အာဏာရှင်များ၏ စစ်လက်နက်၊ ကလေးအသက်များနုတ်ယူလာ

By Western News/ 2022 August 31

ငွေရောင်မျက်မှန်ကိုင်းနှင့် ဆံပင်ကို ဘေးစောင်ခွဲထားကာ ပီတိအပြုံးဝေဖြာနေသည့် ပုံစံဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ခွဲခန်းသုံးဝတ်စုံဝတ်ဆင်ထားသည့် ဆရာဝန်များနှင့်အတူ ရိုက်နှိပ်ထားသည့် ဓါတ်ပုံတစ်ပုံကို ယခုနှစ် အစောပိုင်းကလူမှုမီဒီယာကွန်ရက်တွင် မြင်တွေ့ခဲ့ရသည်။

ယင်းဓါတ်ပုံမှာ India Today ကဖော်ပြထားသည့် ဓါတ်ပုံမှတ်တမ်းတစ်ခုဖြစ်ပြီး အိန္ဒိယဆရာဝန်နှစ်ဦးနှင့် အတူ စစ်အာဏာရှင် မင်းအောင်လှိုင်၏ ကိုးလအရွယ်မြေးအား နှလုံးအစားထိုးကုသ အပြီးတွင် ရိုက်ထားခြင်းဖြစ်သည် ဟု သတင်းဌာနကဆိုသည်။

မြေးငယ်အား အရေးပေါ် ဆေးကုသခွဲစိတ်နေသည့်အချိန်တွင် စိုးရိမ်ပူပန်ပြီး ပြန်လည်စိတ်သက်သာလာသည့်အချိန်တွင် ရိုက်ကူးခဲ့သည်ကို ဓါတ်ပုံက မြင်ယောင်ရသည်။ ပုံထွက်ပေါ်လာသည့် အချိန်မှာ မြန်မာနိုင်ငံတွင် အာဏာသိမ်းအပြီး စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့်ရဲတပ်ဖွဲများ၏ အကြမ်းဖက်မှုများကြောင့် ကလေးငယ်များ ဓါးစားခံ သေဆုံးနေသည့် အချိန်လည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကလေးငယ်များအပေါ်  လက်နက်နှင့် ဗုံးဒဏ်အန္တရာယ်ကျရောက်မှုများ ဖြစ်ပေါ်နေသော်လည်း ဆယ်နှစ်အောက် မြေး ၅ ဦးရှိသူ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်သည် သူ၏ လုပ်ရပ်များကို အာဏာသိမ်းပြီး တစ်နှစ်ကျော်လာသည့် အချိန်ထိ ရပ်တန့်သွားခြင်းမရှိသေးဘဲ တိုင်းပြည်အနှံ့အပြားတွင် ပြည်သူများအပေါ် အကြမ်းဖက်နေဆဲဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းက တိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေး ၃၈၂ ဦး သေဆုံးပြီး ကိုယ်လက်အင်္ဂါ ချို့ယွင်းပျက်စီးမှုများရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် Tom Andrews ၏ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သည့် သြဂုတ် ၂၈ ရက်နေ့က မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာထဲသို့လက်နက်ကြီးကျပြီး သေဆုံးခဲ့ရသည့် အသက် ၄  နှစ်အရွယ် မောင် မြတ်သူလင်းသည် မင်းအောင်လှိုင်၏ စစ်ကောင်စီတပ်သားများ ပြည်သူများအပေါ် အကြမ်းဖက်သည့် ဖြစ်စဉ်များထဲက ပစ်ခတ်မှုတစ်ခုဖြစ်သည်။

သေဆုံးသွားခဲ့ရသည့် ကလေးငယ်သည် စစ်အာဏာရှင် မင်းအောင်လှိုင် ၏မြေးတော်စပ်သူ၊ ခင်သီရိသက်မွန်၏ ၂၀၁၆ ဇွန်တွင် မွေးဖွားခဲ့သော ခြောက်နှစ်ရွယ် ဧကရီသက်မွန်လှိုင်နှင့်ဆိုလျှင် နှစ်နှစ်သာကွာခြားနေပေမည်။

မိခင်ဖြစ်သူ အသက် (၃၀) အရွယ် ကင်းဆိပ်ကျေးရွာသူ ဒေါ်စုစုက မှန်ခေါင်းထဲ၌ ဦးခေါင်းကို ပတ်တီးစည်းထားသော မောင်မြတ်သူလင်း၏ ရုပ်လောင်းကိုကြည့်ပြီး သားငယ်သေဆုံးရခြင်းမှာ သူမ၏ အမှားသာဖြစ်ကြောင်း ရုပ်လောင်းအား မသင်္ဂြိုဟ်မီကြည့်ရှုကာ ငိုယိုပြောဆိုသည်။

