မောင်တော ခမောင်းဆိပ်ဗျူဟာကုန်းတိုက်ပွဲတွင် စစ်ကောင်စီဖက်က ၄၀ ဦးကျ၊ AAက ဗျူဟာကုန်းအား မသိမ်းပိုက်နိုင်သေး

By Western News/ 2022 August 30

စစ်ကောင်စီတပ်နှင့်  ရက္ခိုင့်တပ်တော်AA တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွါးနေသည့် မောင်တောမြောက်ပိုင်းတွင် တည်ရှိသည့် ခမောင်းဆိပ် ဗျူဟာကုန်းအနီးတိုက်ပွဲတွင် စစ်ကောင်စီဖက်က ၄၀ ဦးခန့်ကျဆုံးခဲ့ပြီး AAဖက်ကလည်း ၈ ဦးထက်မနည်းကျဆုံးခဲ့ကြောင်း ခိုင်လုံသော သတင်းရင်းမြစ်က ပြောသည်။

ဩဂုတ် ၂၅ ရက်နေ့မှစ၍ ဩဂုတ် ၂၈ ရက်နေ့အထိ ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းထန်ဖြစ်နေသည့် ခမောင်းဆိပ်ဗျူဟာကုန်းတွင် စစ်ကောင်စီဖက်က အကျအရှုံးများ၍ တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီးဖြင့် ဩဂုတ် ၂၇ ရက်နေ့ကတစ်ကြိမ်နှင့် ၂၈ ရက်နေ့မှာတစ်ကြိမ် လေကြောင်းပစ်ကူတိုက်ခိုက်ပြီး ယနေ့ မနက်ပိုင်း ရဟတ်ယာဉ် တစ်စီးနှင့် ရိက္ခာများလာရောက်ပေးပို့ခဲ့ကြောင်း AA ၏ သတင်းရင်းမြစ်က Western News ကိုပြောသည်။

သို့သော်လည်း ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်၏ ခမောင်းဆိပ်ဗျူဟာကုန်းကို ဩဂုတ် ၃၀ ရက်နေ့ နေ့လယ်ပိုင်းအထိ သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်းနှင့် စစ်ကောင်စီဖက်က ယင်းအနီးတစ်ဝိုက်ကို ဖုန်းလိုင်းအချို့အား ဖြတ်တောက်ထားကြောင်း ၎င်းသတင်းအရင်းမြစ်က ပြောသည်။

“တိုက်ပွဲက ဗျူဟာကုန်း အနီးတစ်ဝိုက်မှာအပြင်းအထန်ဖြစ်တာ။ ၂၆ ရက်နဲ့ ၂၇ ရက်နေ့  တိုက်ပွဲမှာ စစ်ကောင်စီဖက်က ၄၀ လောက်ကျတယ်။ တိုက်ပွဲက ပလက်ဝမှာထက် မောင်တောမှာက ပိုပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ စစ်ကောင်စီတပ်က ဗိုလ်မှူး နှစ်ယောက်ကျပါတယ်။ အလောင်းတစ်ချို့ရတယ်။ အရှင်ဖမ်းမိတာလဲရှိတယ်။ ကျနော်တို့ဖက်ကတော့ ၈ ယောက်ကျတယ်။ ဒဏ်ရာရတာရှိတယ်”ဟုပြောသည်။

ခမောင်းဆိပ်မြို့တွင် အခြေစိုက်ထားသည့် ဗျူဟာကုန်းအနားတွင် ငါးရံချောင်း၊ ဝေလာတောင် ၊ အောင်ဇူ၊ မင်းခမောင်း၊ လေးမြို့ကေဒီ စသည့် ကျေးရွာဒေသခံများသည်လည်း တိုက်ပွဲပြင်းထန်ဖြစ်ပွားနေ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

တိုက်ပွဲဧရိယာနှင့် အနီးစပ်ဆုံးဖြစ်သည့် ခမောင်းဆိပ်ဒေသခံတစ်ဦးက “တိုက်ပွဲက ဒီတစ်လလုံး ဖြစ်လိုက်ရပ်လိုက်ပဲ။ လက်နက်ကြီးအသံတွေကတော့ နေ့တိုင်းလိုလိုကြားရတယ်။ တိုက်ပွဲပြင်းတဲ့နေ့ကတော့ ၂၆ ရက်နေ့။ ကျနော်တို့တစ်ရွာလုံးအကုန်ပြေးရတာ။ ၂၇ ရက်မှာတော့ လေယာဥ်နဲ့တိုက်တာတွေပါလာတာကို နီးစပ်ရာတွေက မြင်နေရတယ်” ဟုပြောသည်။

သြဂုတ်လ ၂၉ ရက်နေ့မှစတင်၍ ယနေ့မနက်ပိုင်းနှင့် နေ့လယ်ပိုင်းအထိ မောင်တောမြောက်ပိုင်းဘက်တွင် မြဝတီအလွန် သင်္ဘောလှ၊ မီးတိုက်၊ သာယာကုန်း၊ တောင်ပြို၊ တမန်းသား၊ တရိန်း၊ မင်းခမောင်း၊ ခမောင်းဆိပ်၊ နန်းရာကိုင်း၊ နံသာတောင် စသည့်ကျေးရွာများနှင့် တစ်ခြားဆက်စပ်ကျေးရွာများမှာပါ MPT ဖုန်းလိုင်းပြတ်တောက်နေသည်။

