ဘင်္ဂလားဒေ့ရှ်နယ်မြေထဲ မော်တာကျည်ကျရောက်၍ မြန်မာသံအမတ်ကို ခေါ်ယူကန့်ကွက်

By Narinjara / 2022  August  30

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအောင်ကျော်မိုးအား ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့က ဆင့်ခေါ်ပြီး သူတို့၏ ပိုင်နက်အတွင်း မြန်မာဘက်က မော်တာကျည်ဆန်များ ကျရောက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်ဟု  Dhaka Tribune က သတင်းဖော်ပြသည်။

 “ဒီလိုဖြစ်ရပ်တွေအပေါ် မြန်မာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ နောက်ထပ်တစ်ကြိမ် ထပ်မဖြစ်ပွားဖို့ ကျနော်တို့တောင်းဆိုထားပါတယ်။ ဒီဖြစ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာသံအမတ်ထံ စာတိုတစ်စောင် ပေးအပ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် မပေါက်ကွဲသေးသော မော်တာကျည်ဆန်များ ကျရောက်မှုသည် မတော်တဆမှု သို့မဟုတ် ရည်ရွယ်ချက် ရှိ/မရှိကို ပထမဆုံး စုံစမ်းစစ်ဆေးမည်ဟု နိုင်ငံခြားရေး အတွင်းဝန်ကလည်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သည် ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်၊ တောင်ပြို အနီးတွင် မြန်မာဘက်မှပစ်လိုက်သည့် မော်တာကျည်နှစ် လုံး တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ကျရောက် လာပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကို  သတိထားစောင့်ကြည့်နေခဲ့သည်ဟု ဆိုသည်။

 မပေါက်ကွဲသေးသည့် မော်တာကျည်များကို တွေ့ရသဖြင့် ဘင်္ဂလာဒေသခံများ အထိတ်တလန့် ဖြစ်ခဲ့ရသည်ဟုလည်း သတင်းတွင်ဖော်ပြထားသည်။

https://www.facebook.com/narinjara.info/posts/5769047553107274

Leave a Reply

Your email address will not be published.