ငါးမရ တွင်းဖျက်တဲ့ စစ်ကောင်စီကြောင့် ငိုကြွေးရတဲ့ ညနေခင်းတစ်ခု

By Border News Agency/2022 September 1

(ဓာတ်ပုံ-မောင်မြတ်သူလင်းရဲ့နာရေးသြဂုတ်လ ၃၀ ရက်နေ့ကပြုလုပ်ခဲ့စဥ်/BNA)

မိုးလင်းကတည်းက ပူပြင်းလွန်းသည့် နေရောင်ခြည်တို့ ဖြန့်ကြက်ကာ အရှေ့အရပ်မှ အနောက်အရပ်ဆီ တဖြေးဖြေး ရွေ့လျားလာခဲ့သော နေမင်းကြီးမှာ ပင် ပန်းချိန်ရောက်၍ အပူရှိန်တဖြေးဖြေး လျော့လာခဲ့ပြီ။

ညနေခင်းလေပြေ ကလေးကလည်း တိုက်နေ၏။

ညနေစောင်းလေပြီ။

ကျေးလက်သဘာ၀ ကောက်စိုက်သူက စိုက်၊ပျိုး နုတ်သူက နုတ်၊ကျွဲ၊နွား ကျောင်းသူက ကျောင်း စသဖြင့် ရှိနေကြသည်။

အချို့မှာလည်း ညနေစောင်းပြီဖြစ်၍ ထမင်း၊ ဟင်း ချက်ပြုတ်ရန် ပြင်ဆင်ကြသည်။ရေခပ်သူက ခပ်၊ဟင်းခူးသူ က ခူး။ရေခပ်ရာ ကန်ဘောင်ဆီ သွား ရာလမ်းတလျှောက် အပေါင်းအသင်းတွေ စကားတပြောပြောနှင့် ပြုံးပြုံး ရွှင်ရွှင်ပင်။

မြောက်ဦးမြို့နယ် ကင်းဆိပ်ရွာသူ၊ရွာသားတို့မှာ သူတို့၏ နေ့တဒူ၀အလုပ်များကို ယခင်နေ့များကလို ပုံမှန်ပင် လုပ်နေခဲ့ကြသည်။

ထိုစဉ် သတင်းစကားတစ်ခု ရောက်လာ၏။မြောက်ဦးမြို့နယ် ဘူးရွက်မညိုးရွာအနီး စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ပစ်ခတ်မှုဖြစ်ကြသည်ဆိုသော သတင်းပင်။ယခင်တိုက် ပွဲကာလတွေက တည်းက သေနတ်သံ၊မိုင်းသံများနှင့်မစိမ်းခဲ့သော ထိုသူတို့အဖို့ ပုံမှန်အလုပ်များကို ဆက်လုပ်နေခဲ့ကြသည်။

ခဏအကြာမှာတော့ လက်နက်ကြီးပစ်သံများ ဆက် တိုက်ကြားလာရသည်။ပစ်ခတ်မှုဖြစ်ခဲ့သော နေရာသို့ စစ် ကောင်စီတပ်ရင်း၊တပ်စခန်းတွေဆီက လက် နက်ကြီးပစ်ကူပေးခြင်း ဖြစ်နိုင် သည်။ထိုပစ်ခတ်မှုဖြစ်ရာ နေရာနှင့် ကင်းဆိပ်ရွာကား ၈ မိုင်ခန့် ကွာ ဝေး၏။

ဤမျှ ဝေးကွာသောအရပ်သို့ လက်နက်ကြီးကျည်များ ကျမလာနိုင်၊အန္တရာယ်တစ်စုံတစ်ရာ ဖြစ်မလာနိုင်ဟု တွေး ကာ ပုံမှန်အလုပ်များကိုပင် ဆက်လုပ်ကြသေး၏။အချို့ကလည်း စိုးရိမ်မှုဖြင့် ပုန်းခိုကြသည်။