“သားရယ် သားလေးသေဆုံးတာ မေမေကြောင့်ပါ၊ မေမေက ဗုံးခိုကျင်းထဲမှာ နေခဲ့ရင် သားလေးဒီလိုဖြစ်မှာမဟုတ်ဘူး မေမေကြောင့် သားသေခဲ့ရတာပါ”ဟူသော စကားများသည် ရင်ထဲတွင် တောက်လောက်နေသော ပရိဒေဝသောကမီးများနှင့်အတူ ဒေါ်စုစု၏ နုတ်မှ ထွက်ကျလာခဲ့သည်။

မစုစုသည် သားငယ်နာရေးသို့ မြောက်ဦးဆေးရုံကနေ  ဆေးကုသမှုခံယူနေရင်း ဆေးရုံမှ လာရောက်ခြင်းဖြစ်သည်။ သူကိုယ်တိုင်လည်း သားနှင့်အတူ စစ်လက်နက်ကြီးကျရောက်မှုကို ခံခဲ့ရသူတစ်ဦးဖြစ်သည်။

ကင်းဆိပ်ကျေးရွာသို့ လက်နက်ကြီးကျရောက်မှုမှာ သြဂုတ် ၂၈ ရက်နေ့ ညနေပိုင်းအချိန်တွင် မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် AA တို့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နာရီဝက်အကြာတွင်ဖြစ်သည်။

တိုက်ပွဲဧရိယာနှင့် အလှမ်းဝေးကွာသည့် ကင်းဆိပ်ကျေးရွာသို့ မြောက်ဦး ခမရ ၃၇၇ ဖက်မှ လက်နက်ကြီးများ တရစပ်ပစ်ခတ်ခဲ့မှုကြောင့် ၄ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ကျေးရွာသား ၃ ဦးသေဆုံးခဲ့ပြီး ၈ ဦးပြင်းထန်ဒဏ်ရာရှိသွားခဲ့ခြင်းဖြစ်သည်။

Western News မှစုံစမ်းသိရှိရသည့် မျက်မြင်သက်သေများပြောဆိုချက်အရ သေဆုံးသွားသည့် ကလေးငယ်နှင့်မိခင်မှာ နေအိမ်အောက်ရှိ ဗုံးခိုတွင်းတွင်ပုန်းခိုနေကြပြီး ရွာထဲသို့ လက်နက်ကြီးနှစ်လုံးကျရောက်မှုကြောင့် မိမိရွာမှတစ်ခြားရွာသို့ ထွက်ပြေးရန် လုပ်ကြရာမှ တတိယမြောက် လက်နက်ကြီး ကျလာပြီး ထိခိုက်သေဆုံးကြရကြောင်းပြောသည်။

“အမြောက်ဆံက ကလေးရဲ့ခေါင်းကိုဖောက်သွားတယ်လို့ ယူဆရပါတယ်။ အမေနဲ့ ကလေးက ဗုံးခိုကျင်းထဲကထွက်ပြီး ပြေးနေတာ” ဟု အခင်းဖြစ်ပျက်မှုကို တွေ့မြင်လိုက်ရသည့် လုံခြုံရေးအရ အမည်မဖော်လိုသူက Western News သို့ရှင်းပြသည်။

#နှုတ်ဆိတ်နေသော ရခိုင်က စစ်ကောင်စီအပေါင်းအပါများ

မောင်မြတ်သူလင်း သေဆုံးရသည့် သြဂုတ် ၂၈ ရက်နေ့မတိုင်မီ သြဂုတ် ၂၅ ရက်နေ့ကဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့သည် စစ်ကောင်စီဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဒုတိယအကြိမ်မြောက် တက်ရောက်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့သည်ဟု မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့သည် ဒေါ်စောမြရာဇာလင်းက Western News နှင့်တခြားမီဒီယာသို့ ပြောဆိုထားသည်။

သို့သော် ငြိမ်းချမ်းရေးသည် ရခိုင်သို့ ရောက်မလာသေးချေ။ စစ်ကောင်စီတပ်များ၏ ထိုးစစ်ဆင်မှုသည်က ရခိုင်ဒေသနေရာ အသီးသီးတွင်မြင့်တက်လာသည်။

