အာဏာသိမ်းခေတ်အလွန် စစ်တပ်ပြုပြင်ရေးတွင် နိုင်ငံတကာ၏ အခန်းကဏ္ဍ (၁)

By DMG /2022 July 08


ပုံစာ – ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ထိုစဉ်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ဆုံစဉ်။ (ဓာတ်ပုံ – AP)

ကြည်ဖြူစံ ဘာသာပြန်ဆိုသည်။

ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရကို မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြုတ်ချခဲ့ပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း အကြမ်းမဖက်သော လူထုအုံကြွမှုများ ပေါ်ပေါက်လာခဲ့သည်။ လူထုအုံကြွမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွဲခဲ့သောကြောင့် လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ပြီး တိုင်းပြည်သည် ရှုပ်ထွေးပွေလီမှုပေါင်း များစွာဖြင့် ပြည်တွင်းစစ်တွင်းသို့ ကျရောက်သွားခဲ့သည်။ မြန်မာစစ်တပ်ကို အစဉ်အဆက်တော်လှန်ခဲ့ကြသော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပြင် နိုင်ငံအနှံ့ ပေါ်ပေါက်လာခဲ့သည့် ရာနှင့်ချီသည့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့ (LDF) များ၏ မြို့ပြပြောက်ကျား တိုက်ခိုက်မှုများကို မြန်မာစစ်တပ် ရင်ဆိုင်နေရသည်။

အစဉ်အလာအရ တိုက်ပွဲဖြစ်တာမျိုးမရှိခဲ့ဖူးသော ဗမာဗဟိုပြုဒေသများဖြစ်သည့် စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးအပြင် ချင်းပြည်နယ်တွင်လည်း တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်။ နှစ်ပေါင်း ၆၀ အတွင်း မြန်မာစစ်တပ်သည် အကြီးမားဆုံးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ဆုံးရှုံးမှုပမာဏကလည်း များပြားလွန်းနေသည်။ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အနေဖြင့် ၎င်းတို့အာဏာကို လက်လွှတ်ဆုံးရှုံးရနိုင်ခြေက တဖြည်းဖြည်း တိုးမြင့်လာသည်။

အာဏာလေဟာနယ်ဖြစ်ပြီး တိုင်းပြည်ကသောင်းကနင်း ဖြစ်သွားနိုင်သည့် အလားအလာများမှ ရှောင်ရှားနိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် သင့်တော်သောအစီအစဉ်များကို ဆောင်ရွက်ထားဖို့ လိုအပ်ပါသည်။ မြန်မာ့ဒီမိုကရေစီအစိုးရ ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ရေးအကူအညီပေးရန် တောင်းဆိုမှုများကို လစ်လျူပြုထားသော်လည်း NUG အပြင် အခြားဒီမိုကရေစီအင်အားစုများနှင့် ထိတွေ့ဆက်ဆံရန် ကျယ်ပြန့်သော အခွင့်အလမ်းများရှိနေသည်။ စီးပွားရေးအကူအညီပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့က ဖြစ်နိုင်ခြေရှိသော ထိတွေ့ဆက်ဆံမှုပုံစံနှစ်မျိုး ဖြစ်ပြီး ယင်းပုံစံနှစ်မျိုးစလုံးက စစ်အာဏာရှင်စနစ် ပြိုလဲပြီးနောက် ကျရှုံးနိုင်ငံ ဖြစ်နိုင်ခြေများမှ သိသိသာသာ လျှော့ချပေးနိုင်မည်လည်း ဖြစ်လေသည်။

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများ၏ လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို ဖော်ပြရန် အခက်အခဲရှိနေသည်။ ပြည်သူလူထုတစ်ရပ်လုံး ဒူးထောက်အညံ့ခံလာစေရန်အတွက် အကြမ်းဖက်မှုများဖြင့် ကြိုးပမ်းရာတွင် မြေလှန်မီးရှို့သည့် နည်းပရိယာယ်များ၊ လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီက အသုံးပြုလျက်ရှိသည်။