“အဝေးကြီးပဲ ဘာမှမဖြစ်လောက်ဘူးဆိုပြီး ကိုယ့်ဟာနဲ့ကိုယ် အေးဆေးနေခဲ့ကြတာ”ဟု ကင်းဆိပ်ရွာမှ အမျိုးသမီးတစ်ဦးက ထိုနေ့ အခြေအနေကို ပြန်ပြောင်းပြောပြသည်။

သို့သော် ကင်းဆိပ်ရွာသားတို့ ယူဆချက် မှားခဲ့လေပြီ။ရွာထဲသို့ လက်နက်ကြီးတစ်လုံး ကျလာသည်။နေအိမ်အချို့ ၊ခြံစည်းရိုးအချို့ ပျက်စီးသွားသည်။နောက်ထပ် လက်နက်ကြီးတွေ ကျလာသည်။ရွာသူ၊ရွာသားအချို့ ဒဏ်ရာရကြသည်။

ထိုအခါ သက်ကြီး၊ကလေးမကျန် တစ်ရွာလုံးက ဦး တည်ရာမဲ့ ထွက်ပြေးကြရတော့သည်။ကျောင်းနေအရွယ်ကလေးရှိသူတို့ကလည်း သူတို့၏ သားသ မီးတို့ကို ကျောင်းမှ သွားခေါ်၍ ခတောင်းတင် ချီပိုးကာ သုပ်ချေတင်ပြေး ကြတော့သည်။

ထိုထဲတွင် အသက် ၆၃ နှစ်အရွယ် ဒေါ်အေးယဉ်နုလ ည်း အပါအဝင်ဖြစ်၏။လက်နက်ကြီး ရွာထဲကျလာသည်နှင့် ဒေါ်အေးယဉ်နုသည် သား၊သမီး၊မြေးက လေးတို့ကို လိုက်စုသည်။သူတို့အား အရှေ့က ပြေးခိုင်းသည်။သူလည်း အတူလိုက်ပြေး၏။ပြီးတော့ နေအိမ်သို့ ခေါက်ပြန်ထိုး၍ ပြန်ဝင်လာသည်။

ညနေစာချက်စားဖို့ ဆန်၊ဆီ၊ငရုတ်၊ငါး၊ဟင်းတို့ သွားယူရန် ဖြစ်သည်။သွပ်အိုးကလေးအချို့နှင့် ရေခပ်ပုံးတစ်ခု ပါ ယူလာခဲ့သေးသည်။ဘေးလွတ်ရာ ရွာအ ပြင် လယ်တဲကလေးတစ်ခုမှာ သား၊သမီး၊မြေးကလေးတို့နှင့်အတူ ညနေစာ ချက်စားရန်ဖြစ်သည်။

သို့သော် ဒေါ်အေးယဉ်နုကား ရွာပြင်ကို မရောက်နိုင်ခဲ့။နေအိမ်မှအထွက် လမ်းပေါ်တွင်ပင် ဒေါ်အေးယဉ်နု မှောက်လျ က် ထိုးလဲကျသွားခဲ့သည်။ခေါင်းပေါ်ရွက်လာသည့် ဆန်ထုတ် လွှင့်စင်သွားခဲ့ကာ သွေးအိုင်ပေါ် ဆန်စေ့ တွေ တစ်စစီပြန့်ကြဲလို့။ရေခပ်ပုံးနှင့် သွပ်အိုးက လေးတို့မှာလည်း ဒေါ်အေးယဉ်နုအနား မှောက်လျက်သား။

စစ်ကောင်စီတပ်ရင်းမှ ပစ်ခတ်လိုက်သောလက်နက် ကြီးတစ်လုံးမှာ သုပ်ချေတင်ပြေးလွှားနေကြသည့် ဒေါ်အေးယဉ်နုတို့ လူအုပ်ကြားလာကျ၍ ဖြစ် သည်။မြောက်ဦးမြို့အနီးရှိ တပ်ရင်း ၃၇၇ မှ ပစ်ခတ်လိုက်သော လက်နက် ကြီးဟု ဒေသခံများက ပြောကြသည်။