ရခိုင်မြောက်ပိုင်းမောင်တောမြို့နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့အကြား နှစ်ဖက်တင်းမာမှုများရှိနေပြီး စစ်ကောင်စီက မောင်တော-အငူမော် ကားလမ်းကိုပိတ်ထား၍ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ ပို့ဆောင်နေသည့် ငါးကားများ ခရီးကြန့်ကြာမှုရှိနေကာ ဆုံးရှုံးမှုများစွာရှိနေ​သည့်အတွက် ငါးတင်ပို့နေသည့် လုပ်ငန်းရှင်များညည်းညူးနေကြသည်။

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့်နေရာနှင့် အနီးစပ်ဆုံးကျေးရွာတစ်ခုဖြစ်သည့် မောင်တောမြို့နယ်၊ မင်းခမောင်းကျေးရွာသား ၄ ဦးကိုလည်း ဖမ်းဆီးခံရပြီး မင်းကြီးကျေးရွာမှ အဖွားအိုတစ်ဦးမှာလည်း ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်နေ့ နံနက်က စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားခဲ့ပြီး ယင်းအနီးအနားကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးရာတွင်လည်း စစ်ကောင်စီတပ်က သွားလာခွင့်များပိတ်ထား၍  လမ်းတွင် ပိတ်မိနေသည်။

ပြည်သူများဒုက္ခ အခက်ခဲများသည် ကျေးရွာများကို မြေလှန်မီးရှို့နေသည့် စစ်တပ်၏ စစ်ကောင်စီ အာဘော် သတင်းစာတွင်ဖော်ပြခြင်းမရှိသလို ရခိုင်လူမျိုး စစ်ကောင်စီအဖွဲ့ဝင် အရာရှိများ၏ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ရေးသားဖော်ပြခြင်းမရှိပေ။

ခန္ဓာထဲတွင် ရခိုင်လူမျိုးသွေးစီးဆင်းနေသည် ဆိုသည့် ရခိုင်ပြည်နယ်ဝန်ကြီးဟောင်း ယခု စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီး မောင်မောင်အုန်း ရခိုင်ကို ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်က ဝန်ကြီးချုပ်နှင့် သိကျွမ်းရင်းနှီးပြီး ဇိမ်ခံကားများကို လက်ဆောင်ရရှိခဲ့သည် ဦးသန်းထွန်း (စစ်ကောင်စီ ရခိုင် သယံဇာတရေးရာဝန်ကြီး) ၏ ကိုယ်ပိုင် လူမှုကွန်ရက် အကောင့်တွင်လည်း မတွေ့ရှိရပေ။

ဦးသန်းထွန်းသည် NLD အစိုးရလက်ထက်တွင် ရက္ခိုင့်တပ်တော်နှင့်မြန်မာတပ်မတော် စစ်ပွဲများကြား ထိခိုက်ဒဏ်ရာ ရသူများကို ကူညီရာတွင်ရှေ့ဆောင် ရပ်တည်ခဲ့သူတစ်ဦးဖြစ်သည်။

ပြည်နယ်  စစ်ကောင်စီအစိုးရအဖွဲ့တွင် ဝန်ကြီးနေရာ ရယူပြီးနောက် စစ်ဘေးဒဏ်ကြောင့် စစ်တွေဆေးရုံသို့ ရောက်ရှိလာသည့် လူနာများနှင့်ဆက်နွယ်ပြီး သူ၏ လှုပ်ရှားမှုများမှာ လူမြင်ကွင်းထဲတွင် ပျောက်ကွယ်နေသည်။

ယင်းနည်းတူပင် ဥရောပသမဂ္ဂက အရေးတယူ ပိတ်ဆို့ခံရသည် စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်ထံမှလည်း ရခိုင်စစ်ဒဏ်သင့်အရေးများနှင့် ပတ်သက်ပြီး ပြည်သူများအပေါ် ထုတ်ဖော်​ဖွင့်ဟမှုများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် နေရာရရှိပြီးနောက်တွင် တိုးတိတ်သွားပြီဖြစ်သည်။

