စစ်ကောင်စီက မြောက်ဦးမြို့ကို မီးတိုက်ဖို့ ပြင်ဆင်နေဟု AA ပြော၊ ဈေးကို ပိတ်ထားပြီး ရိက္ခာစီးဆင်းမှုကို ဖြတ်တောက်ထား

By Western News /2022  September             19

စစ်ကောင်စီက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို မီးတိုက်ဖို့ ပြင်ဆင်နေသည်ဟု ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

“တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ယဉ်ကျေးမှုနယ်မြေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်တယ်၊ တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်တယ်။ မြောက်ဦးဈေးကိုလည်း ပိတ်ထားတယ်၊ ရိက္ခာဖြတ်တောက်ထားတယ်။ မြောက်ဦးမှာ တိုက်ပွဲအတု ဖန်တီးနေပါတယ်၊ မိုင်းအတုဖောက်ပြီး ပြည်သူလူထုကို ထိတ်လန့်အောင် ဖန်တီးနေပါတယ်” ဟု ခိုင်သုခက ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက် ယနေ့ ပြုလုပ်သည့် ရက္ခိုင့်တပ်တော် AA ၏ ၅ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောဆိုခြင်းဖြစ်သည်။

မောင်တော၊ ဘူးသီးတောင်နှင့် ပလက်ဝ ဒေသများတွင် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် သတိရှိရှိဖြင့် ဂရုစိုက်နေထိုင်ကြရန် ရက္ခိုင့်တပ်တော်က တိုက်တွန်းထားသည်။

“ကြွက်မနိုင် ကျီမီးတိုက် ဆိုသလို ရသေ့တောင်၊ မောင်တော၊ ပလက်ဝ အထိုင် စစ်ကောင်စီစခန်းတွေကနေ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပါတယ်။ ပြည်သူတွေကို လက်နက်ကြီး အန္တရာယ်တွေကို ရှောင်ရှားကြဖို့ တိုက်တွန်းလိုပါတယ်။ ရက္ခိုင့်တပ်တော်အနေနဲ့ကတော့ လူထုနဲ့ အနီးမှာ တိုက်ပွဲဖော်ဆောင်မှာ မဟုတ်ပါဘူး။ ခရီးသွားလာသူတွေအနေနဲ့လည်း ရက္ခိုင့်တပ်တော်ရဲ့ ထုတ်ပြန်ချက်ကို လိုက်နာဖို့လိုတယ်၊ စစ်ဆေးတာတွေကို ကြည်ဖြူစွာ လက်ခံဖို့ လိုပါတယ်” ဟု ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

လက်ရှိတွင် တိုက်ပွဲများ တကျော့ပြန် ပြန်လည်ပြင်းထန်လာနေသော ရက္ခိုင်ပြည်နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ်က တပ်မ ၇၇ နှင့် အခြားတပ်မတစ်ခုမှ တပ်ရင်းများ အင်အားဖြည့်တင်းလာနေကြောင်းလည်း ရက္ခိုင့်တပ်တော်ထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ ရခိုင်-ဘင်္ဂလားနယ်စပ် မိုင်တိုင် ၄၀ စခန်းနှင့် ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းနှင့် သံတောင်ဗျူဟာစခန်းကုန်းများကို AA က တိုက်ခိုက်သိမ်းပိုက်ထားပြီး အိန္ဒိယ-ဘင်္ဂလား-မြန်မာ နယ်စပ် ပလက်ဝမြို့နယ်အတွင်းရှိ မြိတ်ဝစခန်းကုန်းအပါအဝင် စစ်ကောင်စီ စခန်းကုန်းများကို AA က ဝိုင်းပတ်ပိတ်ဆို့ ရိက္ခာဖြတ်တောက်မှုများကြောင့် စစ်တပ်၏ စခန်းအမြောက်အများကို စွန့်လွှတ်ထားရကြောင်း AA က ထုတ်ပြန်ထားသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/607662637706911

Leave a Reply

Your email address will not be published.