By Western News /2022 September 29
ဓာတ်ပုံ-လက်နက်ကြီးကျည်ကျပြီး မြောက်ဦးတွင် ကျောင်းသူ ၁ဦးနှင့် ကလေး၁ ဦးအားတွေ့ရစဉ်
စစ်ကောင်စီတပ်က လက်နက်ကြီးကျည်များ အဆက်မပြတ် ပစ်ခတ်မှုကြောင့် ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က မြောက်ဦးမြို့နယ် မောင်းဆွဲကျေးရွာက အမျိုးသမီးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။
ယနေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် မောင်းဆွဲကျေးရွာအနီး မြောက်ဦး- မောင်းဆွဲလမ်းပေါ်တွင် မိုင်းပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီးနောက် မြောက်ဦးအခြေစိုက် ခမရ (၃၇၈) တပ်ရင်းမှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ခမရ (၃၇၈) တပ်ရင်းမှ ထိုကဲ့သို့ ရမ်းသန်းပစ်ခတ်မှုများကြောင့် မောင်းဆွဲကျေးရွာသို့ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ခဲ့ပြီး တစ်လုံးမှာ ပေါက်ကွဲသွားကာ ကလေးငယ်နှစ်ဦးဒဏ်ရာရရှိပြီး အိမ်တစ်ဆောင်ပျက်စီးသွားကာ ကျန်တစ်လုံးမှာ မပေါက်ကွဲဘဲ ကျန်ရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ကျနော်တို့ရွာအနားမှာ မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်တယ်။ တိုက်ပွဲဖြစ်တာလား။ မဖြစ်ဘူးလားဆိုတာကို ကျနော်တို့လည်း မသိဘူး။ မိုင်းပေါက်ကွဲတာကို ကြားတာနဲ့ ၃၇၈ က လက်နက်ကြီးတွေ ကျနော်တို့ ရွာဖက်ကို တရစပ်ပစ်တယ်။ ရွာထဲမှာ နှစ်လုံးကျတယ်။ ညနေ ၆ နာရီကျော်လောက်မှ ပစ်တာရပ်သွားတယ်။ တစ်လုံးကတော့ ပေါက်ကွဲသွားတဲ့အတွက် အိမ်တစ်ဆောင်ပျက်စီးပြီးတော့ ကလေးငယ်နှစ်ယောက်လည်း ထိခိုက်သွားတယ်။ ဒဏ်ရာရသွားတဲ့ နှစ်ယောက်ကတော့ ဆွေမျိုးတွေပါ။ နောက်တစ်လုံးကတော့ မပေါက်ကွဲသေးဘူး” ဟုပြောသည်။
လက်နက်ကြီးကျည်ထိမှန်မှုကြောင့် မခင်မိုးအေး အသက် ၁၄ နှစ် အဋ္ဌမတန်းကျောင်းသူမှာ ရင်ဘတ်ပေါ်တွင် ဒဏ်ရာရရှိသွားပြီး၊ မမြင့်မြတ်ခိုင် အသက် (၃) နှစ် ကလေးငယ်မှာ ဦးခေါင်းပေါ်တွင် ဒဏ်ရာရရှိသွားသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည်များ တရစပ်ပစ်ခတ်မှုကြောင့် မောင်းဆွဲကျေးရွာသားများမှာ ကြောက်လန့်၍ ရွာအတွင်းတွင် မနေရဲတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြပြီး အဆိုပါ တပ်ရင်းက ယနေ့ညတွင် ထပ်မံပစ်ခတ်မှာကို စိုးရိမ်းနေကြကြောင်း မြောက်ဦးဒေသခံများက ပြောသည်။
ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်AA တကျော့ပြန်တိုက်ပွဲကြောင့် သြဂုတ်လနှင် စက်တင်ဘာလတို့တွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၂၃ ဦးအထိ ရှိလာသည်။
ရက္ခိုင်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများတကျော့ပြန်ဖြစ်ပွါးလာမှုနှင့်အတူ ကျောက်တော်၊ မြောက်ဦး ၊ မင်းပြား ၊ ရသေ့တောင်၊ မောင်တောစသည့် မြို့နယ်များက ဒေသခံ သောင်းနှင့်ချီကာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တစ်ဖက်တွင်လည်း စစ်ကောင်စီဖက်ကနေ မြို့ပေါ်နှင့် ကျေးရွာများ အတွင်းကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ရှိနေ၍ ဒေသခံများမှာ စိုးရိမ်ကြောက်ရွံ့ပြီး ဗုံးခိုကျင်းများပြုလုပ်နေကြသည်။
Western News- WN
https://www.facebook.com/westernnewsagency/posts/615347136938461