By Western News /2022 July 19
ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီကာလမှစ၍ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား အလွတ်သဘောအပစ်အခတ်ရပ်စဲထားမှု ၂ နှစ်နီးပါးကြာလာသည့်အချိန်တွင် တစ်ကျော့ပြန်တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA ဖက်မှ ဇူလိုင်လ ၁၉ ရက်နေ့မှာ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာလာသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့ က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AAတို့ကြားမှာ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားမှုအပြီး ဇူလိုင်လ ၁၉ ရက် ယနေ့တွင် ရက္ခိုင့်တပ်တော် ဖက်မှ ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ဇူလိုင်လ ၁၈ ရက်၊ နံနက် ၉ နာရီခန့် အချိန်တွင် မောင်တောမြို့နယ်၊ ဆောင်ပညာရွာနှင့် စံကားပင်ရင်း (ရခိုင်) ရွာ အကြား တစ်ကြိမ်၊ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်တွင် မောင်တောမြို့နယ်၊ ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာအကြား တစ်ကြိမ် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တို့ပူးပေါင်းထားသောတပ်ဖွဲ့အား ရက္ခိုင့်တပ်တော်ဖက်မှ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
မြန်မာစစ်တပ်ဖက်မှ AA တပ်စခန်းတစ်ခုအား ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ယခုလို တိုက်ခိုက်၍ လက်တုန့်ပြန်ခြင်း ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ဦးခိုင်သုခ မှ Western News ကိုပြောသည်။
“ကျွန်တော်တို့ ရက္ခိုင့်တပ်တော် တပ်စခန်းတွေရှိနေတဲ့နေရာ KNlA တပ်မဟာ ၅ ဧရိယာမှာ ရှိတဲ့ ရက္ခိုင့်တပ်တော် တပ်စခန်း ကို မြန်မာစစ်တပ်ကနေ လွန်ခဲ့တဲ့ ဇူလိုင်လ (၄) ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်မှုမှာ ကျွန်တော်တို့ရဲဘော် (၆) ဦး ကျရှုံးတာရှိတယ်။နောက်ပြီး အဆောက်အဦးတွေ ဆေးရုံ၊စက်ချုပ်စက်ရုံတွေ ပျက်စီးခဲတာရှိတယ်။ဒါကြောင့်မို့လို့ ကျွန်တော်တို့ဖက်ကလည်း အခုလို လက်တုန့်ပြန်တာ ဖြစ်တယ်”ဟုပြောသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် မြန်မာစစ်တပ်ဖက်မှ စစ်သား နှင့် ရဲများသေဆုံးမှုရှိခဲ့ပြီး ရက္ခိုင့်တပ်တော်ဖက်မှ ထိခိုက် ဒဏ်ရာရရှိသူ တစ်ချို့ရှိခဲ့ကြောင်းသိရသည်။ မြန်မာစစ်တပ်ဖက်မှ လက်နက်ချ အညံ့ခံသော သုံ့ပန်း ၁၄ ဦးကိုလည်း လက်ရဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲအတွင်းမှ RPG 7၊ ပီစတို ၂ လက်၊ စက်လတ် ၁ လက်၊ G3၊ G4 အပါအဝင် လက်နက်စုစုပေါင်း ၂၅ လက်၊ ခဲယမ်းအများအပြား၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်ပိုင်း မြန်မာစစ်တပ်ဖက်မှလည်း ၎င်းတို့စစ်စခန်းများတည်ရှိနေသည့် တောင်ပြိုလက်ယာ နခခ (၆)၊ ကြိမ်ချောင်း နခခ (၇)၊ မင်္ဂလာညွန့်ရဲကင်းစခန်း၊ ထရိန်းရဲကင်းစခန်း၊ သစ်တုံးနားခွဆုံအနီးရှိ စခန်း၊ မင်္ဂလာညွန့်အနောက်ဘက်ရှိ စခန်းများမှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်ကြီးများဖြင့် ညနေ ၆ နာရီခန့်အထိ တောက်လျှောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ရခိုင်တွင် စစ်ကောင်စီဖက်မှ စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများကို ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်၍ မိဘပြည်သူများအနေဖြင့် သတိထား သွားလာကြပါရန် နှင့် စစ်ရေးသတိရှိကြပါရန် AA ဖက်မှ သတိပေး ထုတ်ပြန်သည်။
Western News-WN
https://www.facebook.com/westernnewsagency/posts/566658458473996