပ်ထွက်ရှိ

By Narinjara /2022 September 3

လာမည့် စက်တင်ဘာ ၉ ရက်နေ့တွင် ကျရောက်မည့် (၈၃) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ မတိုင်မီ ရခိုင်စာရေးဆရာ ဆရာတော်အရှင် ဣန္ဒဝံသ(ကိန်းသာ)ရေးသားသည့် “ဆရာတော်ဦးဥတ္တမ၏ စစ်တွေခရီးစဉ်”အမည်ရှိ စာအုပ်သည် ထွက်ရှိလာပြီ ဖြစ်သည်။

အဆိုပါစာအုပ်တွင် မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနှင့် နိုင်ငံရေး အခြေအနေကို အဓိကမီးမောင်းထိုးပြထားသော သမိုင်းမှတ်တမ်းစာအုပ် တစ်အုပ်ပြီး သမိုင်း အချက်အလက်များ မတိမ်ကောရအောင်၊ ဆရာတော်ဦးဥတ္တမနှင့်ပတ်သက်၍ ဆရာတော်၏ နိုင်ငံရေးရည်မှန်းချက် မည်မျှအထိရှိခဲ့သည်ကို သိစေချင်၍ ရေးသား ထုတ်ဝေလိုက်ခြင်းဖြစ်သည်ဟု စာရေးသူ ဆရာတော် အရှင်ဣန္ဒဝံသ(ကိန်းသာ)က မိန့်သည်။

“ဒီစာအုပ်မှာ ဆရာတော်ဦးဥတ္တမက ရခိုင်နဲ့ပတ်သက်ပြီး ဘယ်လောက်ထိ လုပ်နိုင်ခဲ့တယ်။ ရည်မှန်းချက် ရှိခဲ့တယ်ဆိုတာကို ရခိုင့်ကဏ္ဍနဲ့ ဆရာတော်ဦးဥတ္တမမွေးဖွားခဲ့ရာ ဒေသအတွက် နိုင်ငံ့ရည်မှန်းချက် ဘာတွေရှိခဲ့တယ်ဆိုတာကို အဓိကသိမြင်စေချင်လို့။ မက်ဆေ့ချ်ပေးချင်လို့ ဒီစာအုပ် ထုတ်ဝေလိုက်တာပါ” ဟု ပြောသည်။

အဆိုပါစာအုပ်သည် ရခိုင်ပြည်အသီးသီးရှိ ရခိုင်လူမျိုးများ၊ အထူးသဖြင့် ရခိုင့်လူငယ် စာဖတ်ပရိသတ်များဖတ်ရှုသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ပြီး ရခိုင်လူမျိုးတိုင်း၏ အိမ်တိုင်း အိမ်တိုင်းတွင် ထားရှိသင့်သည့် စာအုပ် တစ်အုပ်ဖြစ်သည်ဟုလည်း “စစ်တွေကဗျာဝိုင်း”အား ဦးဆောင်နေသည့် စာရေးဆရာမ ဆရာမခိုင်(အာရက္ခမြေ)က ပြောသည်။

“ဆရာတော်ဦးဥတ္တမရဲ့အတ္ထုပ္ပတ္တိထဲက အပိုင်းစတစ်ခုလောက်သာဖြစ်တယ်။ ဆရာတော်ဦးဥတ္တမနဲ့ ပတ်သက်လို့ ကျွန်မတို့လေ့လာစရာတွေ အများကြီး ရှိတယ်။ အိမ်တိုင်းအိမ်တိုင်းမှာ ကိုယ့်ရဲ့ သားသမီးတိုင်းကို အမွေအနေနဲ့ ပေးသင့်တဲ့ စာအုပ်ထဲ ဒီစာအုပ်လည်း ပါဝင်တယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

အဆိုပါစာအုပ်တစ်အုပ်လျှင် ကျပ် ၂ ထောင်ဖြင့် ရခိုင်ပြည်နယ်ရှိ စာအုပ်ဆိုင်များတွင် ဆက်သွယ်ဝယ်ယူနိုင်ပြီဟု သိရသည်။