ဒေါ်အေးနုစိန်သည် ရခိုင်အမျိုးသားပါတီ၏ ဒုဥက္ကဌတစ်ဦးဖြစ်သလို မတရားအသင်း ဆက်သွယ်မှု ပုဒ်မများဖြင့် တရားစွဲဆိုခံရသည့် ကျေးလက်နေပြည်သူများအပေါ် အခမဲ့ကူညီဆောင်ရွက်ပေးခဲ့သည့် ရှေ့နေတစ်ဦးလည်းဖြစ်သည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှမူ ယင်းအခြေနေများအပေါ် စစ်ကောင်စီမှ ရခိုင်ပြည်တွင်း ကျူးလွန်နေသည့် လူမဆန်သော စစ်ရာဇဝတ်မှုတို့ကို မသိကျိုးကျွံ့ပြုကာ နှုတ်ဆိတ်နေသည့် ရခိုင်ပြည်ဖွား စစ်ကောင်စီအဖွဲ့ဝင်များနှင့် ဝန်ကြီးများကို  သမိုင်းတရားခံအဖြစ် မှတ်ယူကာ ရှုံ့ချကြောင်း သြဂုတ် ၂၈ ရက်နေ့ကထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတပ်တို့သည် ယခုနှစ်အတွင်း တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွါးလာနေပြီး ထိုသို့တိုက်ပွဲဖြစ်ပွားသောနေရာများတွင် စစ်ကောင်စီတပ်သားများက လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ကဆိုသည်။

လူအခွင့်ရေးချိုးဖောက်နေမှုများအပေါ်  တောင်းဆိုချက်များအဖြစ် ထုတ်ပြန်ချက်တစ်စောင်ကို သြဂုတ် (၂၇) ရက်နေ့က ထုတ်ဝေခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် သြဂုတ်လ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ် ချိန်ခါလီ၊ ကိုးတန်းကောက်အနီးတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အငူမော်- မောင်တောကားလမ်းနှင့် ရေချမ်းပြင်-အငူမော်ရေလမ်းကို ပိတ်ဆို့ထားသည်မှာ ရက်သတ္တနှစ်ပတ်ကြာမြင့်နေပြီဖြစ်သော်လည်း ပြန်လည်ဖွင့်ပေးခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။

ထိုသို့လမ်းပန်းဆက်သွယ်ရေးအား ပိတ်ထားခြင်းမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးကြေညာစာတမ်း အပိုဒ် (၁၃) နှင့် ငြိစွန်းနေသဖြင့် စစ်ကောင်စီတပ်သည် လူ့အခွင့်အရေးချိုးဖောက်ခြင်းကို ပြုလုပ်နေသည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က မှတ်ချက်ပြုသည်။

“ခရီးသွားလာခွင့်ပိတ်ထားခြင်းဖြင့် ပြည်သူလူထုစားဝတ်နေရေး အခက်အခဲနှင့် ကြုံတွေ့ရပြီး၊ ပိတ်ပင်ခံထားရသည့် ဒေသတစ်ခုလုံး ဆိုးဝါးသည့်အဖြစ်မျိုး ခံစားကြရမည်ဖြစ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့သော် ဒေသနေပြည်သူများ၏ အခက်ခဲများသည် စစ်ကောင်စီ အစိုးရအဖွဲ့ဝင်များအဖြစ်နေရာ ရယူထားသည့် ရခိုင်နွယ်ဖွားများကြားတွင်  တိတ်ဆိတ်နေဆဲဖြစ်သည်။

#စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ရခိုင်ပြည်သူများအပေါ်  ခြိမ်းခြောက်ပြောဆိုမှု

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်နယ်တွင် ပြဿနာတစ်ခုခုဖြစ်လာလျှင် စစ်ကောင်စီကို အဆိုးမပြောရန် ရခိုင်ပြည်သူများအား ခြိမ်းခြောက်ပြောဆိုသွားခဲ့သည်။

 “ဒီအချိန်မှာ ကျနော်တို့ ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်။ စိတ်ရှည်သည်းခံပြီးတော့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် ကျနော်တို့လုပ်နေတာဖြစ်ပါတယ်။ ခုဖြစ်နေတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုး မဆိုပါနဲ့လို့ပဲ ကျနော်ပြောချင်ပါတယ်”ဟု ပြောဆိုခဲ့သည်။

၄င်းအပြင် ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့်ပတ်သက်၍လည်း ဇူလိုင် ၂၆ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်သူလူထုအကျိုးကို ရှေ့ရှု၍ တပ်မတော်မှ သည်းခံနေခြင်းကို AA က ရန်စလာသည်ဟု ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်မှာ ပြည်သူကို ​ခြိမ်းခြောက် အကျပ်ကိုင်ပြောဆိုသော စကားဖြစ်သည်ဟု ရခိုင်ပြည်နယ်မှ ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ယင်းအချိန်က မီဒီယာများသို့ သုံးသပ်ပြောဆိုခဲ့သည်။

