MPT တစ်ခုတည်းသာအသုံးပြု၍ရသည့် မောင်တောမြောက်ပိုင်းဖက်တွင် MPT ဖုန်းလိုင်းပြတ်တောက်နေ

By Western News/ 2022 August 30

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းဖက်တွင်  ယမန်နေ့ သြဂုတ်လ ၂၉ ရက်နေ့မှစတင်၍ ယနေ့မနက်ပိုင်းနှင့် နေ့လယ်ပိုင်းအထိ MPT ဖုန်းလိုင်းများ ပြတ်တောက်လျှက်ရှိနေသည်။

မောင်တောမြောက်ပိုင်းဘက်တွင် မြဝတီအလွန် သင်္ဘောလှ၊ မီးတိုက်၊ သာယာကုန်း၊ တောင်ပြို၊ တမန်းသား၊ တရိန်း မင်းခမောင်း၊ ခမောင်းဆိပ်၊ နန်းရာကိုင်း၊ နံသာတောင် စသည့်ကျေးရွာများနှင့် တစ်ခြားဆက်စပ်ကျေးရွာများပါ MPT ဖုန်းလိုင်းပြတ်တောက်နေခြင်းဖြစ်သည်။

၎င်းဒေသဖက်တွင် ယခင်ကတည်းကအင်တာနက်လိုင်းနှင့် ဆက်သွယ်ရေးလိုင်းများမကောင်းသည့်ကြားတွင် လက်ရှိ ဖုန်းလိုင်းပါပြတ်တောက်လျက်ရှိနေသည်ဟု တိုက်ပွဲအခြေနေများကြောင်း မင်းခမောင်းကျေးရွာမှ ထွက်ခွာလာခဲ့ကာ အငူမော်ဖက်သို့ရောက်ရှိနေသည့် ကျောင်းဆရာတစ်ဦးကပြောသည်။

“အဲ့ဖက်တွေဆက်သွယ်လို့မရဘူး။ လိုင်းပြတ်နေတယ်။ အရင်ကတည်းကလည်း လိုင်းကမကောင်းဘူး။ အင်တာနက်လိုင်းဆိုအခြေနေပိုဆိုးပါတယ်” ဟုပြောသည််။

ထိုသို့ MPT လိုင်းများပြတ်တောက်နေရခြင်းမှာ MPT တာဝါတိုင်များတွင် ဆီပြတ်တောက်နေ၍ဖြစ်သည်ဟု ဆက်သွယ်ရေးလိုင်းအနည်းငယ်ရရှိနေသေးသည့် မြဝတီကျေးရွာသားတစ်ဦးကပြောသည်။

“လိုင်းကတော့မကောင်းဘူဗျ။ ဒါပေမဲ့ ဟိုအစွန်ဖက်တွေလိုတော့ မပြတ်သေးဘူးပေါ့။ အကြောင်းကတော့ MPT တာဝါတိုင်တွေဆီပြတ်နေလို့ကြားတယ်” ဟုပြောသည်။

MPT တာဝါတိုင်များ ဆီပြတ်ရခြင်းအကြောင်းရင်းမှာ သြဂုတ်လ ၂၈ ရက်နေ့၌ MPT တာဝါတိုင်များသို့ ဆီဖြည့်ရန်လာသည့် ကားတစ်စီးကို ရက္ခိုင့်တပ်တော AA ဖက်မှ ဖမ်းဆီးမှုရှိခဲ့ပြီး ဖမ်းဆီးရသည့်အကြောင်းရင်းမှာလည်း အဆိုပါကားတွင် စစ်ကောင်စီတပ်သားများအတွက် ရိက္ခာသယ်ယူလာ၍ဖြစ်သည် နီးစပ်သည့် ဒေသသတင်းရင်းမြစ်ကပြောသည်။

၎င်းဒေသဘက်တွင် MPT ဆင်းကဒ်တစ်ခုတည်းသာအသုံးပြု၍ ရရှိပြီး တစ်ခြား ဆင်းကဒ်များဖြစ်သည့် Telenor(Atom)၊ Mytel၊ Oreedoo တို့မှာ ထိုဒေသအတွင်း၌ လိုင်းမမိ၍ သုံးစွဲသူများမရှိပေ။ လက်ရှိတွင် အသုံးပြု၍ ရနေသည့် MPT ဆင်းကဒ်များမှာလည်း လိုင်းပြတ်တောက်နေခြင်းကြောင့် အဆိုပါဖက်မှ ဒေသခံများမှာ တစ်ခြားဒေသများနှင့်အဆက်သွယ်ပြတ်တောက်လျှက်ရှိကြသည်။

မောင်တောမြောက်ပိုင်းဖက်တွင် ယခုရက်ပိုင်းအတွင်းတိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ဒေသတွင်းအခြေအနေများနှင့် တိုက်ပွဲဖြစ်ပွားမှုအခြေနေနောက်ဆက်တွဲကိုသိရှိနိုင်ရန် Western News မှ အဆိုပါဒေသမှ ကျေးရွာအများအပြားအား ယမန်နေ့မှ ယနေ့နေ့လည်ပိုင်းအထိဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။

မောင်တောမြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလေ့ရှိသည့် ဒေသတစ်ခုဖြစ်ပြီး ထိုအခြေနေများကြောင့်လည်း ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ကာ ကြိမ်ချောင်း ၂၄ ဂိတ်မှနေ၍ သွားလာခွင့်ကန့်သတ်ထားခြင်းဖြစ်သည်။

လက်ရှိတွင်လည်း မောင်တောမြောက်ပိုင်းမှ မောင်တောမြို့ပေါ်သို့ အရေးပေါ်အခြေအနေမှသာဖြတ်သန်းခွင့်ရေသေးပြီး၊ စားနပ်ရိက္ခာကိုလည်း အနည်းငယ်မျှသာသယ်ယူခွင့်ရသေးကာ ပုံမှန်သွားလာခွင့်ကို ဆက်လက်ကန့်သတ်ထားဆဲဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/593920065747835

Leave a Reply

Your email address will not be published.