ရခိုင်တွင် တစ်နေ့လျှင် လျှပ်စစ်မီး ၂ ကြိမ်အထက်ပြက်နေ၊ တစ်ကြိမ်ပြတ်လျှင် ၄ နာရီမှ ၆နာရီအထိ ကြာမြင့်

By Western News/ 2022 August 31

ရခိုင်တစ်ပြည်နယ်လုံးရှိ မြို့နယ်များကို ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်မီးသည် တစ်နေ့လျှင် ပုံမှန် ၁ကြိမ်မှ ၂ ကြိမ်ထိပြတ်တောက်လျက်ရှိပြီး လျှပ်စစ်မီးတစ်ကြိမ်ပြတ်လျှင် အနည်းဆုံး ၃နာရီထိကြာမြင့်ကာ တစ်ခါတစ်ရံ ၄နာရီမှ ၆နာရီထိ အချိန်ကြာမြင့်စွာ ပြတ်တောက်နေသည်။

လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေ၍ မီးစက်ဝယ်ကာ အစားထိုးအသုံးပြုနေမှုများရှိသော်လည်း ဓါတ်ဆီဈေးနှုန်းများ အဆမတန်မြင့်တက်နေသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် အရှုံးများနှင့် ရင်ဆိုင်နေရသည်။

ယင်းကဲ့သို့ လျှစ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောင်နေမှုကြောင့် လျှပ်စစ်မီးကို အဓိထားလုပ်ကိုင်နေသော လုပ်ငန်းများလည်းထိခိုက်မှုရှိနေသည်ဟုမြောက်ဦးမြို့မှ သစ်စက်ပိုင်ရှင်တစ်ဦးက ပြောသည်။

“လျှစ်စစ်မီးက တစ်နေ့ကို ပုံမှန် ၁ကြိမ်တော့ အနည်းဆုံးပြတ်တာပဲ။ တစ်ခါတစ်လေ ၂ ကြိမ်ထိပြတ်သေးတယ်။ ခဏလေးပြတ်ရင်တော့ ပြဿနာမရှိဘူး။အခုက တစ်ခါပြတ်လည်း အနည်းဆုံး ၄ နာရီလောက်ကြာတယ်။ လျှပ်စစ်မီးကို အဓိက အသုံးပြုနေရတဲ့ဦးလေးတို့ လုပ်ငန်းတွေဟာ အရမ်းထိခိုက်ရတယ်။ မီးစက်အစားထိုးသုံးလို့ရပေမဲ့ ဈေးနှုန်းတွေက အရမ်းမြင့်တော့ လုပ်သားဖိုးတွေနဲ့ဆို လုပ်ငန်းအတွက်အဆင်မပြေဘူး”ဟုပြောသည်။

ယင်းသို့ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေသော်လည်း ပြတ်တောက်မည့်အချိန်ကို လျှပ်စစ်မီးရုံးများမှလည်း ကြိုတင်အသိပေးမှုများမရှိ၍ ကြိုတင်အသိပေးချက်များထုတ်ပြန်ထားသင့်သည်ဟု စစ်တွေဒေသခံတစ်ဦးကပြောသည်။

“မီးပြတ်မယ်ဆိုရင်လည်း ကြိုပြီးအသိပေးသင့်တယ်ပေါ့။ မြို့နယ်တိုင်းက လျှပ်စစ်မီးရုံးတွေမှာ ဝန်ထမ်းတွေရှိတာပဲ။ ကျွန်မတို့က သုံးစွဲတဲ့ပြည်သူတွေဖြစ်လို့ သူတို့ဖက်က အကြောင်းတစ်ခုခုကြောင့် မီးပြတ်တောက်မယ်ဆိုရင် ကြိုအသိပေးရမယ့် ဝန်ထမ်းတွေရှိမှာပဲ။ ရုတ်တရက် ​ရှော့ဖြစ်သွားတယ်ဆိုရင်တော့ထားပါတော့။ ခုကနေ့တိုင်း အချိန်အကြာကြီးပြတ်နေတာ ကြိုပြီးအသိပေးသင့်တယ်”ဟုပြောသည်။

လျှစ်စစ်မီတာခ ကောက်ခံရာတွင် စာရွက်စာတမ်းများ အမှားအယွင်းများ လတိုင်းကြုံနေရပြီး မီတာများကို မှားဖတ်ကာ သွားဆောင်သည့်အခါတွင်လည်း၎င်းတို့ဖက်မှ မည်သို့မျှ ပြောဆိုခြင်းမရှိကြောင်း သုံးစွဲသူများက ဝေဖန်ပြောဆိုသည်။