တစ်ချိန်တည်းမှာပင် အာဏာသိမ်းမှုမှအစပြုခဲ့သော စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းများက ရှေးကတည်းက ရှိခဲ့ပြီးဖြစ်သော ကိုဗစ်ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုများနှင့် ပေါင်းစပ်သွားပြီး နိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံကို ဆင်းရဲတွင်းသို့ တွန်းပို့ခဲ့ပြန်သည်။ ကျေးလက်ဒေသ အသိုင်းအဝိုင်းများအနေဖြင့် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်နေရသည်။ ထို့ပြင် ၂၀၂၁ အာဏာသိမ်းပြီးနောက် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးသူအရေအတွက် နှစ်ဆတိုးလာပြီး ၈ သိန်းကျော်အထိ ရှိလာခဲ့သည်။ သို့သော် ဘာတေးလ်လင့်တနာကဲ့သို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများကတော့ စစ်တပ်၏ မြေလှန်မီးရှို့နည်းပရိယာယ်များက ပြည်သူလူထု၏ တော်လှန်ရေးသန္နိဌာန်ကို ပိုပြီးခိုင်မာလာစေလိမ့်မည်ဟု မှန်းဆထားကြသည်။

ပြင်ပရှုထောင့်မှ ကြည့်မည်ဆိုလျှင်တော့ ဖြစ်ပွားနေသော မြန်မာ့ပဋိပက္ခမှာ စစ်ကောင်စီက ရှုံးနိမ့်မည်မဟုတ်ဘဲ အမှည့်ချွေချွေမည့် စစ်ပွဲတစ်ပွဲဟု မြင်ကောင်းမြင်ပေလိမ့်မည်။ ၁၉၅၀ ခုနှစ်များကစပြီး မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က ထင်ရှားကျော်ကြားသော နိုင်ငံရေးအင်အားစုဖြစ်ခဲ့ပြီး စစ်သည်အင်အား သုံးသိန်းခွဲကျော် ပိုင်ဆိုင်ထားကာ အခြေခိုင်ခိုင်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ မြန်မာစစ်တပ်သည် သယံဇာတ အရင်းအမြစ်များရောင်းချခြင်းဖြင့် ရရှိလာသော အစိုးရဘဏ္ဍာငွေများနှင့် နိုင်ငံခြားငွေများ ရယူသုံးစွဲနိုင်သည့်အပြင် ကြီးမားကျယ်ပြန့်သော စီးပွားရေး လုပ်ငန်းကြီးများ၊ ၎င်းလုပ်ငန်းကြီးများနှင့် ဆက်စပ်သူများဖြင့် ချိတ်ဆက်လုပ်ကိုင်နေသော ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများစွာကိုလည်း ထိန်းချုပ်ထားသည်။ စိတ်ကြိုက် အသုံးပြုနိုင်သော သယံဇာတအရင်းအမြစ်များအပြင် နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့သော ပြည်တွင်းစစ်ကို ဖြတ်သန်းနိုင်ခဲ့သည့် အဖွဲ့အစည်းတစ်ရပ်အား ကြုံသလိုစုဖွဲ့ထားသည့် တော်လှန်ရေးတပ်ဖွဲ့များက အနိုင်တိုက်နိုင်လိမ့်မည်ဆိုသည်က စိတ်ကူးကြည့်ဖို့ပင် ခက်ခဲပါသည်။