“ဒီစကားကတော့ ခြိမ်းခြောက်တဲ့စကားဖြစ်တယ်။ သူတို့မတိုက်နိုင်လို့မဟုတ်။ လူထုအကျိုးစီးပွားကိုထောက်လို့ သူတို့မတိုက်တာ။ ဖြစ်လာရင်တော့ ငါတို့က ညှာမှာမဟုတ်ဘူးဆိုပြီးတော့ ပြောခဲ့တယ်။  တနည်းအားဖြင့်ပြောရရင် ​ပြည်သူကိုသတိပေးနေတာလို့ ပြောလို့ရတယ်။ ပြည်သူကို ငါတို့လုပ်တော့မယ်။ မင်းတို့ဖက်က လွန်လာပြီဆိုပြီးတော့ ပြည်သူကို အကျပ်ကိုင်၊ခြိမ်းခြောက်နေတာဖြစ်တယ်”ဟု ပြောသည်။

ဦးဖေသန်း ပြောဆိုချက်ကဲ့သို့ပင် ရခိုင်ပြည်နယ်တွင် ပြဿနာတစ်ခုခုဖြစ်တိုင်း စစ်ကောင်စီသည် ပြည်သူလူထုအား အကျပ်ကိုင်၊ ခြိမ်းခြောက်မှုများ ပြုလုပ်လာနေသလို ဒေသခံ လူထုများ နေထိုင်ရာ ကျေးရွာများဖက်သို့ လက်နက်ကြီးပစ်ခတ်မှုများကိုလည်း  စစ်ကောင်စီက အငြိုးကြီးကြီးဖြင့် လုပ်ဆောင်လာခဲ့သည်။

#အဖေဘယ်သူ့အပြစ်တင်ရမလဲ

မောင်မြတ်သူလင်း၏ နာရေးအား ဖခင်ဖြစ်သူ မှာလည်း လာရောက်နိုင်ခြင်းမရှိချေ။ ရခိုင်ဒေ၏ အလုပ်အကိုင်အခွင့်လမ်းနည်းပါးမှုကြောင့် တခြားအိမ်ထောင်သည်များ၊ လူငယ်များကဲ့သို့ ပြည်ပသို့ သွားရောက်လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရသူတစ်ဦးဖြစ်သည်။

မိသားစုနှင့်ပုံမှန်ဆက်သွယ်လေ့ရှိပြီး သူချစ်မြတ်နိူးသည့် သားငယ်၏ ဓါတ်ပုံများကိုမျှဝေလေ့ရှိသည့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သားငယ်နှင့်ပါတ်သက်ပြီး သူ၏ခံစားချက်ကိုသာ ဖွင့်ဟနနိုင်ပေသည်။ သားဖြစ်သူ၏ နာရေးသို့ လူကိုယ်တိုင် လာရောက်နိုင်ခြင်းမရှိဘဲ မျက်ရည်များစီးကျလျက်  နယ်မြေရပ်ခြားမှ video call ဖြင့်သာ ကြည့်နေခဲ့ရသည်။

 “အဖေ့သားလေး အဖေ ဘယ်လိုဖြေသိမ်းရမှာလဲ သားကြီး။ အဖေ ဘယ်သူကိုအပြစ်တင်ရမှာလဲ။ အဖေရင်ထဲမှာ သားကြီးမရှိရင်  အဖေ ဘာတစ်ခုမှ မမြင်တော့ဘူး သားကြီး။ အဖေ သားကြီးကို ရှင်ပြုရမှာလေ။  အခုက ဘယ်သူကို ရှင်ပြုရမှာလဲ သားကြီး။  အဖေမခံစားနိုင်ဘူး သားကြီး “ဟုရေးသားထားသည်။

သားဖြစ်သူ၏ ရယ်သံများ၊အပြုံးများကို ဖုန်းခေါ်ဆိုတိုင်းတွေ့ရလေ့ရှိသည့်  လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ  ယခုအကြိမ်ခေါ်ဆိုမှုတွင် သူတွေ့မြင်ခွင့် မရတော့ပါ။

သစ်သားခေါင်းထဲတွင် ငြိမ်သက် လဲလျှောင်းနေသော သားဖြစ်သူ၏ ရုပ်လောင်းကိုသာ ဖုန်းခေါ်ဆိုမှုကနေ နောက်ဆုံးအကြိမ်အဖြစ်တွေ့ခွင့်သာ ရရှိတော့ပေသည်။

https://www.facebook.com/westernnewsagency/posts/594821062324402

Leave a Reply

Your email address will not be published.