“သားတွေ၊သမီးတွေကို စိတ်မချလို့ လွှတ်လိုက်တယ်။အရင်ဆုံး၊ပြီးတော့ ငါ, ဆန်တွေ၊ဘာတွေ သွားယူလိုက်အုံး မယ်၊ငါတို့ ဘာကို ချက်စားရမလဲဆိုပြီး ဆန်တွေ၊အိုးတွေ သွားယူတယ်။အဲဒီမှာ အိမ်က ယူပြီးအပြန်မှာ ထိသွားတာပါ။ ”ဟု ဒေါ်အေးယဉ်နု လက်နက်ကြီးထိမှန် သေဆုံးသွားခဲ့သည်ကို မြင်တွေ့လိုက်ရသည့် ကင်းဆိပ်ရွာမှ အမျိုးသမီးတစ်ဦးက ပြောပြသည်။

ထို့အပြင် ရွာအနီးလယ်ကွင်း၌ ကောက်စိုက်နေခဲ့သည့် မဦးဝင်းခိုင်မှာလည်း လက်နက်ကြီးများ ပစ် ခတ်နေစဉ် သူ့ သားရှိရာ ရွာထဲသို့ ဒုန်းစိုင်းပြေးလာသ ည်။ပြီးလျှင် ကြောက်ကြောက်လန့်လန့်ဖြင့် အဘွားတို့နှင့်အတူ ပုန်းခိုနေရှာသော အသက်ငါးနှစ်အရွယ်သားကလေးမြတ်သူလင်းကို ပွေ့ချီကာ ရွာ သားများနှင့်အတူ ပြေးထွက်၏။

သားကလေး ဘေးကင်းစေဖို့ မမောနိုင် မပန်းနိုင်ပြေးလာပြီး ကြိုးစားကာမှ လက်နက်ကြီးနှင့် တည့်တည့်တိုးတော့ သည်။

လက်နက်ကြီးကျည်စတွေ ထိမှန်ထားသည့် ငါးနှစ်အရွယ် မြတ်သူလင်းမှာ သွေးသံရဲရဲဖြင့်။ထိုအခါ ဦးလေး၊အဘွားနှင့် ရပ်သူရွာသားတို့က ထိုကလေးငယ်၏ ဒဏ်ရာတွေကို ကုပေးနိုင်ဖို့ အ နီးစပ်ဆုံး ကျန်းမာရေးဌာနရှိရာ ကလ က ရွာသို့ ပြေးကြတော့သည်။

“သူ့ဘကြီး(အဖေရဲ့အစ်ကို)က အဲဒီကလေးကို တစ် ခါတည်းနဲ့ ချီပြီး ဆေးခန်းကို ပြေးသွားတာ”ဟု ကင်းဆိပ်ရွာ သားတစ်ဦးက ထိုနေ့က မြင်ကွင်းအား ပြန်ပြောပြသည်။[မောင်မြတ်သူလင်း၏ ဖခင်ဖြစ်သူမှာ မလေးရှား၌ အလုပ် သွားလုပ်နေသည်။]

မိခင်ဖြစ်သူ မဦးဝင်းခိုင်မှာတော့ သားကလေးနှင့်အတူ လိုက်မသွားနိုင်၊ သူ့ကိုယ်ပေါ်မှာလည်း လက် နက်ကြီးကျည်ထိ ဒဏ်ရာတွေနှင့်မဟုတ်လား။မဦးဝင်းခိုင်မှာ လက်မောင်းနှင့် ပေါင်တို့တွင် ဒဏ်ရာများ ရသွားခဲ့သည်။

ကလကရွာ ဆေးခန်းရောက်တော့ ဒဏ်ရာတွေ များလွန်းသည့် ကလေးငယ်ကို မြို့ပေါ်ဆေးရုံသို့ လွှတ်သည်။ကလေး ငယ်၏ အသက်ကို ကယ်နိုင်ဖို့ စက်လှေတစ်စီးဖြင့် မြောက်ဦးဆေးရုံသို့ ထပ်ကာ ပြေးကြသည်။သို့သော် ဆေးရုံရောက်တော့ ကလေးငယ်မှာ အသက်မရှိတော့ပေ။

