By Western News /2022 September 9

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကွမ်းအုံစုကျေးရွာမှ ဒေသခံတစ်ဦးမှာ မိုင်းနင်းမိမှုကြောင့် ခြေထောက်တစ်ဖက်ကို ဖြတ်လိုက်ရပြီး အရေးပေါ် ဆေးကုသမှုခံယူနေရသည်။
အသက် ၄၁ နှစ်အရွယ်ရှိ ကွမ်းအုံစုကျေးရွာမှ ဦးဘချေမှာ စက်တင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာတွင်ရှိသော တောင်ပေါ်မှ ခုတ်ထားသောဝါးများကို ချယူစဉ်တွင် နင်းမိခြင်းဖြစ်ဖြစ်သည်။
မိုင်းနင်းမိမှုကြောင့် ၎င်း၏ညာဖက်ခြေထောက် ခြေဖမိုးမှာ ပြတ်လုနီးပါးဖြစ်သွားပြီးလက်ရှိတွင် ပုဏ္ဏားမြို့နယ်က ယိုးတရုတ်တိုက်နယ်ဆေးရုံတွင် အရေးပေါ်ဆေးကုသခံယူနေကြောင်း ချွေးမဖြစ်သူ မအေးခင်ဆန်းက ပြောသည်။
“ညာဖက်ခြေထောက်မှာတော့ ခြေဖမိုးက ပြတ်လုနီးပါးဖြစ်သွားတယ်။ ခန္ဓာကိုယ်အနှံ့မှာလည်း မိုင်းစတွေလွှင့်စင်လာလို့ ဒဏ်ရာတွေ ရခဲ့တယ်။ ညာဖက်မျက်လုံးတစ်ဖက်ဆိုရင်လည်း ဖွင့်လို့မရသေးဘူး။ ဆရာဝန်ပြောတာကတော့ အခု ပြတ်ထွက်သွားတဲ့ နေရာရဲ့ အပေါ်က ထပ်ဖြတ်ရမယ်လို့ပြောတယ်။ ဒီမှာဖြတ်ရင်ဖြတ်ပေါ့။ ဒီမှာမဖြတ်ဘူးဆိုရင် စစ်တွေကို ယူမယ်ဆိုရင်လည်း ယူသွားလို့တော့ ပြောတယ်။ ကျမတို့ကလည်း ဆင်းရဲပင်ပန်းကြတဲ့အတွက် ဒီမှာဖြတ်လို့ အဆင်ပြေရင် ဒီမှာ ဖြတ်မယ်လို့တော့ ပြောလိုက်တယ်”ဟု ပြောသည်။
ယခု မိုင်းပေါက်ကွဲသော တောင်သည် ရွာသားများ ဟင်းရှာ၊ ဝါးခုတ် နိစ္စဓူဝ လုပ်ကိုင်စားသောက်နေကြသော နေရာတစ်ခုဖြစ်ပြီး အဆိုပါ တောင်တန်းအနီးတွင် စစ်ကောင်စီတပ်စခန်းတစ်ခုက နေရာချထားမှုရှိကြောင်း ဒေသခံများက ပြောသည်။
သေဆုံးသူ ဦးဘချေ၏ အစ်ကိုဖြစ်သူ ဦးသန်းထွန်း က “သူက မနက်က တစ်ခေါက်လည်း ခုတ်ထားတဲ့ဝါးတွေကို သယ်ပြီးပြီ၊ ညနေပိုင်းမှာတော့ ကျန်လိုက်တဲ့ဝါးတွေကို သယ်ယူလာတဲ့အချိန်မှာ နင်းမိတာပါ။ မိုင်းနင်းမိတဲ့အချိန်မှာတော့ သူတစ်ယောက်တည်းပါ။ သူက ရွာသားတွေကို မိုင်းနင်းမိတဲ့အကြောင်းကို ဖုန်းဆက်ပြောလို့ ကျနော်တို့ သိရတာပါ။ ဒီတောင်ကိုတော့ ရွာသားတွေက အမြဲလိုလို ဟင်းရှာ၊ ဝါးခုတ်ဖို့ သွားလေ့ရှိတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် မေလ ၁၄ရက်နေ့မှ စက်တင်ဘာ ၈ ရက်နေ့အထိ မိုင်းပေါက်ကွဲမှု ကျောက်တော်မြို့နယ်တွင် (၅)ကြိမ်၊ မင်းပြားမြို့နယ်တွင် (၃) ကြိမ်၊အမ်းမြို့နယ်တွင် (၂ )ကြိမ်၊ မြောက်ဦးမြို့နယ်တွင် (၂)ကြိမ်၊ မြေပုံမြို့နယ်တွင်(၁)ကြိမ်၊ ရသေ့တောင်မြို့နယ်တွင် (၁) ကြိမ်နှင့် မောင်တောမြို့နယ်တွင် (၁) ကြိမ်ထိဖြစ်ပွားခဲ့သည်။
မိုင်းပေါက်ကွဲမှု ကာလအတွင်း အရပ်သားသေဆုံးသူ ၆ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးထိရှိခဲ့သည်။
တိုက်ပွဲကာလအတွင်းမှ စကာ ယနေ့ သြဂုတ် ၃၀ ရက်နေ့အထိ မြေမြှပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးသူ ၆၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၈ ဦးရှိနေပြီဖြစ်သည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/600958218377353