စစ်တွေတွင် စားသုံးဆီတစ်ပိဿာကို ၅၅၀၀ ကျပ်ဖြင့် ရောင်းချပေးနေ(Photo News)

By DMG /2022 September 1

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ၊ ဝင်္ကဘာကွင်းတွင် စားသုံးဆီတစ်ပိဿာကို ၅၅၀၀ ကျပ်ဖြင့် အခြေခံလူတန်းစားများကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့(စက်တင်ဘာလ ၁ ရက်)တွင် ရောင်းချပေးနေကြောင်း သိရသည်။

အခြေခံလူတန်းစားများ သက်သာချောင်ချိရေးအတွက် ရောင်းချခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ ဦးတင်အုံးပြောသည်။

“အခုကတော့ ရခိုင်ပြည်နယ်မှာကော၊ စစ်တွေမှာကော ပထမဦးဆုံးအကြိမ်ပေးတာဖြစ်ပါတယ်။ နောက်ထပ်လည်း ဒီစစ်တွေမြို့ရဲ့ တခြားနေရာတွေမှာ သက်သာတဲ့ဈေးနဲ့ ရောင်းချသွားဖို့ရှိပါတယ်။ ဒါပေမဲ့ ဆီရရှိမှုအပေါ်မှာမူတည်တာဖြစ်တဲ့အတွက် ဘယ်နှစ်ဂါလံထိ ရောင်းချပေးသွားမယ်ဆိုတာတော့ ပြောလို့မရသေးပါဘူး”ဟု ဆိုသည်။

ယနေ့ဆီရောင်းချခြင်းကို နံနက် ၇ နာရီမှ စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ဆီ ၆ ပေပါထိ ရောင်းချပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

လက်ရှိရခိုင်ပြည်နယ်မှာ စားသုံးဆီတစ်ပိဿာကို ပြင်ပပေါက်ဈေး ၁၆၅၀၀ ကျပ်ခန့်ရှိနေပြီး အခြေခံလူတန်းစားများမှာ ဝယ်ယူစားသောက်ရန် အခက်အခဲရှိနေကြခြင်းဖြစ်သည်။

ဆီလာဝယ်သည့် အမျိုးသမီးတစ်ဦးက “အခုလို သက်သာတဲ့ဈေးနဲ့ဝယ်ရတော့ ဝမ်းသာတာပေါ့။ နောင်လည်း ဒီလိုမျိုးသက်သာတဲ့ဈေးနဲ့ရောင်းချပေးဖို့ မျှော်လင့်ပါတယ်။ အခုက ကုန်ဈေးနှုန်းတွေ အရမ်းတက်နေတဲ့အခါကျတော့ သူတို့ဒီလိုရောင်းချပေးတဲ့အပေါ်မှာ အရမ်းလည်းဝမ်းသာပါတယ်”ဟုပြောသည်။

စားသုံးဆီကို သက်သာချောင်ချိသည့်ဈေးဖြင့် စစ်တွေမြို့တွင် ပထမဦးဆုံးအကြိမ်ရောင်းချခြင်းဖြစ်ကာ တခြားမြို့နယ်များတွင်လည်း ရောင်းချပေးသွားရန်ရှိကြောင်း သိရသည်။

ထိုသို့ သက်သာသည့်ဈေးဖြင့် ရောင်းချပေးနေသည့် စားသုံးဆီကို စစ်တွေမြို့မှ လူဦးရေ ၄၀၀ ခန့် လာရောက်ဝယ်ယူနေကြသည်။

# R010 ၊ I-008

https://www.facebook.com/dmgnewsagency/posts/2378609598958104

Leave a Reply

Your email address will not be published.