သို့သော်လည်း ဤအပေါ်ယံအချက်အလက်များနှင့် မြေပြင်ပေါ်ရှိ ရှုပ်ထွေးသောအမှန်တရားများအကြား ကွဲလွဲမှုများ ဖြစ်ပေါ်နေပါသည်။ မြန်မာစစ်တပ်တွင် တကယ်တမ်းတိုက်ပွဲဝင်ရန် အသင့်ရှိနေသည့်တပ်ဖွဲ့ဝင် အရေအတွက် မှာ ၁ သိန်းအောက်တွင်သာ ရှိနေပါသည်။ ထိုတပ်ဖွဲ့ဝင်များမှာ နိုင်ငံတစ်ဝန်း ကျယ်ပြန့်စွာနေရာယူထားသော လက်နက်ကိုင်တပ်ဖွဲ့အများအပြား (အထူးသဖြင့် နိုင်ငံမြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အရှေ့ဘက်ပိုင်း) နှင့် တိုက်ခိုက်နေရသောကြောင့် အင်အားနည်းပါးလျက် ရှိနေပြီဖြစ်သည်။ ထိုသို့တိုက်ခိုက်နေသူများထဲတွင် KIA ၊ TNLA အပါအဝင် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၂၀ ခန့်လည်း ပါဝင်သည်။ အဆိုပါတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့ (LDF)များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ပူးပေါင်းဆောင်ရွက်နေမှုများက ယခင်က မကြူံဖူးခဲ့သော အဖွဲ့လိုက်တသီးတခြားစီရှိနေသည့် စစ်ဆင်ရေးပုံစံဖြင့် မြန်မာစစ်တပ်ကို ဝိုင်းရံပိတ်ဆို့ထားလျက်ရှိနေသည်။ NUG ကထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ မြန်မာစစ်တပ်မှ စစ်သားထောင်ချီသေဆုံးခဲ့ပြီး ၂ ထောင်ကျော် ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့သည်။ ထို့အပြင် အချက်အလက် အထောက်အထားများအရ ဒေသဆိုင်ရာ တပ်ရင်းမှူးများသည် စစ်ပန်းနေပြီဖြစ်သော မိမိတို့တပ်ဖွဲ့ဝင်များ အတွက် (LDF) များနှင့် အလွတ်သဘော အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများ ဆောင်ရွက်နေရသလို ရှေ့တန်းတာဝန်ခံ အရာရှိများ လဲလှယ်ရေးကိုလည်း သွေးရူးသွေးတမ်း ဆောင်ရွက်နေခြင်းများ တွေ့ရသည်။ ထိုအချက်အလက်များက မိမိရန်ဘက်အပေါ် တားဆီးနိုင်စွမ်းနှင့် ပတ်သက်ပြီး မြန်မာစစ်တပ်တွင် စိုးရိမ်ပူပန်မှုများရှိနေကြောင်း ဖော်ပြနေသည်။

ထို့ကြောင့်လည်း မြန်မာစစ်တပ်၏ အာဏာဆုပ်ကိုင်ထားနိုင်စွမ်းက ပိုပြီးကျိုးလွယ်ပျက်လွယ် ဖြစ်လာနေသည်။ အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများက စစ်အုပ်စုထံသို့ ငွေကြေး သို့မဟုတ် လက်နက်စီးဆင်းမှုကို သိသိသာသာ ရပ်တန့်သွားခြင်းမျိုးမရှိဘဲ မြို့ပြဗဟိုနေရာများကို ချုပ်ကိုင်ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ သို့ရာတွင် LDF များ ၊ PDF များက အင်အားကောင်းစွာဖြင့် ခုခံနေကြသော မြို့ငယ်များနှင့်ကျေးလက်ဒေသများတွင်မူ မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့အာဏာကို စုစည်းတည်ဆောက်နိုင်ခြင်း မရှိသေးပါ။

ထုတ်ပြန်ခြင်းမရှိသေးသော မူဝါဒစာတမ်းတစ်စောင်အရ – မြို့နယ်ပေါင်း ၃၃၀ ၏ ထက်ဝက်ကျော်ဖြစ်သော မြို့နယ် ၂၀၀ တွင် မတူညီသော အတိုင်းအတာများဖြင့် အစားထိုးပြည်သူ့အုပ်ချုပ်ရေး ပုံစံတစ်ရပ်ကို စတင်အကောင်အထည်ဖော် စမ်းသပ်နေပြီဖြစ်သည်ဟု သိရသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်လည်းပဲ ရှုပ်ထွေးနေသော အခြေအနေများကို အသုံးချပြီး ၎င်းတို့ထိန်းချုပ်နယ်မြေများ ချဲ့ထွင်ရန် ဆောင်ရွက်လျက်ရှိနေပြီး အဆိုပါ အချက်များအားလုံးက မြန်မာစစ်တပ်က စီစဉ်ထားသော အင်အားဖြင့်ထိန်းချုပ်သည့်ပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

ဤကာလအတွင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့က ထုတ်ဝေသည့် အစီရင်ခံစာတစ်စောင်အရ နိုင်ငံတစ်ဝန်းလုံးရှိ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များသည် “အရွယ်အစား၊ စွမ်းဆောင်ရည်နှင့် ပေါင်းစပ်ညှိနှိုင်းမှုများကို ဆက်လက်ချဲ့ထွင်လျက် ရှိနေသဖြင့် မြန်မာစစ်တပ်၏ အင်အားစုများကို သိသိသာသာပင် ထိခိုက်စေသည်” ဟု ဖော်ပြထားသည်။ သိသာထင်ရှားသော အချက်မှာ မည်သည့်အင်အားကြီးနိုင်ငံ တစ်နိုင်ငံကမှ ယခုအချိန်အထိ စစ်ကောင်စီကို တရားဝင်အသိအမှတ်မပြုသေးခြင်းပင် ဖြစ်သည်။ အကယ်၍ ဤစစ်ပွဲက အမှည့်ချွေစစ်ပွဲဖြစ်နေခဲ့လျှင် မြန်မာစစ်တပ်အနေဖြင့် အနိုင်ရအောင် မစွမ်းဆောင်နိုင်သောကြောင့် ရှုံးနိမ့်နေရခြင်းသာ ဖြစ်တော့သည်။

