၂ နှစ်ကျော်ကြာလာသည့် တောင်ကုတ်နှင့် မအီမြို့က ဒေသခံ ၆ ဦး၏အမှု လိုပြသက်သေများ မရောက်၍ စစ်ဆေးခြင်းမရှိ

By Western News /2022 July 16

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်နှင့် မအီမြို့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများနှင့် တရားရင်ဆိုင်နေရသည့် ဒေသခံ ၆ ဦးအား ဇူလိုင်လ ၁၅ ရက်နေ့က သံတွဲခရိုင်တရားတွင် ရုံးထုတ်ခဲ့သော်လည် အမှုစစ်အရာရှိအပါဝင် လိုပြသက်သေများ မရောက်ရှိသောကြောင့် စစ်ဆေးနိုင်ခြင်းမရှိဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။

ရုံးချိန်းတွင် စစ်တပ်ဗိုလ်ကြီးတစ်ယောက်နှင့် အမှုစစ်အရာရှိကို စစ်ဆေးရန်ချိန်ဆိုထားသော်လည်း နယ်ပြောင်သွားပြီး ဖြစ်သောကြောင်း ရောက်မလာကြ၍ စစ်ဆေးမှုများ မလုပ်ခဲ့ရဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက Western News ကိုပြောသည်။

“ဒီနေ့တော့ စစ်ဆေးဖို့ ချိန်းဆိုထားတဲ့ မအီမြို့ ရဲစခန်းမှူးက မော်လမြိုင်ဖက်ပြောင်းသွားတော့ သူလည်းရောက်မလာဘူး။ နောက်လိုပြသက်သေတွေဖြစ်ကြတဲ့ ဗိုလ်ကြီးစိုးသူ ကလည်း ကျိုင်းတုံဖက်ပြောင်းသွားတော့ နယ်မြေလုံခြုံရေးအခြေအနေအရဆိုပြီး ရောက်မလာတော့ စစ်ဆေးလို့မရခဲ့ဘူး။ နောက်ရုံးချိန်းကိုတော့ ၂၉ ရက်နေ့ကို ထပ်ချိန်းလိုက်တယ်။ အဲနေ့မှာတော့ အသစ်ပြောင်းလာတဲ့ မအီ ရဲစခန်းမှူးကို စစ်ဆေးဖို့ ချိန်းဆိုလိုက်တယ်။ သူကတော့ အရင် ရဲစခန်းမှူးကိုယ်စားစစ်ဆေးမှာပါ။ အမှုစစ်အရာရှိက အမှု နှစ်ခုလုံးမှာ သူတစ်ယောက်တည်းကိုပဲ စစ်ဆေးရမှာ ” ဟုပြောသည်။

ယခုလို အမှုပုံမှန် စစ်ဆေးနိုင်ခြင်းမရှိဘဲ အချိန်ကြန့်ကြာနေခြင်းက အမှုသည်နှင့် မိသားစုအတွက်ရော့ အမှုလိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေအတွက်ပါ နစ်နာမှုတွေရှိနေသည်ဟု သူကဆက်ပြောသည်။

တရားစွဲဆိုထားသည်မှာ ၂နှစ်ခန့်အထိ ကြာမြင်လာပြီဖြစ်ပြီး အမှုသည်နှင့် မိသားစုအတွက် အခက်အခဲတွေ ဖြစ်ပေါ်နေသည်ဟု ကိုသန်းနိုင်၏ ညီမဖြစ်သူ မသန်းသန်းဆင့်က Western News ကိုပြောသည်။

” အမှုက ၂နှစ် နီးပါအထိရှိလာပြီးအခုထိ စစ်လို့မပြီးသေးဘူး။ အဓိကတော့ တရားလိုဖက်လူတွေ မရောက်တာကြောင့် အမှုက စစ်ဆေးလို့မရဘဲ ကြန့်ကြာနေတာဖြစ်တယ်။ ၂၀၂၁ ခုနှစ်က ကိုဗစ်ကြောင့် မစစ်နိုင်ရင်တောင် ဒီနှစ်က စစ်ဆေးလို့ရတယ်။ အခုက အမှုလည်း ၂ နှစ်​နီးပါး ကြာလာတော့ အမှုသည်အတွက်ရော မိသားစုတွေအတွက်ပါ အခက်အခဲတွေ တော်တော်လည်းကို ရှိလာတယ်”ဟုပြောသည်။

မအီမြို့က မောင်ကြီး၊ မောင်ငယ်တို့မှာ နေအိမ်ကဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိမှုဖြင့် ၂၀၂၀ခုနှစ် ဇွန်လကတည်းက ဖမ်းဆီးခဲ့ပြီး အဆိုပါအမှုပါ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာက ကိုသန်းနိုင်ကို ၂၀၂၀ခုနှစ် ဧပြီလကတည်းက ဖမ်းဆီးပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)ဖြင့် ဧရာဝတီတိုင်းက မြန်အောင်မြို့ ခလရ (၅၁ ) ကဗိုလ်ကြီးတစ်ယောက်က တရားလိုလုပ်ကာတရားစွဲဆိုထားခြင်းဖြစ်သည်။

ထိုအပြင် တောင်ကုတ်မြို့နယ် ချက်ဖောက်ကျေးရွာက ကိုကျော်တင်အောင်အိမ်တွင်မျိုးစပါးထားသည့်နေရာက လက်လုပ်မိုင်းတစ်လုံးတွေ့ရှိသလို ချက်ဖောက်ကျေးရွာက ဌေးမောင်(ခေါ်)ထွေးမောင်က ရွာအဝင် တံထားငယ်အောက် တစ်ခုတွင် လက်လုပ်မိုင်းထောင်သည်ဟု ဆိုကာ မိုင်းတစ်လုံးတွေ့ရှိသောကြောင်း ကိုနေရဲဝင်း ဆိုသူကိုပါ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)နှင့် သံတွဲခရိုင်တရားရုံးတွင် ဧရာဝတီတိုင်းက စစ်ဗိုလ်တစ်ဦးက တရားလိုလုပ်ကာ တရားစွဲဆိုထားသည်။

လက်ရှိတွင် ၎င်းတို့ ၆ ဦးစလုံးအား သံတွဲအကျဥ်ထောင်တွင် ထိန်းသိမ်းထားသည်။

Western News- WN

https://www.facebook.com/westernnewsagency/posts/564314492041726

Leave a Reply

Your email address will not be published.