စစ်တွေရှိ အနှေးယာဉ်ဆိုက္ကားသမား ၃၆၀ ဦးကို ဦးရာလူစနစ်ဖြင့် ဆန် ၁ တောင်းစီလှူဒါန်းမည်

By Narinjara /2022 September 23

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အနှေးယာဉ်ဆိုက္ကားသမား ၃၆၀ ဦးအတွက် ဆန် ၁ တောင်းစီကို ဦးရာလူစနစ်ဖြင့် “ကုဋေဖြိုး” ကွမ်းသီးရောင်းဝယ်ရေးမိသားစုနှင့် “Kiss” မိသားစုတို့ စု‌ပေါင်းပြီး လာမည့် စက်တင်ဘာ ၂၇ ရက် နေ့လယ် ၃ နာရီတွင် လှူဒါန်းသွားမည်ဟု သိရသည်။

စိတ်ဝင်စားသည့်ဆိုက္ကားသမားများအနေဖြင့် စက်တင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ နေ့လယ် ၁ နာရီမှ ၃ နာရီအတွင်း တိုကင်လက်မှတ်များကို မိမိ၏ဆိုက္ကားနှင့်အတူ ကျေးပင်ကြီးရပ်ကွက်၊ ရွှေသာလမ်းရှိ “ကုဋေဖြိုး”ကွမ်းသီးရောင်းဝယ်ရေးအိမ်ရှေ့တွင် လာထုတ်ယူနိုင်ပြီဟုလည်း သိရသည်။


“ဆိုက္ကားမောင်းနှင်တဲ့သူတွေက တော်တော်ကို ဒုက္ခရောက်တယ်။ အခုက ဆိုက္ကားစီးတဲ့သူတွေက နည်းတယ်။ အားလုံးက ‌ဘေးတွဲဆိုင်ကယ်နဲ့ အိန္ဒိယဘီးတွေသာ စီးလာကြတော့ ဥပမာ ဘေးတွဲစီးလည်း ၅၀၀ ကျပ်၊ ဆိုက္ကားစီးလည်း ၅၀၀ ကျပ်ဆိုတော့ ဘေးတွဲကိုပဲစီးကြတယ်လေ။ ဆိုက္ကားကိုမစီးကြတော့ဘူး။ ဆိုက္ကားမောင်းနှင်တဲ့သူတွေမှာ တစ်ရက်စာတစ်ရက် လိုက်မမီဖြစ်လာကြတယ်။ အဲဒါကြောင့် ဆိုက္ကားမောင်းတဲ့သူတွေကို ဦးစားပေးပြီးလှှူမယ်” ဟုပြောသည်။

ဆန်များကို “ကုဋေဖြိုး”ကွမ်းသီးရောင်းဝယ်ရေးအိမ်ရှေ့တွင် လှူဒါန်းသွားမည်ဖြစ်ပြီး ယင်းသို့ ဆန်လှူဒါန်းရာတွင် တိုကင်လက်မှတ်ပါရှိသူများကိုသာ လှူဒါန်းပေးသွားမည်ဟု ဆိုသည်။

ရခိုင်တွင် ယခုနောက်ပိုင်း ကုန်စျေးနှုန်းများနှင့် စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် လက်လုပ်လက်စားအခြေခံလူတန်းစားများမှာ တစ်နေ့စာ တစ်နေ့ရှာဖွေရာတွင် အခက်အခဲများ အထူးဖြစ်ပေါ်နေပြီး စားဝတ်နေရေးခက်ခဲလာနေကြသည်ဟု သိရသည်။

ယင်းကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၁ဝ ရက် ညနေပိုင်းကလည်း စစ်တွေရှိ “စွမ်းပကား”အဆင့်မြင့်ဆန်စက်နှင့် ဆန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းက စစ်တွေမှ လက်လုပ်လက်စား အိမ်ထောင်စု ၅ဝဝ ကို ဆန်များလှူဒါန်းပေးခဲ့သေးသည်။

အလားတူ စစ်တွေမှ အနှေးယာဉ်ဆိုက္ကားသမား ၂၃၀ ကျော်ကိုလည်း ဦးအောင်ကျော်လင်း(ခေါ်) လောပန်းကိုယ်တော်မိသားစုက သမီးဦးမွေးနေ့အဖြစ် ဆန် ၄ တောင်းတစ်အိတ်အပါအဝင် ဆီ၊ ဆား ၊ ငရုတ်နှင့် ကြက်သွန်နီစသည့် အခြေခံစားသောက်ကုန် ၅ မျိုးကို ဧပြီ ၅ ရက် နံနက်က စစ်တွေပွိုင့်ကမ်းခြေအနီးတွင် လှူဒါန်းခဲ့သေးသည်။ (NN-13)

https://www.facebook.com/narinjara.info/posts/5836401083038587

Leave a Reply

Your email address will not be published.