ကျောက်ဖြူဒေသခံ(၃) ဦးကို စစ်ကောင်စီဖမ်းဆီးထား

By Narinjara /2022 September 9

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ဒေသခံ (၃)ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့ အစိုးရရပ်ကွက်မှ ဆလိုင်းကိုအေး(၄၃နှစ်)၊ စေတီတောင်ရပ်ကွက်မှ ကိုဝင်းနိုင်(၂၉နှစ်)၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ ဦးဦးဘသန်း (၄၂နှစ်)တို့ ဖြစ်သည်။

၎င်းတို့ (၃) ဦးကို စက်တင်ဘာလ (၇) ရက်နေ့ ညအချိန်တွင် ခလရ(၃၄) တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၄၀ ကျော်သည် မေးမြန်းစရာရှိသည်ဟုဆိုကာ ၎င်းတို့၏ နေအိမ်များမှ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ခလရ (၃၄) တပ်ရင်းတွင်သာ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ဖမ်းဆီးထားသူများကို ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်းမဟုတ်ဘဲ စစ်တပ်တွင် ဖမ်းဆီးစစ်ဆေးနေ၍ သူတို့၏ လုံခြုံရေးနှင့် ကျန်းမာရေးကို အထူးစိုးရိမ်စရာဖြစ်နေသည်ဟု ၎င်းတို့၏ ဆွေမျိုးများက ပြောသည်။

စေတီတောင်ရပ်ကွက်မှ ကိုဝင်းနိုင်ဖမ်းဆီးခံရမှုနှင့်ပတ်သတ်၍ စေတီတောင်ရပ်ကွက်ဥက္ကဌ ဦးသန်းလှိုင်က ယခုကဲ့သို့ ပြောသည်။

” ၇ ရက်နေ့ ညဉ့် ၁၂ နာရီနဲ့ ၁ နာရီကြားမှာထင်တယ် ဖမ်းသွားတာ။ ကျနော်တော့မသိလိုက်ဘူး။ သူတို့မိသားစုပြောမှသိရတာပါ။ မေးစရာရှိလို့ ဆိုပြီး ခေါ်သွားတာပါ။ အခုထိပြန်မလွတ်သေးပါဘူး။ စခန်းကိုလည်း ရောက်သံမကြားသေးဘူး။ တခါတည်းတပ်ကို ခေါ်သွားတယ်လို့ ပြောပါတယ်”ဟု ပြောသည်။

ယင်းအပြင် ဦးဦးဘသန်းကို စစ်တပ်နှင့် ရဲ ၃၀ ကျော်ခန့်က ညည့် ၁၁ နာရီခန့်တွင် အိမ်သို့ လာရောက်ဖမ်းဆီသွားခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ပထမက ဧည့်စာရင်းစစ်သလိုလိုနဲ့လာတာပါ။ ပြီးမှ လိုက်ခဲ့ရမယ် မေးမြန်းစရာ ရှိတယ်ဆိုပြီး ဖမ်းသွားတာပါ” ဟု ပြောသည်။

တစ်ရက်တည်းမှာပင် ဆလိုင်းကိုအေးကိုလည်း ခလရ (၃၄) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ထက်အောင်ကျော် ကိုယ်တိုင် ဦးဆောင်ကာ ည ၁၁ နာရီကျော် အချိန်တွင် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယင်းအပြင် အဆိုပါနေ့က ကျောက်ဖြူမြို့ မြို့ပေါ်ရပ်ကွက်တချို့မှ နေအိမ် တချို့ကိုလည်း ဝင်ရောက်ကာ မွှေနှောက်ရှာဖွေမှုများ ရှိခဲ့ကြောင်း သိရသည်။

(NN-7)

https://www.facebook.com/narinjara.info/posts/5797261510285878

Leave a Reply

Your email address will not be published.