ငါးနှစ်အရွယ် ထိုကလေးငယ်၏ အသက်ကို ရွာထဲသို့ ကျလာသည့် လက်နက်ကြီးကျည်က နုတ်ယူသွားခဲ့လေပြီ။

ထို့အတူ ချောင်းသစ်ရွာမှ ကင်းဆိပ်ရွာသို့ ကောက် စိုက်ရန် ရောက်နေသည့် အ သက် ၃၅ နှစ်အရွယ် ဦးလှအောင်သိန်း၏ အသက်ကိုလည်း ထိုလက်နက် ကြီးကပင် နုတ်ယူသွားခဲ့သည်။အထုတ်အ ပိုးပြင်ကာ ရွာပြင်လယ်တဲသို့ ကောက်စိုက်သွားဖို့ ပြင်ဆင်နေစဉ် ထိမှန်ခဲ့ခြင်းဟု ပြောကြသည်။

ဩဂုတ်လ ၂၈ ရက် ညနေတွင် ကင်းဆိပ်ရွာအတွင်းကျလာသည့် လက်နက် ကြီးကျည်များကြောင့် ကင်းဆိပ်ရွာမှ ၂ ဦး၊ချောင်းသစ်ရွာမှ ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးသွားခဲ့ရသည်။ထို့အပြင် နောက်ထပ် ၁၀ ဦး(ဒဏ်ရာအနည်း ငယ်ရသူ ၃ ဦး ပါဝင်)မှာလည်း ဒဏ်ရာတွေ ရရှိခဲ့သည်။

အမျိုးသမီး ၃ ဦးအပါအဝင် ၇ ဦးမှာ လက်ရှိအချိန်အထိ ပြင်းထန်ဒဏ်ရာများနှင့်မြောက်ဦးဆေးရုံ၌ ဆေးကုသမှုခံ ယူနေရဆဲဖြစ်ပြီး ထိုဒဏ်ရာရသူများအထဲတွင် ရင်သွေးကလေး လွယ်ထားသည့် ကိုယ် ဝန်လေးလနှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသ မီးတစ်ဦးလည်း ပါဝင်၏။သူကား မစုစု ဖြစ်သည်။

နေအိမ်တွင်း၌ ရှိနေစဉ် လက်နက်ကြီးစ ထိမှန်လာခြင်းဖြစ်ကြောင်း မစုစု၏ ဖခင်ဖြစ်သူက ပြောပြ သည်။ထို့ပြင် တစ်အိမ်တည်းနေ မောင်နှမနှစ်ဦးလည်း ကျည်ထိဒဏ်ရာရသူများထဲတွင် ပါဝင်သေးသည်။

“အရင်ဆုံး ရွာအရှေ့ဖက်က ချောင်းနားပိုင်းမှာ ကျတယ်။အလယ်ပိုင်းကို ဝင်ပြီးထွက်ပြေးကြတယ်။နည်းနည်းပါးပါး ထိခိုက်ဒဏ်ရာရကြတယ်။အဲဒါတွေနဲ့ ထပ်ပြေးကြတယ်။အဲဒီမှာ နော က်တစ်လုံး ထပ်ကျတယ်။အနောက်ဖက်ကို ရည်မှန်းပြီး အပြင်ကို ထွက်ပြေးဖို့ လုပ်ကြတယ်။နောက်တစ်လုံးကျတဲ့အချိန်မှာတော့ ပြေးနေတဲ့ လူစုရှိတဲ့ ကွန်ကရစ်လမ်းကို လာကျတယ်။ ကွန်ကရစ်လမ်းက ကွဲထွက်လာတော့၊ သေလောက်တဲ့ ဒဏ်ရာတွေ၊ပြတ်လောက်တဲ့ဒဏ်ရာတွေဖြစ်တာဟာ အဲဒီနောက်ဆုံးကျည်မှာ ဖြစ်တာ”ဟု ၎င်းက ထိုနေ့ဖြစ်စဉ်ကို ပြောပြသည်။