အမည်မဖော်လိုသည့် မောင်တော MPT တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ တပ်ဆင်ထားတာက Auto စက်တွေပါ။ မီးစက်က ဆီကုန်သွားရင် ဆိုလာ System ရှိနေတယ်။  ဒါပေမဲ့ ဘယ်လောက်မှမခံဘူးလေ။ ကြိမ်ချောင်းအထက်ပိုင်းမှာရှိတဲ့ တာဝါတွေကို ဆီသွားထည့်ဖို့လုပ်တယ်။ ဒါပေမဲ့လမ်းတွေကိုသွားလာခွင့် ပိတ်ထားတယ်။ ဆီသွားဖြည့်တဲ့အချိန်မှာ လမ်းမှာ အဖမ်းခံရတာဗျ။ ဖုန်းလိုင်းတွေ ပြတ်နေတာတော့ ဟုတ်ပါတယ်”ဟု  Western News ကိုပြောသည်။

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဖက်က ၄၀ ဦးခန့်နှင့် AA ဖက်က ၈ဦးကျဆုံးမှုရှိကြောင်း ပြောဆိုချက်နှင့်ပတ်သက်၍ Western News မှ သီခြား အတည်ပြုချက် မရှိသလို ၎င်းတိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီပြန်ကြားရေးနှင့် ရက္ခိုင့်တပ်တော် AA ဖက်က သီးခြား တစ်စုံတစ်ရာ ထုတ်ပြန်သေးခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်နှင့်  ရက္ခိုင့်တပ်တော် (AA) တို့ အပြင်းအထန်ဖြစ်ပွါးနေပြီး ခမောင်းဆိပ်မှ ထွက်ပြေးလာပြီး အနီးအနားကျေးရွာကို ရောက်ရှိနေသည့် ဒေသခံတစ်ဦးက အခြေအနေအား ယခုကဲ့သို့ပြောသည်။

“စစ်ကောင်စီတပ်က မဆုတ််သေးဘူးသိရတယ်။  ခမောင်းဆိပ်ဗျူဟာကုန်းမှာရှိနေတယ်။ ရဟတ်ယာဉ်နဲ့ ဒီနေ့လည်း ရိက္ခာလာပို့တာကို မြင်ရတယ်ဗျ။ ဒီနေ့ တိုက်ပွဲဖြစ်တာတော့မရှိဘူးလို့သိရတယ်”ဟုပြောသည်။

အတည်မပြုရသေးသော သတင်းများအရ ခမောင်းဆိပ်ရှိ ဘုန်းကြီးကျောင်းထဲမှ ပရဟိတစာသင်ကျောင်းငယ်၊ လူနေအိမ်အဆောင်နှင့် ထမင်းစားဆောင်များမှာ သြဂုတ်လ ၃၀ ရက် နံနက် ၈ နာရီကျော်က မီးရှို့ခံခဲ့ရကြောင်း ဒေသခံများကပြောဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AAတို့သည် ရခိုင်ဒေသအတွင်း ၃ နေရာနှင့် ပလက်ဝဒေသအတွင်း ၁ နေရာ စုစုပေါင်း ၄ နေရာတို့၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်သား ၃၇ ဦး သေဆုံး AA ဖက် အနည်းငယ် ကျဆုံးခဲ့ကြောင်း ဩဂုတ် ၁၅ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည် မြို့နယ်အချို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွါးနေပြီး ယင်းအထဲမှ မြောက်ဦးမြို့နယ်ရှိ လက္ကာကျေးရွာနှင့် အောက်သားကန်ရွာကြား ကားလမ်းနံဘေးတွင် သြဂုတ်လ ၂၈ ရက်ညနေပိုင်းတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာအတွင်  တိုက်ပွဲဖြစ်ပွါးနေရာနှင့် အလွန်ကွာဝေးသည့် မြောက်ဦးကင်းဆိပ်ကျေးရွာကို မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ ခမရ ၃၇၇ ဖက်မှ လက်နက်ကြီးများ တရစပ်ပစ်ခတ်ခဲ့မှုကြောင့် ၄ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် ကျေးရွာသား ၂ ဦးသေဆုံးခဲ့ပြီး ၇ ဦးထက်မနည်းပြင်းထန်ဒဏ်ရာရှိခဲ့သည်။

ထိုဖြစ်စဥ်မှာ စစ်ကောင်စီတပ်မှ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်းဖြစ်ပြီး ထိုသို့မတရားသတ်ဖြတ်ခံရသည့် ရခိုင်ပြည်သူများအတွက် လက်တုံ့ပြန်သွားရန်ရှိသည်ဟု ရက္ခိုင့်တပ်တော်၏ AA က ပြောဆိုထားသော်လည်း အရပ်သားများ ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီဖက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။

သြဂုတ်လ ၂၇ ရက်တွင်လည်း တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြောက်ပိုင်းရှိ မင်းကြီးရွာမှ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်၍ သေဆုံးမှုရှိခဲ့ပြီး မင်းခမောင်းကျေးရွာမှ ကျေးရွာသား ၄ ဦးကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားမှုတို့ရှိခဲ့သည်။

https://www.facebook.com/westernnewsagency/posts/594169242389584

Leave a Reply

Your email address will not be published.