By Western News /2022 September 22

စက်တင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်း ၈ နာရီမှစ၍ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် တည်ရှိသည့်အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၉) ကျောက်တော်တပ်နယ်ရှေ့တွင် စစ်ကောင်စီများက ကားများအား အချိန်ကြာမြင့်စွာ စစ်ဆေးနေ၍ ကားများ ရာနှင့်ချီ ပိတ်မိနေပြီး တစ်ချို့မှာ နောက်ပြန်လှည့်သွားခဲ့ကြောင်း ယာဉ်လိုင်းသမားများက Western News ကို ပြောသည်။
လက်ရှိအချိန် အထိ စစ်တွေ- ရန်ကုန်ခရီးသည်တင်ကားများ၊ အရေးပေါ် လူနာတင်ကားများ၊ ကုန်တင်ကားများနှင့် အိမ်စီးကားများသည် ကျောက်တော် တပ်နယ်ရှေ့ကစစ်ဆေးရေးဂိတ် အသွားအပြန် ကားများသွားလာခွင့်အား လုံးဝ မပေးတော့ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
“ကျောက်တော် တပ်ထိန်းဂိတ်ရှေ့မှာ အချိန်ဆွဲပြီး ကြန့်ကြာအောင် စစ်ဆေးနေတယ်ဗျ။ ၈ နာရီ ၂၀ မိနစ် က ယခု ၁၁ နာရီ ၃၅ ထိ စောင့်ရတုန်းပါ။၂နာရီမှ ပေးသွားမယ် ပြောတယ်။ ကားတွေကအများကြီးပဲ။ ပိတ်မိနေတာ။ ရာနဲ့ချီရှိနေပြီ။ လုံးဝ သွားခွင့်မပေးဘူး”ဟုပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၀ရက်နေ့ နေ့လယ် ၁၁နာရီခွဲအချိန်ခန့်က စစ်တွေမြို့ တပ်ထိန်းဂိတ်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားမည့်ယာဉ်များကို တင်းတင်းကြပ်ကြပ်စစ်ဆေးမေးမြန်းမှုရှိခဲ့သည်။
အဆိုပါတပ်ထိန်းဂိတ်ကို ၁၁နာရီခွဲခန့်မှစကာ ၂နာရီကြာ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားခဲ့ပြီး ဖြတ်သန်းသွားမည့် ခရီးသည်တင်ကားများ၊ ဆိုင်ကယ်များ၊ ကုန်တင်ယာဉ်များကို စစ်တပ်နှင့် ရဲအင်းအား ၃၀ ဝန်းကျင်က တင်းတင်းကြပ်ကြပ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီနှင့် AAတို့ လက်ရှိစစ်ရေး တင်းမာနေသည့်ရခိုင်ဒေသတွင် စစ်ကောင်စီက ကုန်းလမ်း၊ ရေးလမ်းများကို တင်းတင်းကြပ်ကြပ်စစ်ဆေးလာနေပြီးယခင်က မှတ်ပုံတင်တင်ပြလျှင်ဖြတ်သန်းခွင့်ရခဲ့သော်လည်း ယခုအခါ ခရီးသည်များကိုပါ ယခင်ကထက် ပိုမိုတင်းကြပ်စွာ စစ်ဆေးနေသည်ကိုတွေ့ရသည်။ အထူးသဖြင့် စစ်တွေမြို့နယ်ရှိ ကျောက်တန်းကြီးစစ်ဆေးရေးဂိတ်သည် စစ်ဆေးရေးအတင်းကြပ်ဆုံးဂိတ်ဖြစ်သည်။
၂၀၁၈ခုနှစ် တိုက်ပွဲမဖြစ်မီကာလက လွတ်လပ်စွာ သွားလာခွင့်ရခဲ့သည့်ရခိုင်ဒေသသည် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က စစ်ဆေးဂိတ်များတိုးချဲ့စစ်ဆေးလာသလို ပြည်တွင်းရှိ မြို့နယ်အချင်းချင်းသွားလာလျှင်ပင် မှတ်ပုံတင်ပါမှသာ သွားလာခွင့်ရသည့် အခြေအနေထိ စစ်ဆေးမှုကို စစ်ကောင်စီက တင်းကြပ်ထားသည်။
Western News- WN
Western News- Telegram https://t.me/westernewsw
https://www.facebook.com/westernnewsagency/posts/609823184157523