ရွာအတွင်းသို့ လက်နက်ကြီး ငါးလုံးခန့် မိနစ်ပိုင်းသာခြား၍ ဆက်တိုက်ကျလာခြင်းဖြစ်ကြောင်း ရွာသားများက ပြောကြသည်။

“ပစ်တာက သိပ်မကြာခဲ့ဘူး။ငါးမိနစ်၊ဆယ်မိနစ်လောက်မှာ ဆက်တိုက်ပဲ (ရွာထဲကို) ကျလာတာ” ဟု ကင်းဆိပ်ရွာသားတစ်ဦးက ပြောပြသည်။

ထိုလက်နက်ကြီးများမှာ ပစ်မှတ်လွှဲချော်၍ ကျရောက်လာခြင်းမဟုတ်ဘဲ တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်၍ ရွာ ထဲသို့ ကျရောက်လာခြင်းဖြစ် ကြော င်း ဒေသခံများက ပြောဆိုကြသည်။ရက္ခိုင့်တပ်တော်(AA)ပြောခွင့်ရ ခိုင်သုခ ကလည်း ယင်းသို့ ဆိုထားသည်။

ပစ်မှတ်လွှဲခြင်းမဟုတ်ဟု ဆိုရခြင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်သောနေရာ(ဘူးရွ က်မညိုးရွာအနီး)နှင့် လက်နက်ကြီးကျလာသော ကင်းဆိပ်ရွာတို့မှာလွန် စွာ ကွာဝေးနေ၍ဖြစ်ကြောင်း ပြောကြသည်။(ထိုနှစ်ရွာကြား ၈ မိုင်ခန့် ဝေးသည်။)

“ဘူးရွက်မညိုးဖက်မှာ တိုက်ပွဲဖြစ်တာကို ဘူးရွက်မညိုးကို မရောက်လိုက်ဘဲ ပေါက်တောပြင်တို့မှာ ကျသွားတယ် ဆိုရင်တောင်မှ ခံချိခံသာဖြစ်အုံးမယ်”ဟု မိသားစုဝင်များ သေဆုံး၊ဒဏ်ရာရသွားခဲ့သည့် အမည်မဖော်လိုသူ ကင်းဆိပ်ရွာသားက ပြောသည်။(ပေါက်တောပြင်ရွာသည် ဘူးရွက်မညိုးနှင့်ကင်းဆိပ်ရွာကြား လမ်းထက်ဝက်ခန့်တွင် တည်ရှိ သည်။)

“တမင်သက်သက်လုပ်တာ၊တမင်သက် သက်အနိုင့်ကျင့်တာ၊တမင်သက်သက် လက်နက်ကို အားကိုးတာပဲ ဖြစ်တယ်။ ”ဟု ကင်းဆိပ်ရွားသား နောက်တစ်ဦးက ရွာအတွင်းလက်နက်ကြီးကျည်များ ကျရောက်လာပုံအပေါ်သူ့အမြင်ကို ပြောသည်။

ယခုကဲ့သို့ ကျေးရွာအတွင်း လက်နက် ကြီးကျ၍ အပြစ်မဲ့၊အရပ်သားပြည်သူများ သေဆုံး၊ဒဏ်ရာရခြင်းမှာ ရခိုင် ပြည်နယ်အတွင်း ပထမဆုံး‌သော ဖြစ် စဉ်မျိုး မဟုတ်ပေ။ယခင် ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ တိုက်ပွဲကာလများကလည်း ယခုကဲ့သို့ဖြစ်စဉ်များစွာ ရှိခဲ့သည်။

