ကုလားတန်မြစ်အတွင်း AA က တိုက်ခိုက်ခဲ့သည့်စစ်ဇက်ရေယာဉ် ရှေ့ဆက်မတိုးခဲ့ဘဲ ပြန်လည်ဆုတ်ခွာ

By Narinjara /2022 September 20

(ဓာတ်ပုံ- ရခိုင်တွင် အသုံးပြုနေသည့် စစ်ကောင်စီ ဇက်ရေယာဉ်တစ်စီး။ ယခုတိုက်ပွဲနှင့် သက်ဆိုင်မှုမရှိပါ။)

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း ယမန်နေ့က ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့သည့် စစ်ဇက်ရေယာဉ်သည် ရှေ့ဆက်မတိုးခဲ့ဘဲ ပြန်လည်ဆုတ်ခွာသွားပြီဟု ဒေသခံများက ပြောသည်။

ယမန်နေ့က စစ်တွေဘက်မှ စစ်ဇက်ရေယာဉ် ၂ စီးတက်လာခြင်းဖြစ်ပြီး AA ၏တိုက်ခိုက်ခံရပြီးနောက် တိုက်ခိုက်ခံရသည့်နေရာမှ ယနေ့ စက်တင်ဘာလ ၂ဝ ရက် အရုဏ်ဘက် ၄ နာရီကျော်တွင် စစ်တွေဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က တက်လာတဲ့ ၂ စီးတော့ ပြန်ဆင်းသွားပြီ။ အဲဒီနားမှာ အရင်ရှိနေတဲ့ ၂ စီးကတော့ ရှိနေသေးတယ်”ဟု ပြောသည်။

တိုက်ခိုက်ခံရသည့်ဇက်ရေယာဉ်တွင်တင်ဆောင်လာသည့် စစ်သားများနှင့် ရိက္ခာများကို တပ်မအတွင်း ချထားခဲ့ပြီးနောက် ယခုကဲ့သို့ ဆုတ်ခွာသွားခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။

ပလက်ဝသို့စစ်ကူပို့မည့်စစ်သားအများအပြားတင်ဆောင်လာသည့် အဆိုပါစစ်ဇက်ရေယာဉ်များသည် ကျောက်တော်မြို့နယ် နဂရာကျေးရွာအနီး စကခ(၉) တပ်ထိန်းစခန်းအနီး၊ ကင်းစခန်းရှေ့ ကုလားတန်မြစ်ကမ်းအနီးတွင် ရပ်နားနေချိန် ယမန်နေ့ စက်တင်ဘာ ၁၉ ရက် ည ၆ နာရီခန့်က ရက္ခိုင့်တပ်တော်( AA)၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့တိုက်ခိုက်ခံရမှုကြောင့် ဇက်ရေယာဉ်၏ဝမ်းဗိုက်နှင့် အပြင်ဘက်နံရံကို လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်ကျဆုံးမှုရှိ/မရှိဆိုသည်ကို လောလောဆယ်မသိရသေးဟုလည်း ဒေသခံများက ပြောကြသည်။

ယခုကဲ့သို့ တိုက်ခိုက်ခံရပြီးနောက် အဆိုပါဇက်ရေယာဉ်များအပါအဝင် စကခ (၉)မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးဝန်းကျင်ကို ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် စကခ(၉)ကလည်း ညဉ့် ၁၂ နာရီခန့်အထိ လက်နက်ကြီးများပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ ပစ်ခတ်ခဲ့မှုကြောင့် နဂရာကျေးရွာပြင်ဘက် ကမ်းနားဘက်ရှိ ဦးထွန်းအေး၏နေအိမ်သို့ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့သည်ဟု ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လူတွေက အိမ်အောက်ထပ်မှာ ပုန်းနေချိန် အဲဒီလက်နက်ကြီးက မပေါက်ဘဲ ကျလာတာပါ။ လူတွေတော့ ထိခိုက်ဒဏ်ရာမရကြဘူး။ အခု အဲဒီလက်နက်ကြီးကို A သုံးလုံး (ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့)က သိမ်းဆည်းသွားပါတယ်”ဟု ပြောသည်။

လက်ရှိတွင် အဆိုပါဒေသတွင်းအခြေအနေမှာ တည်ငြိမ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

https://www.facebook.com/narinjara.info/posts/5827750973903598

Leave a Reply

Your email address will not be published.