စစ်တွေတွင် စိတ်မနှံ့သူ လူငယ် ၁ ဦးကို ရေကန်ထဲတွင်သေဆုံးလျက်တွေ့ရှိ

By Narinjara / 2022 August 29

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်မှ စိတ်မနှံ့သူ လူငယ် ၁ ဦးသည် ရပ်ကွက်တွင်းရှိ ဟင်္သာကန်ထဲတွင် သေဆုံးလျက်တွေ့ရှိခဲ့သည်ဟု သိရသည်။

သေသွားသူမှာ ရွာကြီးမြောက်ရပ်ကွက်၊ ငါးဆောင်စုလမ်းမှ အသက် ၂၃ အရွယ် ကိုထွန်းမိုးကျော်  (ခ) အာဗြဲဖြစ်သည်ဟု သိရသည်။

သေဆုံးနေသည့်သူ၏ရုပ်အလောင်းကို ရေကန်ထဲတွင် ယနေ့ သြဂုတ်လ ၂၉ ရက် နံနက်အစောပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သွားရောက် ကူညီပေးခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးမှ သတင်းပြန်ကြားရေး ကိုသာဂီဖြိုးက နိရဥ္စရာကိုပြောသည်။

 “သူ့ မိသားစုများက စိတ်မမှန်လို့ပြောပါတယ်။ မနေ့က ည ၆ နာရီလောက်ကတည်း အိမ်ကထွက်သွားတယ်။ ညဉ့် အိမ်ကို လုံးဝ ပြန်မရောက်လာဘဲ မနက် ၈ နာရီ‌လောက်မှ ကန်ထဲမှာ မျောနေတာကိုသိရတာပါလို့ဆိုတယ်” ပြောသည်။

အဆိုပါ ရုပ်အလောင်းတွင် ဒဏ်ရာ၊ ဒဏ်ချက်များလည်း မ‌တွေ့ရဟု သိရသည်။

ရွာကြီးမြောက်ရပ်ကွက်ရှိ ဟင်္သာကန်သည် သောက်သုံးရေကန်ဖြစ်သည့် အတွက် လက်ရှိတွင် အဆိုပါရေကန်မှ ရေများကို စုတ်ထုတ်ရန် စီစဉ်နေသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံသိန်းက နိရဥ္စရာကိုပြောသည်။

“ဒီဟင်္သာရေကန်က သောက်ရေကန်ဖြစ်တယ်။ မိသားစုကတော့ ရေကို စုပ်ထုပ်ပေးမယ်လို့ပြောတယ်။ မိသားစုက မတတ်နိုင်ရင်လည်း ရပ်ကွက်ကစုပြီး ရေစုပ်ဖို့ စီစဉ်ထားပါတယ်” ဟုပြောသည်။

လက်ရှိ သေဆုံးသွားသူ၏ရုပ်အလောင်းကို စစ်တွေဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ထားသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5766351530043543

Leave a Reply

Your email address will not be published.