တိုက်ပွဲဧရိယာနှင့် အလျဉ်းမျှ မသက် ဆိုင်သော လူနေကျေးရွာတွင်းသို့ လက် နက်ကြီးကျ၍ သေဆုံးကြရသည့် အ နီးစပ်ဆုံးသော ဖြစ်စဉ်မှာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာဖြစ်စဉ်ပင်ဖြစ်သည်။ ၂၀၂၀ ခု၊ ဧပြီလ ၁၃ ရက် သင်္ကြန်အကျ နေ့ မနက်တွင် ရပ်သူ၊ရွာသားများ ဥပုဒ်စောင့်၊ဆွပ်းကပ်ဖို့ရန် အသွား ပြင်ဆင်နေကြစဉ် ရွာအ တွင်းသို့ လက်နက်ကြီးကျည်အချက်ပေါင်းများစွာ ကျရောက်လာခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ကျောက်ဆိပ်ရွာမှ ၁၃ နှစ်၊၁၆ နှစ် ကျောင်းနေအရွယ်ကလေးများအပါအဝင် အရပ် သားပြည်သူ ၉ ဦး သေဆုံးကာ ၁၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြသည်။ထိုအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိဘဲ ကျောက်ဆိပ်ရွာအနီးရှိ စစ်ကောင်စီ၏ ၅၅၀ တပ်ရင်းက ပစ်ခတ်လိုက်သော လက်နက်ကြီးများဖြစ်ကြောင်း မျက်မြင်ဒေသခံများက ဆိုကြသည်။

စစ်တပ်ပြောခွင့်ရကလည်း ထိုနေ့က ကျောက်ဆိပ်ရွာအနီး တိုက်ပွဲဖြစ်ပွားမှု မရှိသည်ကိုဝန်ခံကာ ကျောက်ဆိပ် ရွာနှင့် အလှမ်းဝေးသော ပုဏ္ဏားကျွန်းမြို့ နယ် ပေါက်တောပြင်ကျေးရွာတွင်သာ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြောင်း ပြော ဆိုခဲ့သည်။(ကျောက်ဆိပ်နှင့် ပေါက်တောပြင်သည် ၇ မိုင်ခန့် ကွာဝေးသည်။)

ယင်းအပြင် ၂၀၁၉ ခုနှစ်၊ဩဂုတ်လ၂၄ ရက်ကလည်း မင်းပြားမြို့နယ်၊ပန်းမြောင်းရွာအတွင်းသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲ၍ အ သက် ၆ နှစ် မူကြိုကျောင်းသားအပါအဝင် အသက် ၉ နှစ်၊၁၆ နှစ်အရွယ် က လေးငယ် ၃ ဦးသေဆုံးကာ အမျိုးသမီးအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့ကြသည်။

ရွာအတွင်း နေအိမ်တွင် နံနက်စာထမင်းစာနေကြစဉ် ရွာလယ်ရှိ အောင်မင်္ဂလာဘုရားတောင်ပေါ် စခန်းချနေရာယူ ထားသည့် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များကျလာခြင်းဖြစ်ကြောင်း မျက်မြင်ရွာသား များက ပြောကြသည်။

တိုက်ပွဲများ နှစ်နှစ်ကျော်ကြာ ဖြစ်ပွားနေခဲ့သော ရခိုင်ဒေသအတွင်း တိုက်ပွဲနှင့် မသက်ဆိုင်ဘဲ ထိခိုက် သေဆုံးကြရသည့် အပြစ်မဲ့အရပ်သားပြည်သူများစွာ ရှိခဲ့ကြောင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြသည်။

ယခုအခါ တကျော့ပြန်ပြန်စလာသည့် ရခိုင်ဒေသတိုက်ပွဲများနှင့်အတူ အရပ်သားများ ထိခိုက်ရသည့် ဖြစ်စဉ်များ စတင်ရှိလာပြီဖြစ်သည်။

ကင်းဆိပ်ရွာဖြစ်စဉ်မှာ နှစ်နှစ်ဝန်းကျင်ခန့် တိုက်ပွဲတွေ ရပ်စဲပြီး ယခုနှစ်ဆန်းပိုင်းတွင်မှ ပြန်စလာသည့် တကျော့ပြန်တိုက်ပွဲကာလအတွင်း ဒုတိယအကြိမ်မြောက် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် အရပ် သားသေဆုံးဒဏ်ရာရမှု ပင်ဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။

