ပုဏ္ဏားကျွန်း ပြင်လျားရှည်ရွာတွင် မိုးကြိုးပစ်ခံရ၍ အမျိုးသမီး ၁ ဦးသေဆုံး

By Narinjara / 2022 August 31

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပြင်လျားရှည်ရွာတွင် ယနေ့ညနေက မိုးကြိုးပစ်ခံရ၍ အမျိုးသမီး ၁ ဦးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူမှာ ပြင်လျားရှည်ရွာမှ အသက် ၃၆ နှစ်အရွယ် ဒေါ်အေးတင်ချေဖြစ်သည်။

သူမသည် ယနေ့ သြဂုတ်လ ၃၁ ရက် ညနေ ၃ နာရီကျော်က ရွာထဲရှိ နေအိမ်တွင် ရေချိုးရန်ပြင်နေစဥ် မိုးကြိုးပစ်ခံရ၍သေဆုံးသွားခြင်းဖြစ်သည်ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

“ဖြစ်တဲ့အချိန် မိုးနည်းနည်းရွာနေတယ်။ မိုးကြိုးက ပထမတစ်ကြိမ်ပစ်တော့ ဘာမှ မဖြစ်ပါဘူး။ ဒုတိယအကြိမ်ပစ်တဲ့အခါ သူ့ကိုထိလို့ ဆုံးသွားတာပါ။ မိုးကြိုးပစ်ခံရလို့ သူ့မှာ နားနှစ်ဘက်သွေးထွက်ပြီး ဦးခေါင်းက ဆံပင်တွေနည်းနည်း မီးလောင်ထားသလို အနံ့မျိုးရပါတယ်”ဟု ပြောသည်။

သေဆုံးသွားသူတွင် အမျိုးသားဖြစ်သူနှင့်အတူ ပဥ္စမတန်းအရွယ် သားငယ် ၁ ဦးရှိပြီး သူတို့မိသားစုသည် ကြုံရာကျပန်းလုပ်ကိုင်စားသောက်ကြသူများဖြစ်သည်ဟု ရွာသားများက ပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းကို မနက်ဖြန် စက်တင်ဘာလ ၁ ရက်၌ သ​ဂြင်္ိုလ်မည်ဟု သိရသည်။

ယခုသြဂုတ်လ ၃ ရက်ကလည်း ကျောက်ဖြူမြို့နယ် ကူးတို့ဆိပ်ရွာတွင်မိုးကြိုးပစ်ခံရ၍ ၁၂ နှစ်အရွယ် ပဥ္စမတန်းကျောင်းသား မောင်နိုင်လင်းစိုး(ခေါ်)မောင်သားစေ့ကေ သေဆုံးသွားခဲ့သည်။

https://www.facebook.com/narinjara.info/posts/5772671159411580

Leave a Reply

Your email address will not be published.