စစ်ကောင်စီတပ်မှ မြောက်ဦးမြို့တွင်း လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှုပြုလုပ်၊ မြို့တွင်းလုံခြုံရေးများ ပိုတင်းကျပ်ထား

By Western News /2022  September 20

ဓာတ်ပုံ- ဇော်မင်းထွန်း

ရခိုင်ပြည် မြောက်ဦးတွင် ယမန်နေ့ စက်တင်ဘာ ၁၉ ရက် ညဉ့် အချိန်ခန့်တွင် စစ်ကောင်စီတပ်သားများက မြို့တွင်းသို့ဝင်ရောက်၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ဒေသတွင်းနေထိုင်သူများကပြောသည်။

ယမန်နေ့ စက်တင်ဘာ ၁၉ ရက် ညဉ့် ၁၁ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီတပ်သားအချို့ ကားများဖြင့် မြို့တွင်းသို့ဝင်ရောက်ကာ စပါးဆိပ်ဖက်တွင် လက်နက်ကြီး ၂ လုံးပစ်ခတ်ခြင်း၊ သေနတ်များပစ်ဖောက်ခြင်းတို့ပြုလုပ်ခဲ့သည်ဟု ၎င်းအနီးနားမှ ဒေသခံတစ်ဦးကပြောသည်။

“ပထမတော့ကားနဲ့လာကြတယ်။ လက်နက်ကြီး ၂ ကြိမ်ပစ်တယ်။ နောက်ပြီး ကားပေါ်ကဆင်းပြီးတော့ ဘုရားပေါ်(ရပ်ကွက်) ဘုရားဖက်ကို သေနတ်ပစ်ပြီးသွားကြတယ်။ စစ်သားအရေအတွက်ကတော့ ၁၀ ကျော်လောက်ရှိမယ်” ဟုပြောသည်။

ထိုသို့ပစ်ခတ်မှုကြောင့် နေအိမ်အချို့ကိုကျရောက်မှုရှိ၍ အပျက်အစီးအနည်းငယ်ရှိခဲ့ကြောင်း နံနက်ပိုင်းတွင် ၎င်းတို့ပစ်ခတ်မှုရှိခဲ့သည့်နေရာမှ ကျည်ဆံခွံများလည်း ရရှိသည်ဟု ဒေသခံများကဆိုသည်။

ပစ်ခတ်မှုမဖြစ်မီ ညဉ့် ၁၁ နာရီဝန်းကျင်ခန့်တွင် မြောက်ဦး ခမရ ၃၇၈၊ ၃၇၇ တပ်ရင်းဖက်မှ စစ်ကား ၃ စီးမြို့တွင်းသို့ထွက်ခွာမှုရှိခဲ့သည်ဟု ဒေသတွင်းနေထိုင်သူများကပြောသည်။

မြောက်ဦးတွင် ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့်ကို စက်တင်ဘာလ ၁၆ ရက်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးထုတ်ပြန်ပြီး ည ၈ နာရီမှ နံနက် ၅ နာရီအတွင်း ညမထွက်ရန် ထုတ်ပြန်လိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ မြို့အနှံ့ နေ့စဥ်ကင်းလှည့်မှုတို့ရှိနေခြင်းဖြစ်ကြောင်းလည်း ဆိုကြသည်။

“မနေ့ကပစ်ခတ်မှုက ညဆိုတော့ ဘယ်တပ်ရင်းကဆိုတာသိဖို့ခက်တယ်လေ။ ပစ်ခတ်မှုမဖြစ်ခင်မှာတော့ ၃၇၈ ဖက်က စစ်ကား ၃ စီးထွက်သွားတာတွေ့တယ်။ မြို့မှာ ညမထွက်ရအမိန့်လည်း ပိုတင်းကျပ်ထားတော့ သူတို့ကတော့ နေ့တိုင်းလိုလို ကားတွေနဲ့ ကင်းလှည့်နေကြတာတွေတော့ရှိတယ်” ဟုဒေသတွင်းနေသူတစ်ဦးကပြောသည်။

ယမန့်နေ့ ပစ်ခတ်မှုပြီးနောက် မြောက်ဦးမြို့လက်ရှိအခြေနေမှာ စစ်ကောင်စီတပ်သားများ ဘုတ်ဆိပ်၊ တောင်ရပ်လမ်းဆုံ၊ ကုန်သည်တန်းလမ်းဆုံ၊ ပြင်စျေးရပ်ကွက်လမ်းတို့တွင် နေရာယူထားပြီး ဒေသတွင်းသွားလာနေသူများကို တင်းကျပ်စွာစစ်ဆေးလျက်ရှိကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်ကလည် မြောက်ဦးမြို့တွင်းတွင် စစ်ကောင်စီတပ်သားများမှ သေနတ်ပစ်ခတ်မှုတို့ပြုလုပ်ခဲ့ပြီး နောက်တစ်နေ့တွင် မြို့ခံတစ်ဦးဖြစ်သည့် ကိုရင်ဆို့အား ဖမ်းဆီးခေါ်ဆောင်မှုရှိခဲ့သည်။

ထိုနောက်ပိုင်းတွင် မြောက်ဦးမြို့မစျေးအား မိုင်းရှာဖွေရန်ဟုဆိုကာလုပ်ဆောင်ခဲ့ပြီး မြို့တွင်း မြို့ပြင်အနှံ့ တပ်စွဲနေရာယူထားမှုတို့ပြုလုပ်ခဲ့ကြသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှု၊ သေနတ်ပစ်ဖောက်မှုတို့ပြုလုပ်နေသည့် မြောက်ဦးဒေသမှ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုလည်းဖြစ်နေသည့်အတွက် စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ပြုလုပ်နေခြင်းမှာ ရိုင်းစိုင်းယုတ်မာသည့်လုပ်ရပ်မျိုးဖြစ်နေသည်ဟု မြောက်ဦးကို ယူနီစကိုဝင်နိုင်ရေးပါဝင်လှုပ်ရှားနေသူများကဆိုသည်။

Western News – WN

https://www.facebook.com/westernnewsagency/posts/608377990968709

Leave a Reply

Your email address will not be published.