သည်ဖြစ်စဉ်မတိုင်မီ တစ်ရက်အလို ဩဂုတ်လ ၂၇ ရက် နံနက်ပိုင်းကလည်း မောင်တောမြို့နယ် မင်း ကြီးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်သ ဖြင့် အသက် ၆၀ ကျော်အရွယ် အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြော င်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ဤကဲ့သို့သော ဖြစ်စဉ်များမှာ ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေး၊တရားစီရင်ရေးတို့ကို ဝင်ရောက်လုပ် ကိုင်လာနေ သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)အပေါ် ထောက်ခံအားပေးနေကြသော ပြည်သူများအား စစ်ကောင်စီက အငြိုး ထားကာ ရည် ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်၊ပစ်ခတ်ခြင်းဖြစ်ကြောင်း လေ့လာသူနှင့် ဒေသခံများက မှတ်ချက်ပြုကြသည်။

“ပြည်သူတွေကို ဒီလိုပစ်ရင်၊ပြည်သူတွေ ဒုက္ခ ရောက်ရင် ပြည်သူတွေက ULA/AA ကို မထောက်ခံ၊ ULA/AA ကို မ ပံ့ပိုး၊မကူညီဘူးဆိုတဲ့ mindset ပေါ့နော်။အဲဒီသဘောမျိုးနဲ့ ပြည်သူကို အကြပ်ကိုင်တယ်။ပြည်သူကို ဒုက္ခပေးပြီးတော့ အဖြေရှာတယ်။တကယ်တမ်းလက်နက်ကြီးကိုင်အချင်းချင်း တိုက်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့တွေ၊တပ်တွေ အနီး အနားတွေမှာ ရှိတာပဲ၊ အဲဒါတွေကို ပစ်ပေါ့၊ ပြည်သူကို ဘာလို့ ပစ်ရတာလဲ။”ဟု ရခိုင်ပြည်သူ့လွှတ် တော် အမတ်ဟောင်း ဦးဖေသန်းက ထောက်ပြ၊မေးခွန်းထုတ်သည်။

ထို့အပြင် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်သူများအပေါ် ခြိမ်းခြောက်ပြောဆို ခဲ့မှုများအား စစ်ကောင်စီတပ်က အကောင် အထည်ဖော်နေခြင်းဖြစ်ကြောင်းလည်း လေ့လာသူနှင့် ဒေသခံများက ဆိုကြသည်။

မေလ ၁၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ရခိုင်ပြည် သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။စိတ် ရှည်သည်းခံပြီးတော့ကျ ပြည်ထောင်စုနဲ့ငြိမ်း ချမ်းရေးအတွက် ကျွန်တော်တို့ လုပ်နေတာ ဖြစ်ပါတယ်။အဲဒီအတွက် အခုဖြစ်နေတဲ့ဟာတွေနဲ့ ပက်သက်ပြီး တော့ ပြသနာဖြစ်လာရင်တော့ တပ်မ တော်ကို အဆိုးမဆိုပါနဲ့လို့ပဲ ကျွန်တော် ပြောချင်ပါတယ်။” ခြိမ်းခြောက်သည့်အသွင်ဖြင့် သတိပေးပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ULA/AA က တရားစီရင်ရေး၊အုပ်ချုပ်ရေးယန္တရားများကို ဝင်ရောက်လုပ်ကိုင်နေသည့်အ ကြောင်းနှင့် ဆက်စပ်၍ ယင်းသို့ ပြော ဆိုခဲ့ခြင်းဖြစ်ပြီး ထိုသို့ပြောဆိုပြီးနောက် သုံးလကျော်အကြာတွင် ယခုကဲ့ သို့ ကျေးရွာများအတွင်းသို့ လက် နက် ကြီးကျည်များ ကျရောက်လာခဲ့ခြင်းပင် ဖြစ် သည်။

