ရသေ့တောင်တွင် ရိက္ခာဆင်းယူသည့်စစ်ကြောင်းခြုံခိုတိုက်ခိုက်ခံရ၍ စကစတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး၊ ယမန်နေ့ညက တိုက်ပွဲယနေ့နံနက်ဆက်ဖြစ်

By Narinjara / 2022 August 31

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်းတွင် ယမန်နေ့ညနေက ရိက္ခာဆင်းယူသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော်( AA) က ခြုံခိုတိုက်ခိုက်သဖြင့် စစ်သား ၄ ဦး သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

“ မနေ့က မညင်းတောင်စခန်းကနေ ကုလားချောင်းကို ရိက္ခာဆင်းယူတဲ့ စစ်ကြောင်းကို အေအေက ခြုံခိုတိုက်ခိုက်တာဖြစ်ပါတယ်။ စစ်သား ၄ ဦးကျသွားတယ်လို့  သိရပါတယ်။ အေအေဘက်က ကျဆုံးတာမရှိပါဘူး”ဟု အေအေနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ရိက္ခာများကို ဇက်ရေယာဉ်ဖြင့် စစ်တွေကနေ ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကုလားချောင်းကျေးရွာကို မေယုမြစ်အတိုင်း သယ်ယူပြီး၊ ကုလားချောင်းကျေးရွာမှ တဆင့် မညင်းတောင်စခန်းကို စစ်သားများက သယ်ယူကာ ၎င်းမှ တဆင့် ငစံဘော်ချောင်းကို ဖြတ်ကာ ရေစိုးချောင်း ဗျူဟာကို ပို့ဆောင်လေ့ရှိသည်ဟု သိရသည်။

 “ ဇက်သင်္ဘောကရိက္ခာကို သူတို့ ဆင်းယူတဲ့ အချိန်မှာ ခြုံခိုပြီးတိုက်တာ။ မနေ့က ဇက်ရေယာဉ် လာတာရှိတယ်။ အေအေကကြားဖြတ်တိုက်သွားတာပါ။ တိုက်ပွဲကတော့ တစ်နာရီလောက်ဘဲ ကြာပါတယ်။ ဒါပေမယ့် လက်နက်ကြီးတွေ ပစ်တာကတော့ အချိန်တော်တော်ကြာတယ်” ဟု ပြောသည်။

အဆိုပါ စစ်သား ၄ ဦး ကျဆုံးသွားမှုနှင့် ပတ်သက်ပြီး အေအေဘက်ကရော စစ်ကောင်စီဘက်ကပါ တစ်စုံတစ်ရာ ထုတ်ပြန်ကြားခြင်းမရှိသေးသလို ဆက်သွယ်မေးမြန်း၍လည်း မရသဖြင့် သီးခြားအတည်ပြုချက်တော့ ရယူနိုင်ခြင်း မရှိသေးပါ။

မနေ့က တိုက်ပွဲမှာ ၆ နာရီခွဲခန့်ကနေ  ညနေ ၇ နာရီကျော်ထိ ဖြစ်ပွားခဲ့ပြီး ၁ နာရီခန့် ကြာဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်သံများကိုလည်း အဆက်မပြတ် ကြားခဲ့ရသည်ဟု ဆိုသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲသည် ယနေ့ နံနက် ၇ နာရီခွဲခန့်ကလည်း ဆက်လက် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို ကြားခဲ့ရကာ နာရီဝက်ခန့်ကြားခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီရဟတ်ယာဉ်များ ဝဲပျံနေသည်ကို မြင်တွေ့ရသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

https://www.facebook.com/narinjara.info/posts/5771974676147895

Leave a Reply

Your email address will not be published.