သိထားပြီးသား မသေချာမရေရာမှုများ

မြန်မာနိုင်ငံ၏ပဋိပက္ခက ရှုပ်ထွေးသည်။ ထိုကဲ့သို့ ရှုပ်ထွေးရသည်မှာလည်း တိုင်းရင်းသားများနှင့် ရှည်လျားသော ပြည်တွင်းစစ်တစ်ခုတည်းကြောင့် မဟုတ်ဘဲ ခေတ်သစ်မြန်မာ့တပ်မတော်ကို ဒုတိယကမ္ဘာစစ်ကြီး အတွင်းတုန်းက ဖွဲ့စည်းခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ မြန်မာစစ်တပ်ကို တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ကျော်ရှိနေသည့်အနက် အနည်းဆုံးအဖွဲ့ ၅ ဖွဲ့တွင် အင်အား ၁ သောင်းကျော်ရှိနေသည်။ အခြားသောလက်နက်ကိုင် အဖွဲ့များတွင် မကြာခင်ကမှ ဖွဲ့စည်းခဲ့သော ပျူစောထီးလိုအဖွဲ့များနှင့် ယခင်ကရှိထားပြီးသား နယ်ခြားစောင့်တပ်ဖွဲ့ ဒါဇင်များစွာတို့ ပါဝင်နေသည်။ ၎င်းအဖွဲ့အစည်းများမှာ မြန်မာစစ်တပ်၏ ဩဇာလွှမ်းမိုးမှု သို့မဟုတ် ကျောထောက် နောက်ခံပေးမှုအောက်တွင် ရှိနေသည်။

နောက်ထပ်ဖြည့်စွက်ရန် ရှိသည်မှာ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဘာသာရေးလွှမ်းမိုးခံအဖွဲ့များ အပါအဝင် များပြားလှသော လက်နက်မပါဘဲ လှုပ်ရှားနေကြသည့်အဖွဲ့များဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းများ အကြား အကျိုးစီးပွားအရ အားပြိုင်မှုများကလည်း နက်နက်ရှိုင်းရှိုင်း တည်ရှိနေသည်။ ပြည်ပနိုင်ငံကြီးများ၏ အပြိုင် အဆိုင်ဩဇာ လွှမ်းမိုးနိုင်ရေးကြိုးပမ်းမှုများကိုလည်း ရှောင်လွှဲ၍မရပါ။ ထို့ကြောင့်လည်း မှန်းဆရခက်ခဲပြီး မပီဝိုးတဝါးနိုင်လှသော ပဋိပက္ခပေါင်းစုံ ပေါ်ထွက်လာသည်။ ခန့်မှန်းရခက်သော အချက်တချို့ကလည်း လက်ရှိအင်အားချိန်ခွင်လျှာကို မတည်မငြိမ် ဂယက်ထသွားစေနိုင်သည်။

ပထမအချက်မှာ – မြန်မာစစ်တပ်နှင့် နှစ်ဘက်သဘောတူ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းထားသော ရက္ခိုင့်တပ်တော် (AA) နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့၏ အနေအထားဖြစ်သည်။ ဤတပ်ဖွဲ့နှစ်ဖွဲ့အနက် တစ်ဖွဲ့ဖွဲ့က စစ်တပ်နှင့်စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများ ရှိလာခဲ့လျှင် အာဏာချိန်ခွင်လျှာက ပြောင်းလဲသွားမည်ဖြစ်သည်။ “ဝ”တပ်ဖွဲ့သည် နိုင်ငံတွင်း တစ်ခုတည်းသောအင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး အကောင်းဆုံး လက်နက်တပ်ဆင်ထားနိုင်သော အဖွဲ့အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြသည်။ သို့သော်လည်း စစ်တပ်ကရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ရရှိထားသော နိုင်ငံရေးအခွင့်အရေးအရ စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် အခြေအနေမျိုးက အနည်းငယ်သာရှိမည်ဟု ဆို နိုင်သည်။

