By Western News /2022 September 2
၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖက်မှ ၆၆ ဦးသေဆုံးမှုရှိခဲ့ကြောင်း AA ဖက်မှထုတ်ပြန်ခဲ့သည်။
သြဂုတ်လတစ်လလုံးတွင် ရခိုင်ပြည်ရှိ မောင်တော၊ ရသေ့တောင်၊ တောင်ကုတ်၊ မြောက်ဦးနှင့် ချင်းပြည်နယ် ပလက်ဝဖက်တို့တွင် နှစ်ဖက်တိုက်ပွဲများ အပြန်အလှန်ဖြစ်ပွားမှုရှိခဲ့ကြသည်။
ထိုအထဲတွင် သြဂုတ်လ ၁၃ ရက်နေ့ကဖြစ်ပွားခဲ့သည့် ရသေ့တောင်တောင်ပိုင်း ချိန်ခါလီနှင့် ဒုံးပိုက်ကြားရှိတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ ၃၁ ဦးသေဆုံးမှုရှိခဲ့ပြီး ယင်းနေ့အတွင်းတွင်ပင် မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၆ ဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း သြဂုတ်လ ၁၅ ရက်နေ့တွင် ရက္ခိုင့်တပ်တော်ဖက်မှ ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် သြဂုတ်လ ၃၁ ရက်နေ့ ရခိုင်-ဘင်္ဂလာနယ်စပ် မိုင်တိုင် ၄၀ တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်းတစ်ခုအားသိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဖက်မှ ၁၉ ဥဦးကျဆုံးမှုရှိကြောင်းနှင့်ညအဆိုပါနေ့ နေ့လည်ပိုင်းတွင်ပင် ပလက်ဝ မြိတ်ဝရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖက်မှ ၆ ဦးသေဆုံးမှုရှိကြောင်းလည်း AA ဖက်မှ ထုတ်ပြန်ခဲ့သည်။
ရက္ခိုင့်တပ်တော်ဖက်မှ ထုတ်ပြန်ချက်များတွင် စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုသာပါပြီး ၎င်းတို့ဖက်မှ ထိခိုက်ကျဆုံးမှု ထိခိုက်မှုများ သေဆုံးမှုအနည်းရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားမှုဖြစ်စဥ်တိုင်းတွင် နှစ်ဖက်ထိခိုက်မှုအခြေအနေများနှင့်ပတ်သက်၍ Western News မှမေးမြန်းခဲ့ရာတွင်လည်း အထိအခိုက်အနည်းငယ်ရှိသည်မှလွဲလျှင် ရေရာစွာဖြေဆိုမှုတို့ မရှိခဲ့သလို စစ်ကောင်စီဖက်ကလည်း ၎င်းတိုက်ပွဲများနှင့်ပတ်သက်၍ တရားဝင်ထုတ်ဖော်ပြောဆိုခြင်းလည်းမရှိခဲ့ပေ။
လက်ရှိတကျော့ပြန်ဆက်ဖြစ်ပွားလာသည့် နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ တပ်ဆုတ်ခွာမှုတို့ရှိလာကြောင်းလည်း တိုက်ပွဲဧရိယာအနီးမှ ဒေသခံများနှင့် ရက္ခိုင့်တပ်တော်ဖက်တို့မှ ပြောဆိုထားသည်။
ပြီးခဲ့သည့် စတုတ္ထအကြိမ်မြောက် ရက္ခိုင့်တပ်တော်၏ သတင်းစာရှင်းလင်းပွဲတွင်လည်း မောင်တောမှ နယ်ခြားစောင့်တပ်စခန်း ၇ ခုအထိဆုတ်ခွာမှုရှိခဲ့ကြောင်း ULA/AA ၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားမှုရှိခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့တွင်လည်း မိုင်တိုင် ၄၀ အနီးတပ်စခန်းတစ်ခုအား သိမ်းနိုင်ခဲ့ကြောင်း ပြောဆိုထားသည်။
စစ်ကောင်စီဖက်မှမူ လက်ရှိရခိုင်ဒေသအတွင်း တကျော့ပြန်တိုက်ပွဲအခြေနေများ၎င်းတို့ဖက်မှအကျအဆုံးများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတို့တွင်လည်း တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုမှုတို့ ရှိမလာသေးပေ။
Western News-WN
https://www.facebook.com/westernnewsagency/posts/596198608853314