မောင်တောမြောက်ပိုင်း ခမောင်းဆိပ်ဗျူဟာကုန်းအနီးရှိ ပရဟိတကျောင်းမီးရှို့ခံရ

By Narinjara / 2022  August  30

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ခမောင်းဆိပ်ကျေးရွာရှိ ဗောဓိအလင်းပရဟိတကျောင်းမှ ကျောင်းဆောင်များ ယနေ့နံနက် ၈ နာရီကျော်အချိန်က မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။

ခမောင်းဆိပ်ရွာသားတစ်ဦးက “ ဒီကနေ့ မနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ မီးရှို့တာပါ။ စစ်ကောင်စီ ဗျူဟာကုန်းနဲ့ ကပ်လျှက်ရှိတဲ့ ဗောဓိအလင်းပရဟိတကျောင်းကို စစ်သားတွေ ထွက်ပြီးမီးရှို့တာပါ။ အခု အဲဒီမှာ သူတို့ဘဲ ရှိတာပါ” ဟု ပြောသည်။

၎င်းအနီးဝန်းကျင်မှ သေနတ်သံများကို ယနေ့နံနက်က မကြာမကြာကြားခဲ့ရပြီး လက်နက်ကြီးသံများကိုလည်း တစ်ချက်ချင်းကြားခဲ့ရသည်ဟု ဆိုသည်။

“စစ်ရေးအခြေအနေက တင်းမာနေပါတယ်။ မကြာမကြာ သေနတ်သံတွေတော့ မနက်က ကြားရတယ်။ နှစ် ဘက်ပစ်သံတော့ မဟုတ်ပါဘူး။ လက်နက်ကြီးသံလည်း တစ်ချက်တစ်ချက်ကြားနေရတယ်။ ဒီနေ့ အခြေအနေ ဆိုးနိုင်တဲ့ အနေအထားရှိတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ပရဟိတကျောင်းဆောင်မီးရှို့ခံရမှုနှင့် ပတ်သက်ပြီး  ၎င်းကျောင်းတွင် တာဝန်ကျနေသည့် ဆရာတစ်ဦးက “ကျနော်တို့က ရွာမှာကျောင်းအခြေအနေ ဘယ်လိုရှိလဲဆိုတာ အနီးကို သွားကြည့်တာ။ အဝေးကနေ ခိုးပြီးချောင်းကြည့်တော့ ကျောင်းသား (အမျိုးသား) နေတဲ့ အဆောင် တဆောင်နဲ့ ဆွမ်းချက် ၂ ဆောင်မီးလောင်ပြီး ပြာကျနေတာကို တွေ့ရပါတယ်။ မော်တော်ဆိုင်ကယ် ၄ စီးလည်း မီးရှို့တဲ့ အထဲ ပါသွားပါတယ်”ဟု ပြောသည်။

၎င်းမီးရှို့မှုမှာ ဗျူဟာကုန်းမှ စစ်သားများသည် ရိက္ခာရှာဖွေရန် ၎င်းကျောင်းထဲသို့ ဝင်ရောက်စဉ်  ရိက္ခာမရသည့် နောက်ပိုင်း ဆွမ်းချက်ဆောင်နှင့် ကျောင်းသားများ အဆောင်ကို မီးရှို့ခဲ့ပုံရသည်ဟု ၎င်းကျောင်းဆရာက ပြောဆိုသည်။

“  အဲဒီမှာ ဘယ်သူမှ မရှိဘူး။ အဲဒီမှာ သူတို့အပြင်ကို ထွက်မလာခင် လက်နက်ငယ်ပစ်သံ တစ်ချက်နှစ်ချက်ကြားလိုက်ရတယ်။ အခုလက်ရှိမှာတော့ လက်နက်ပစ်သံတွေ မကြားရတော့ဘူး။ အခြေအနေ ငြိမ်သက် တိတ်ဆိတ်နေပါတယ်”ဟု ၎င်းက ပြောသည်။

ခမောင်းဆိပ်ရွာရှိ ပရဟိတကျောင်းနှင့် စာသင်ဆောင်များ မီးရှို့ခံရပြီးနောက် ထွက်ပေါ်လာသည်ကို မီးခိုးများကို ယနေ့ သြဂုတ်လ ၃ဝ ရက် နံနက်အစောပိုင်းမှစတင်ကာမြင်တွေ့ရသည်ဟု တစ်မိုင်ခန့် ဝေးသည့် မင်းခမောင်းရွာက မြင်ရသည်ဟု ပြောသည်။

“မီးခိုးတွေထွက်တာတော့ မြင်ရတယ်။  အဲဒီပရဟိတကျောင်းနဲ့ စာသင်ဆောင်တွေပါ။ စာသင်ဆောင်တွေကို မီးရှို့တယ်လို့ ပြောပါတယ်။ သေသေချာချာတော့ အတိအကျမပြောနိုင်တာက တစ်ယောက်မှ သွားကြည့်နိုင်တဲ့သူမရှိ ဖြစ်နေပါတယ်” ဟု ဆိုသည်။

ခမောင်းဆိပ်တွင်  ဖုန်းတာဝါတိုင် ၂ ခု ရှိပြီးတစ်ခုမှာ ဆီမထည့်နိုင်၍ မလည်ပတ်နိုင်သလို နောက်တာဝါတိုင်တစ်ခုမှာလည်း စစ်တပ်ဧရိယာထဲတွင် တည်ရှိနေ၍ မည်သူမျှ ဆီသွားမထည့်ရဲသဖြင့် ဖုန်းဆက်သွယ်မှုမှာ ရခါရ၊ မရခါ မရဖြစ်နေသည်ဟု ရွာသားတစ်ဦးက ပြောသည်။

ခမောင်းဆိပ်ရွာဘက်တွင် သြဂုတ်လ ၂၆ ရက်မှစတင်ကာ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီ တပ်တို့တ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ပရဟိတကျောင်းသူ/သားများအပါအဝင် ရွာသားများအားလုံးသည် ဘေးလွတ်ရာသို့  လက်ရှိ အချိန်ထိ ထွက်ပြေးတိမ်းနေကြရသည်ဟု သိရသည်။

မီးရှို့ချိန်တွင် ရွာသားများမှာ ရွာတွင် ရှိမနေတော့ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5769292143082815

Leave a Reply

Your email address will not be published.