UNHCR အကူအညီဖြင့် ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်နေအိမ် ၂၅၀ ကိုအသစ်ပြန်လည်တည်ဆောက်နေ

By Western News /2022 July 02

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ နေအိမ် ၂၅၀ ကို UNHCR ၏အကူအညီဖြင့် ဇွန်လ (၂၈) ရက်နေ့မှ စတင်ပြီး အသစ်ပြန်လည်တည်ဆောက်နေသည်ဟု စခန်းတာဝန်ခံများက ပြောသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်ရှိသည့်နေအိမ်များအားလုံးမှာဆောက်လုပ်ထားသည့်အချိန်ကြာမြင့်နေပြီဖြစ်သည့်အတွက် ပျက်စီးယိုယွင်း ပြိုပျက်လာပြီး အသစ်ပြန်လည်တည်ဆောက်ရန်လိုအပ်နေခြင်းဖြစ်သည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် အသစ်ပြန်လည် တည်ဆောက်ရမည့် နေအိမ်အလုံးရေ  ၆၅၀ ရှိသော်လည်း ယခုအချိန်တွင် နေအိမ် ၂၅၀ လုံးဆောက်လုပ်ရန် အတွက်သာ ထောက်ပံ့မှုရရှိသည့်အတွက်  အားလုံးပြိုပျက်ပြီး လုံးဝနေထိုင်ရန် မသင့်တော်သည့်နေအိမ်များကို ဦးစားပေး ဆောက်လုပ်ပေးနေသည်ဟု စခန်းတာဝန်ခံ ဦးသန်းအေးက ပြောသည်။

“UNHCR ကနေထောက်ပံ့မှုရလို့ အခုလက်ရှိအိမ်တွေကို စတင်ဆောက်လုပ်နေပါပြီ။အဓိကတော့ လုံးဝပြိုပျက်ပြီးတော့ ဘယ်လိုမှ နေထိုင်လို့မရတဲ့ အိမ်တွေကို ဦးစားပေးဆောက်လုပ်ပေးနေတယ်။ မိုးတွင်းကာလဆိုတော့ ဆောက်လုပ်ရတာ အခက်အခဲဖြစ်တယ်။ ရာသီအတုအခြေအနေပေါ်မှာ မူတည်ပြီး တစ်နေ့ကို အိမ် (၅) လုံးနီးပါး ဆောက်လုပ်နိုင်အောင် ကြိုးစားပြီး ဆောက်လုပ်နေရတယ်” ဟုပြောသည်။

စစ်ဘေးရှောင်နေအိမ်များ အသစ်ပြန်လည်တည်ဆောက်ရန် UNHCR မှ သစ်၊ဝါး၊ ဓနိ နှင့် မျှောတိုင်လုံးများ ထောက်ပံ့ပေးပြီး နေအိမ်တစ်လုံးကို ကာလတန်ဖိုး ငွေကျပ် (၃) သိန်းကျော် ကုန်ကျနိုင်သည့် သစ် (၁၂) ပေ (၁၈) ချောင်း၊ ဝါးအလုံး (၃၀၀) လုံး၊ မျှောတိုင် (၉) လုံးနှင့် ဓနိအချပ် (၃၀၀) ထောက်ပံ့ပေးခြင်းဖြစ်သည်။

နေအိမ်များ အသစ်ပြန်လည်တည်ဆောက်ရာတွင် UNHCR မှ စစ်ဘးရှောင်အိမ်ထောင်စုများအတွက် အိမ်ဆောက်ရန်လိုအပ်သည့် ပစ္စည်းများကိုသာ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ဆောက်လုပ်ရန်လုပ်အားခ ပံ့ပိုးမှုမရှိသည့်အတွက် စစ်ဘေးရှောင်အချင်းအချင်း တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီပြီး စစ်ဘေးရှောင်များ၏ အင်အားနှင့်ဆောက်လုပ်နေကြခြင်းဖြစ်သည်။

မိုးတွင်းကာလရောက်ရှိနေပြီ ဖြစ်သည့်အတွက် အသစ်ပြန်လည်တည်ဆောက်နိုင်ရန်လိုအပ်နေပြီး ထောက်ပံ့ဖို့ကျန်ရှိနေသေးသည့်  နေအိမ်အလုံး (၄၀၀) အတွက်ကိုလည်း အမြန်ဆုံးထောက်ပံ့ပေးဖို့ စစ်ဘေးရှောင်များက လိုလားနေကြသည်။

စစ်ဘေးရှောင် မကြည်ကြည်လှက “အခုလို UNHCR ကနေ အိမ်ပြန်ဆောက်ပေးတော့ အိမ်အကောင်းနဲ့ နေရတော့ မယ်ဆိုပြီးစိတ်ထဲဝမ်းသာမိပါတယ်။ကျေးဇူးလေ့တင်ပါတယ်။ဒါပေမယ့်လက်ရှိအိမ်ပြန်မဆောက်ရသေးတဲ့သူတွေရှိနေသေးတော့ စိတ်မကောင်းဘူး။ သူတို့တွေ အတွက်လည်း ထောက်ပံ့မှုအမြန်ဆုံးရစေချင်တယ်” ဟုပြောသည်။

ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင် စခန်းတွင် ကျောက်တော်မြို့နယ် နှင့် ပလက်ဝက်မြို့နယ်များမှ စစ်ဘေးဒဏ်ကြောင့် တိမ်းရှောင်လာသည့် အိမ်ထောင်စု (၇၀၁) မှ လူဦးရေ (၃၀၀၀) ကျော် နေထိုင်နေကြသည်။

ရခိုင်ပြည်နယ်မှာ ကျောက်တော်အပါအဝင် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင် စသည့် မြို့နယ်များတွင်ရှိသည့် စစ်ဘေးရှောင်စခန်းများမှ နေအိမ်များမှာလည်း နေထိုင်နေသည်မှာ နှစ်နဲ့ချီကြာမြင့်နေပြီ ဖြစ်သည့်အတွက် အသစ် ပြန်လည် ပြုပြင်တည်ဆောက်ရန် လိုအပ်နေသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/555039886302520

Leave a Reply

Your email address will not be published.