ထိုကဲ့သို့သော လုပ်ရပ်များကြောင့် စစ်ကောင်စီအ နေဖြင့် ပြည်များ၏ နာကြ ည်းမှုကိုသာ ရလာမည်ဖြစ်ကာ တန်ပြ န်တော်လှန်မှုများ ဆက်တိုက်ပေါ်လာနိုင်ကြောင်းလည်း ဦးဖေသန်းက ဆိုသည်။

“ကျွန်တော်တို့ဆီမှာ ဘာတစ်ခုမှ အထိအခိုက် (တိုက်ပွဲ)ဘာမှ မရှိဘဲနဲ့ အဲဒီနေရာကို လာလို့ ကျည် ဆန်ကျတယ်။လက်နက်ကြီးကျတယ်ဆိုတော့ ကျွန် တော်တို့တွေကိုပဲ ပစ်လို့သတ်တာလား။ကျွန်တော်တို့ရွာသားကို၊ကျွန်တော်တို့ လူမျိုးကိုပဲ တမင်သတ် သတ် လုပ်တာလား အဲလိုမျိုးပဲ ပြောချင်တော့တယ် ။” ဟု လက်နက်ကြီးကြောင့် မိသားစုဝင်အချို့ သေ ဆုံး၊ဒဏ်ရာရသွားသည့် ကင်းဆိပ်ရွာသားတစ်ဦးက သူ့ခံစားချက်ကို ပြောသည်။

ပေါက်ကွဲသံတွေကြား၊သွေးသံရဲရဲ ကျည်ထိလူနာတွေကြား အသက်လုကာ ပြေးလာခဲ့ရသည့် ကင်းဆိပ်ရွာမှ အ မျိုးသမီးတစ်ဦးကမူ ယခုကဲ့သို့ ဖြစ်စဉ်များ နောက်ထပ် မကြုံချင်တော့ကြောင်း သူ့ခံစားချက်ကို ဖွင့်ဟသည်။

“ဒီလိုအဖြစ်မျိုးတွေနဲ့ မကြုံစေချင်ဘူး။ဒဏ်ရာ၊ဒဏ်ချက်တွေကို မြင်ရတော့ ခံစားရတယ်။နောက်လည်း ဒီလို မဖြစ်စေချင်တော့ဘူး။ခံစားရတာက တော့ ပြောမနေပါနဲ့တော့”ဟု သေဆုံးသွားသည့် မောင်မြင်သူလင်းမိခင်၏ သူငယ်ချင်းဖြစ်သူ ထိုအမျိုးသမီးက ဆိုသည်။

သို့သော် စစ်ကောင်စီတပ်သည် ရခိုင်ပြည်အတွင်း “ငါးမရ တွင်းဖျက်၊ကြွက်မနိုင် ကျီမီးရှို့” ဆိုသလို လုပ်ရပ်မျိုးဖြင့် ဒေသခံပြည်သူများကို အငြိုးထားကာ လုပ်ဆောင်နေကြောင်း ကင်းဆိပ်ရွာသားများအပါအဝင် ရခိုင်ဒေသခံတို့က ဆိုကြသည်။

သို့ဖြစ်၍ ရခိုင်ပြည်သူတို့မှာ တိုက်ပွဲဧရိယာနှင့်မည်မျှပင် ဝေးကွာစေကာမူ လက်နက်သံကြားလျှင် ကြောက်ရွံ့၊စိုး ထိတ်ကာ ဆက်လက်၍ ရှောင်တိမ်း၊ ပြေးလွှား၊ပုန်းအောင်းနေကြရအုံးမည်ဖြစ်ပေတော့သည်။

#BNA#Article#မြောက်ဦး#ကင်းဆိပ်#ဒေသခံ# ပြည်သူ#လက်နက်ကြီး# စစ်တပ်#AA#

https://www.facebook.com/permalink.php?story_fbid=190215310087450&id=107469705028678

Leave a Reply

Your email address will not be published.