AA ကို ဆေးစိမ်ခြင်ထောင်ပေးသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသည့် ကျန်းမာရေးဝန်ထမ်း ပြန်လွတ်လာ

By Western News /2022 July 10

ရက္ခိုင့်တပ်တော် AA ကို ဆေးစိမ်ခြင်ထောင်ပေးသည့်ဆိုကာ သံသယဖြင့် မောင်တောမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ငှက်ဖျားဌာနမှ ဆေးဘက်ကျွမ်းကျင်သူတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၃ ပတ်အကြာ ဇူလိုင် ၉ ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် စစ်တွေရှိပြည်နယ်ကျန်းမာရေးဌာနသို့ အလုပ်ကိစ္စတစ်ခုနှင့် ရောက်ရှိလာစဉ် စစ်ဆေးစရာရှိသည်ဟုဆိုကာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)များ၏ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပြီး ရက်ပေါင်း၂၁ ရက်အကြာတွင် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် မောင်တောမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ငှက်ဖျားဌာနမှ ဆေးဘက်ကျွမ်းကျင်(၃) ဦးစောမင်းနိုင် အဆက်အသွယ်ရကြောင်း အသေးစိတ်များအား မေးမြန်း၍ မရသေးဟု အမည်မဖော်လိုသည့် စစ်တွေမြို့ ပြည်သူ့ဆေးရုံးမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက Western News ကိုပြောသည်။

“လွတ်လာတာက သေချာပါတယ်။ မနေ့က နေ့လယ် ၂ နာရီလောက်က စရဖက ပြန်လွှတ်ပေးလိုက်တယ်လို့ကာယကံရှင်က ပြောတယ်။ အသေးစိတ်ကိုတော့ ကျနော်လည်း မမေးရသေးဘူး။ ကျနော်နဲ့ စကားပြောပြီးပါဗျာ။ ဖမ်းဆီးခံရတဲ့အချိန်မှာ ထိခိုက်ဒဏ်ရာရထားတော့မရှိဘူး”ဟုပြောသည်။

ပြန်လည်လွတ်မြောက်လာသည့် ကာယကံရှင်ဖြစ်သူ မောင်တောမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ငှက်ဖျားဌာနမှ ဆေးဘက်ကျွမ်းကျင် ဦးစောမင်းနိုင်အား Western News က ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ရက္ခိုင့်တပ်တော် AA အား ဆေးစိမ်ခြင်ထောင်ပေးသည့်စွပ်စွဲချက်သည် မှန်ကန်မှုမရှိကြောင်း ယခုကဲ့သို့ အပြစ်မရှိဘဲ ကျန်းမာရေးဝန်တစ်ဦးကို စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)များက ရက်ရှည် ထိန်းသိမ်းစစ်ဆေးခြင်းအား မဖြစ်သင့်ကြောင်း စစ်တွေမြို့ ပြည်သူ့ဆေးရုံးမှ ကျန်းမာရေးဝန်ထမ်းများက ဝေဖန်ပြောဆိုသည်။

ဦးစောမင်းနိုင်ကို စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က မည်သည့်နေရာတွင် ထိန်းသိမ်းခဲ့ပြီး မည်သည့်နေရာတွင် ပြန်လည် လွှတ်ပေးခဲ့ကာ လက်ရှိ မိမိနေအိမ်သို့ ပြန်လည်ရောက်ရှိခြင်း ရှိ၊ မရှိဆိုသည်ကို အသေးစိတ်အချက်အလက်များကို မသိရသေးဘဲ ၎င်းနှင့် အတူလုပ်ကိုင်နေသည့် မိတ်ဆွေ ကျန်းမာရေးဝန်ထမ်းများက ပြောဆိုသည်။ ထိုကိစ္စများနှင့် ပတ်သတ်၍ သိရှိနိုင်ဖို့ မောင်တော ကျန်းမာရေးဌာနကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

လက်ရှိတွင်လည်း ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး၊ ဇွန် ၂၀ ရက်နေ့က ကျောက်တော်မြို့မှ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၁ ရက်နေ့က မြောက်ဦးမြို့မှ စရဖ တပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၂ ရက်နေ့က ရမ်းဗြဲမြို့မှ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ဇွန် ၂၃ ရက်နေ့က စစ်ကောင်စီတပ်သာ ၂ ဦးအစရှိသူများကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့သည်။

ယင်းဖြစ်စဉ်များအတွင်းတွင်လည်း စစ်ကောင်စီဖက်က စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များမှ အရပ်သား ၄၅ ဦးထက် မနည်းဖမ်းဆီးခဲ့ပြီး တစ်ချို့ကို မြို့နယ်အသီးသီးက ရဲစခန်းများတွင် အမှုဖွင့်ထားသည်။ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AAတို့သည် ယခင်လများမှ စ၍ နှစ်ဖက်တင်းမာမှုရှိနေပြီး အပြန်အလှန် ဖမ်းဆီးနေမှုကြောင့် ဒေသခံတစ်ချို့သည် မိမိနေရပ်မှ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

https://www.facebook.com/westernnewsagency/posts/560517695754739

Leave a Reply

Your email address will not be published.