By Narinjara /2022 September 24

Photos – Narinjara and CJ
တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင်းသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်ပြီး ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက် အစောကြီး ညဥ့် ၁ နာရီခွဲခန့်က သေနတ်များဖြင့် ပစ်ခတ်သွားခဲ့သဖြင့် အနည်းဆုံးနေအိမ် ၃ လုံးနှင့် တည်းခိုခန်းတစ်ခုတို့ကို ကျည်များထိမှန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကျည်ဆံများထိမှန်ခဲ့သော အိမ်များမှာ ကျောက်တော်မြို့ (၆) လမ်းမှ ဒေါ်နှင်းမြသာအိမ်နှင့် ဦးထွန်းကျော်အေးတို့၏နေအိမ်၊ ရှမ်းရွာမြို့ပတ်လမ်း တိုးချဲ့ရပ်ကွက်မှ ဦးစံရွှေတို့ နေအိမ်များနှင့် ၆လမ်း ချောင်းကမ်းနားရှိ သိန်းဆန်းတိုက် (တည်းခိုခန်း) တို့ဖြစ်ကြသည်။
အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက “ ညဉ့် ၁ နာရီခွဲလောက်မှာ စစ်သားတွေက ဒေါ်နှင်းမြသာ အိမ်ရှေ့ကနေ သေနတ်တွေပစ်တယ်။ ဦးထွန်းကျော်အေးရဲ့ အိမ်ဘေးက လက်နက်တွေနဲ့ အဆက်မပြတ်ပစ်တယ်။ သူတို့က အကြောင်းမဲ့ပစ်ခတ်တာပါ။ မြို့ကို ဝင်ပြီးတော့” ဟု ပြောသည်။
ထိုသို့ ပစ်ခတ်သွားခဲ့သဖြင့် သိန်းဆန်းတည်းခိုခန်းတွင်ဆိုလျှင် အပေါ်ဆုံးအထပ်၏ကြမ်းပြင် ပေါက်ထွက်သွားခဲ့ပြီး အလယ်ထပ်၏ပြတင်းမှန်များလည်း ကွဲအက်ပျက်စီးသွားခဲ့သည်ဟု သွားရောက်ကြည့်ရှုခဲ့သူများက ပြောသည်။
၎င်းပြင် ၎င်းတည်းခိုခန်းတွင် တည်းခိုနေသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ကိုစိန်အောင်ဖြူ (၂၈ နှစ်)သည် သူ၏ဝမ်းဗိုက်အနီးတွင် လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရရှိသွားပြီး လက်ရှိတွင် ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု မြို့ခံများက ပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၂၃ ရက် ည ၁၁ နာရီကျော်မှစတင်ကာ ကျောက်တော်တပ်မဘက်က လက်နက်ကြီးများတောက်လျှောက်ပစ်နေခဲ့သလို အပေါက်ဝရွာအနီး ၅၃၉ တပ်ကကလည်း လက်နက်ကြီးများ ပစ်ခတ်နေခဲ့ကြောင်း၊ စစ်သားအချို့လည်း ကျောက်တော်မြို့ထဲကို ဝင်ရောက်ကာ အကြောင်းမဲ့ ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကျောက်တော်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားမှုလည်းမရှိခဲ့ဘဲ ယခုကဲ့သို့ လက်နက်ကြီးများ တောက်လျှောက်ပစ်နေခဲ့သည့်အတွက် ဒေသခံများ စိုးရိမ်ကြောက်လန့်ခဲ့ရသည်ဟု ပြောဆိုသည်။
https://www.facebook.com/narinjara.info/posts/5839048046107224