By Voice Of Westland (VOW)/ 2022 August 01

စစ်ကောင်စီလက်ထက်မှာ ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ သဘာဝပတ်ဝန်းကျင်တွေ အပျက်အစီးပိုများလာတယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။
ရခိုင်ကမ်းရိုးတန်းဒေသက သစ်တွေကို ကြီးကြီးမားမား ထုတ်ယူနေတဲ့ လုပ်ငန်းရှင်ကြီးတွေကို ဖမ်းဆီးတာမတွေ့ရတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒအနေနဲ့ဆောင်ရွက်တာ မဟုတ်ပဲ စစ်ကောင်စီ လက်ထက်မှာ ရခိုင်ကမ်းရိုးတန်းဒေသမှာ ရှိတဲ့ သဘာဝ ပတ်ဝန်းကျင်တွေအများကြီး ပျက်စီးသွားတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးဆောက်ရွက်နေတဲ့ အမ်းဒေသခံ ကိုမျိုးလွင်က သုံးသပ်ပြောဆိုပါတယ်။
“သူတို့က ရခိုင်ရိုးမမှာ ကြီးကြီးမားမား ထုတ်ယူနေတဲ့ လုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူတာ နည်းပြီးတော့ ဆင်းရဲနွမ်းပါးပြီး တစ်နိုင်၊တစ်ပိုင် လုပ်နေတဲ့ လူတွေကို ဖမ်းဆီးတာတွေ့ရတယ်။ အဲဒါတွေက သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ မူဝါဒတစ်ရပ်အနေနဲ့ ဆောင်ရွက်ခြင်း မဟုတ်ပဲနဲ့သူတို့က ဖမ်းချင်တဲ့ သူတွေကို ဖမ်းပြတယ်လို့ ကျနော်တို့မြင်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ကမ်းရိုးတန်းဒေသမှာ ရှိတဲ့ ဒီရေတောတွေလည်း ကုန်သလောက် ဖြစ်သွားတယ် ”လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း တရားမဝင်သစ်တွေ တင်ဆောင်လာတဲ့ ပိုင်ရှင်မဲ့ စက်လှေတစ်စီးကို မနေ့မနက် ဇူလိုင်လ ၃၁ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်နယ်ကောင်စီရဲ့သတင်းတွေကို ဖော်ပြနေတဲ့ ရခိုင်နေ့စဉ်မှာ ဖော်ပြထားပါတယ်။
အဲဒီစက်လှေမှာ အလျား ၅၆ ပေ၊အနံ ၁၈ ပေ၊ရေစူး ၄ ပေရှိ၊သစ်သား ကိုယ်ထည်နဲ့ပြုလုပ်ထားပြီး ၆ လုံးထိုး အင်ဂျင်နဲ့ HP-286 ဂီယာဘောက်တွဲလျက် တပ်ဆင်ထားတဲ့ HENO အမျိုးအစား စက်လှေဖြစ်တယ်လို့ဆိုပါတယ်။
စက်လှေပေါ်မှာ ကညင် အမျိုးအစား သစ်ဘေတုံး ဆိုဒ်စုံ ၂၅ တန်ခန့်၊ကာလတန်ဖိုး ကျပ်သိန်း နှစ်ရာခန့်အား သိမ်းဆည်းရမိခဲ့ပြီး၊သိမ်းဆည်းရမိခဲ့တဲ့ သစ်တွေကို မောင်တောမြို့နယ်၊သစ်တောဦးစီးဌာကို လွှဲပြောင်းပေးအပ်သွားမယ်လို့ ဖော်ပြထားပါတယ်။