စာအုပ်မိတ်ဆက်ခြင်းအခမ်းအနားကိုလည်း ယနေ့စက်တင်ဘာလ ၃ ရက်၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ စစ်တွေရှိ New World စားသောက်ဆိုင် ခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဆရာတော် သံဃာတော်များနှင့် စာပေဝါသနာရှင် စာရေးဆရာများ စုစုပေါင်းလူဦးရေ ၅၀ ခန့်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားသို့တက်ရောက်လာသည့် ရခိုင်စာရေးဆရာ ဆရာအောင်ကြည်မိုး(သင်းပုန်းတန်း)ကလည်း “စစ်တွေခရီးစဉ်ဆိုတဲ့ ဆရာတော်ဦးဥတ္တမ စစ်တွေကိုပြန်လာပြီး ဘာတွေလုပ်ခဲ့တယ်ဆိုတာကို မသိရသေးတဲ့အချက်တွေအများကြီးရှိသေးတယ်။ အခုဒီစာအုပ်ဖတ်လိုက်တော့ အများကြီးသိရတယ်။ ဒါကြောင့် ဒီစာအုပ်ရေးသားထုတ်ဝေတဲ့ ဆရာတော် အရှင်ဣန္ဒဝံသ(ကိန်းသာ)ကိုလည်း ကျေးဇူးတင်တယ်” ဟု ပြောသည်။

ဆရာတော်အရှင် ဣန္ဒဝံသ(ကိန်းသာ)သည် ဆရာတော်ဦးဥတ္တမအကြောင်းကို တစိုက်မတ်မတ် လေ့လာရေးသားနေသည့်ပုဂ္ဂိုလ်ဖြစ်ပြီး ယခုစာအုပ်သည် သူ၏ ဆရာတော်ဦးဥတ္တမနှင့် ပတ်သက်ပြီးရေးသားသော ၁ဝ အုပ်မြောက် ဖြစ်သည်။

ဆရာတော်အရှင် ဣန္ဒဝံသ(ကိန်းသာ) ယခင်က ရေးသားခဲ့သည့် ဆရာတော် ဦးဥတ္တမနှင့် ပတ်သည့်စာအုပ်များမှာ အာသျှတိုက်၏ မီးရှူးတန်ဆောင် အသျှင်ဥတ္တမ၊ အသျှင်ဥတ္တမ၊ ဘိက္ခုဦးဥတ္တမ၏ အဘိဓမ္မာ၊ ရဟန်းတော် ဦးဥတ္တမ၏ ဥရောပ အာသျှကမ္ဘာလှည့်ခရီးစဉ်၊ ဘိက္ခုဦးဥတ္တမ၏ အဘိဓမ္မာ(ဒုတိယအကြိမ်ဖြည့်စွက်ထုတ်ဝေ)၊ ဦးဥတ္တမ၏ နိုင်ငံရေးကောက်ကြောင်း၊ ဦးဥတ္တမအတွက် ဒိုင်ယာရီ၊ ဒိန်းဒလိန်းနတ်ဝတ္ထု၊ ဦးဥတ္တမနှင့် အိန္ဒိယပြည်(မြန်မာပြည်လွတ်လပ်ရေးနှင့် ခွဲရေးတွဲရေးပြဿနာ) စသည့် စာအုပ်များဖြစ်သည်။

ဆရာတော်အရှင် ဣန္ဒဝံသ(ကိန်းသာ)သည် ရသေ့တောင်မြို့နယ်၊ စေတီပြင် ကျေးရွာဇာတိဖြစ်ပြီး လက်ရှိတွင် စစ်တွေမြို့ မင်းဂံရပ်ကွက်၌သီတင်းသုံးလျက် စာပေများရေးသားလျက်ရှိသည်။

ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံကို နယ်ချဲ့ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးအတွက် ဦးဆောင်ကာ မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် နိုင်ငံရေးမျိုးစေ့ကို စတင်ချပေးခဲ့သော ရဟန်းတော်တစ်ပါးဖြစ်သည်။

ယင်းအပြင် ဆရာတော်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအမှုနှင့် ပထမဆုံး အကျဉ်းကျခံခဲ့ရသည့ ရဟန်းတော်တစ်ပါးလည်း ဖြစ်သည်။ ထောင်မှ လွတ်မြောက်လာပြီးနောက်ပိုင်းတွင်လည်း မြန်မာပြည်အနှံ့ နိုင်ငံရေး တရားများကို ဟောပြောခဲ့သောကြောင့် ၃ ကြိမ်တိုင်တိုင်ထောင်နန်းစံခဲ့ရသည်။

ဆရာတော်သည် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြိ့နယ်ရှိ ညောင်တုန်းဘုန်းကြီးကျောင်း၌ ဆီးချိုရောဂါဖြင့် ပျံလွန်တော်မူသွားခဲ့သည်။

ဆရာတော်ပျံလွန်တော်မူသည့်နေ့ကို ဆရာတော်ဦးဥတ္တမနေ့အဖြစ် ရခိုင် တစ်မျိုးသားက အသိအမှတ်ပြုကာ အောက်မေ့ဖွယ် အခမ်းအနားများလည်း နှစ်စဉ်ကျင်းပလျက်ရှိနေကြသည်။ (NN-12)

https://www.facebook.com/narinjara.info/photos/pcb.5781235928555103/5781234268555269/

Leave a Reply

Your email address will not be published.