ယင်းပြင် လျှပ်စစ်မီတာခများကို သက်ဆိုင်ရာ ဝန်ထမ်းများက အိမ်ကိုပင်လာရောက်မကြည့်ဘဲ မီတာဆောင်ရန်စာရွက်ရောက်လာလျှင် သုံးစွဲသည့် ယူနစ်နှင့် ဘောက်ချာပါ ယူနစ်မှာ လတိုင်းလိုလို ကွာဟမှုရှိသည်ဟု စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်တွင်နေထိုင်သူတစ်ဦးကပြောသည်။

“EPCရုံးက လူတွေက အိမ်က မီတာဘောက်ချာကိုတောင်လာမကြည့်ဘဲ မီတာစာရွက်က လတိုင်းရောက်လာတယ်။ အကြားအမြင်များ ရနေကြလားမသိဘူး။ တစ်ခါ လာကြည့်လို့ မေးကြည့်သေးတယ်။ ဘာလို့ မီတာသုံးစွဲတဲ့ယူနစ်လာမကြည့်ဘဲ မီတာစာရွက်မှာ သုံးစွဲတဲ့ယူနစ်ဘယ်လိုထည့်လဲမေးတော့ ခန့်မှန်းထည့်တယ်တဲ့။ ဘာပြောရမှန်းတောင်မသိဘူးဖြစ်သွားတယ်။ ပြီးတော့ မီတာခတွေ အရမ်းတက်သွားတယ်ပြောတော့ နောက်လ ယူနစ်လျော့မှတ်ပေးမယ်တဲ့ အဲ့ဒီလိုပြောသွားတယ်”ဟုပြောသည်။

လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်နေမှုနှင့် မီတာခဈေးနှုန်းများကောက်ဆောင်နေမှုနှင့်ပတ်သတ်၍မေးမြန်းရန် စစ်တွေလျှပ်စစ်ရုံးနှင့် ပုဏ္ဏားကျွန်းပင်မ ဓါတ်အားခွဲစက်ရုံမှ တာဝန်ရှိသူများကို Western News က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ရှိ ပင်မဓါတ်အားပေးစက်ရုံမှ စစ်တွေ၊ မြောက်ဦး၊မင်းပြား၊ ပုဏ္ဏားကျွန်း၊ကျောက်တော်၊ မြေပုံ၊ပေါက်တော၊ ရသေ့တောင်၊ဘူးသီးတောင်၊ မောင်တောစသည့် မြို့နယ် ၁၀မြို့နယ်ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။ကျန်မြို့နယ်များကို အမ်းမြို့နယ်ရှိ ဓါတ်အားလိုင်းမှခွဲဝေဖြန့်ဖြူးနေခြင်းဖြစ်ကြောင်းသိရသည်။

စစ်တွေမြို့မှ ကွန်ပျူတာသင်တန်းဆရာတစ်ဦးက” သင်တန်းပြနေရင်း မီးပြတ်သွားရင် အရမ်းအခက်အခဲဖြစ်တယ်။ တစ်ခါတစ်လေ သင်တန်းချိန်တွေဖျက်လိုက်ရတာတွေအများကြီး သင်တန်းတက်တဲ့သူတွေလည်းနစ်နာတယ်။ မီတာခကလည်း မီးပုံမှန်ရချိန်က ၁သိန်း ကျော်ဆိုရင် မီးမကြာမကြာအချိန်အကြာကြီးပြတ်တဲ့ လတွေဆို လျော့သင့်တာလေ။ လုံးဝမလျော့တဲ့အပြင် ပုံမှန်ထက်တောင် ပိုပေးရတာတွေရှိသေးတယ်။ လျှပ်စစ်မီးမခြေအနေကတော့ အရမ်းဆိုးဝါးတယ်။ သူများနိုင်ငံတွေမှာ ဒီလောက် မီးပြတ်ရင် အစိုးရဖက်က လျော်ကြေးတွေပေးရတယ်”ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ NLDအစိုးရလက်ထက်ကတည်းက ၂၀၂၀ခုနှစ်တွင် ရခိုင်တစ်ပြည်နယ်လုံး မီးလင်းရေးဆောင်ရွက်မည်ဟု ပြောဆိုမှုများရှိခဲ့သော်လည်း လက်ရှိအထိ ကျေးလက်ဒေသအများစုမှာ လျှပ်စစ်မီးမရရှိသေးပေ။

ပြီးခဲ့သည့် ဧပြီလမှ ဇူလိုင်လအထိ ၄ လတာအတွင်း သဘာဝဓာတ်ငွေ့ ရောင်းချမှုမှ ရရှိသောဝင်ငွေသည် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိခဲ့ပြီး ယင်းတို့မှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို တင်ပို့ရောင်းချခြင်းမှ ရရှိခြင်းဖြစ်ကြောင်း အစိုးရပိုင်သတင်းစာက သြဂုတ်လ ၂၅ ရက်နေ့တွင် ဖော်ပြသည်။

https://www.facebook.com/westernnewsagency/posts/594772255662616

Leave a Reply

Your email address will not be published.