စစ်ကောင်စီတပ်သားများ ဖမ်းဆီးခဲ့သည့် အရပ်သား ၄ ဦး ထွက်ပြေးလွတ်မြောက်လာ

By Western News/ 2022 August 31

ဓာတ်ပုံ။ ခမောင်းဆိပ် ဗျူဟာကုန်းအနီး တိုက်ပွဲကြောင့် ထွက်ပြေးလာကြသည့် ဒေသခံများ

ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့ ရခိုင်ပြည်၊ မောင်တော မင်းခမောင်းကျေးရွာမှ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည့် ကျေးရွာသား ၄ ဦးမှာ ထွက်ပြေးလွတ်မြောက်လာကြောင်း မိသားစုဝင်များက Western News ကို ပြောသည်။

အဆိုပါ ကျေးရွာသား ၄ ဦးကို သြဂုတ်လ ၂၆ ရက် ညပိုင်း ၇ နာရီဝန်းကျင်တွင် ရွာအတွင်းသို့ဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများပြင်းထန်သည့် သြဂုတ်လ ၂၇ ရက်ညပိုင်းတွင် ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်ဟု ၎င်းကျေးရွာတွင်နေထိုင်ခဲ့ပြီး လက်ရှိ မောင်တောမြို့သို့ရောက်ရှိနေသူ မိသားစုတစ်ဦးကပြောသည်။

“ပြန်လွတ်လာကြပါပြီ။ လေယာဥ်နဲ့ပစ်တဲ့ညမှာ တိုက်ပွဲကပြင်းတယ်လေ။ အဲ့ဒီအချိန် ထွက်ပြေးလာခဲ့ကြတာပြောတယ်။ အခုတော့ သူတို့လည်း ဘေးလွတ်ရာကို ရောက်နေပါပြီ” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ကာယကံရှင်များအနေဖြင့် မည်သို့ကြုံခဲ့ရကြောင်း ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း မောင်တောမြောက်ပိုင်းဖက် ကျေးရွာအချို့မှာ MPT ဖုန်းလိုင်းပြတ်တောက်လျက်ရှိနေခြင်းကြောင့် ဆက်သွယ်၍မရရှိနိုင်ခဲ့ပေ။

ထွက်ပြေးလွတ်မြောက်လာသူများ၏ မိသားစုများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်များက ၎င်းတို့ကို ဖမ်းဆီးပြီးနောက် ခမောင်းဆိပ်ဗျူဟာကုန်သို့ ခေါ် ဆောင်သွားကာ ဗျူးဟာကုန်အနီးတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်နေသည့်အချိန် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မောင်တောမြောက်ပိုင်းမှာ ယခုသြဂုတ်လအတွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်ခဲ့ပြီး သြဂုတ်လ ၂၇ ရက်တွင်တစ်ကြိမ် ၂၈ ရက်နေ့တွင်တစ်ကြိမ် စစ်ကောင်စီဖက်မှ တိုက်ခိုက်ရေးရဟတ်ယာဥ် ၂ စင်းအသုံးပြုကာ တိုက်ခိုက်မှုရှိခဲ့သည်။

အဆိုပါဒေသရှိတိုက်ပွဲဧရိယာနှင့်နီးစပ်သည့် ကျေးရွာများမှာလည်း  မောင်တောဖက်သို့ သွားလာရေးကန့်သတ်ထားမှုကြောင့် တိုက်ပွဲများပြင်းထန်နေစဥ် တိုက်ပွဲဧရိယာနှင့် အနည်းငယ်လွတ်ကင်းသည့် အနီးနားကျေးရွာများသို့သာ ရှောင်တိမ်းနေရပြီး တိုက်ပွဲများငြိမ်နေလျှင် မိမိကျေးရွာသို့ပြန်လည်နေထိုင်လျှက်ရှိကြသည်။

https://www.facebook.com/westernnewsagency/posts/594562685683573

Leave a Reply

Your email address will not be published.