၂၀၀၉ ခုနှစ်မှစတင်ဖွဲ့စည်းခဲ့သော အေအေတွင် တပ်ဖွဲ့ဝင်အင်အား မည်မျှရှိကြောင်းကိုတော့ ခန့်မှန်းရန်ခက်ခဲ သည်။ သို့သော် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၎င်း၏စစ်ရေးစွမ်းရည်နှင့် အုပ်ချုပ်ရေးစွမ်းရည်တွေအပေါ် မူတည်ပြီး ပြောရလျှင် ရက္ခိုင့်တပ်တော်အေအေသည် ထည့်သွင်းစဉ်းစားရမည့် အင်အားစုတစ်ရပ်ဖြစ်သည် ဆိုတာကတော့ ရှင်းလင်းသိသာနေပါသည်။ အေအေအနေဖြင့် ၂၀၂၀ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် သဘောတူထားခဲ့သော အပစ်အခတ်ရပ်စဲရေးကို လိုက်နာမည်ဟု လူသိရှင်ကြား ကတိပြုပြောဆိုထားသည်။ သို့သော်လည်း အဆိုပါသဘောတူညီမှုက ခိုင်မာမှုမရှိဘဲ မကြာသေးမီလများ အတွင်းကပဲ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အကယ်၍ မြန်မာစစ်တပ်က ၎င်းတို့၏ ပိုင်နက်နယ်နိမိတ်များကို လေးစားခြင်းမရှိပါက မြန်မာစစ်တပ်နှင့် ပြင်းထန်သောစစ်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း အေအေက အတိအလင်း သတိပေးထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရအာဏာလစ်ဟာမှုကြောင့် အေအေက ၎င်းထိန်းချုပ်သော နယ်မြေကိုတိုးချဲ့ပြီး အုပ်ချုပ်ရေးအစီအစဉ်များ ဖော်ဆောင်လာနိုင်ခဲ့သလို NUG နှင့် ညှိနှိုင်းဆောင်ရွက်မှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ မြန်မာစစ်တပ်၏ တပ်ဖွဲ့အင်အားကို နိုင်ငံအနောက်မြောက်ဘက်ရှိ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ အရှေ့မြောက်ဘက်ရှိ ရှမ်းပြည်နယ်နှင့် အရှေ့ဘက်ရှိ တတိယစစ်မြေပြင်တစ်ခုတွင် တပ်ချထားရသောကြောင့် ရခိုင်ပြည်နယ်တွင် နောက်ထပ်အဓိကစစ်မျက်နှာ တစ်ခုပေါ်ပေါက်မှုက စစ်ကောင်စီတပ်ဖွဲ့ အနေအထားကို ဆိုးဆိုးရွားရွား ပျက်ယွင်းသွားစေလိမ့်မည်။

ဒုတိယအဓိကကျသောအချက်မှာ – အသစ်ဖွဲ့စည်းထားသော လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များဖြစ်သည်။ မြို့ပြနှင့်ကျေးလက်ဒေသများမှ သောင်းနှင့်ချီသောလူငယ်များ EAO အသီးသီးကပေးသည့် သင်တန်းများတွင် တက်ရောက်ပြီး စစ်ပညာသင်ကြားခဲ့ကြသည်။ တစ်နှစ်နီးပါး တိုက်ပွဲအတွေ့အကြုံများကြောင့်လည်း တိုက်ရည်ခိုက် ရည်ရင့်ကျက်လာခဲ့သည်။ LDF နှင့် PDF များ၏ လက်နက်တပ်ဆင်မှုအနေအထားက လက်လုပ်ပြောင်းချောသေနတ်၊ မြေပြင်မှဝေဟင်ပစ် ဒုံးလက်နက်အဆင့်ကနေ ပြည်ပနိုင်ငံများမှ တင်သွင်းသော အပေါ့စားလက်နက်များအထိ အမျိုးအစားစုံပါဝင်သည်။ ၎င်းတွင် သုံးဘက်မြင်ပုံသွင်းစက်(3D Printer) သုံးထုတ်လုပ်သည့် လက်နက်များလည်း ပါဝင်သည်။

အပိုင်း (၂) ကို အောက်ဖော်ပြပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/…/a.46667938…/2338260389659692/

ကြည်ဖြူစံ
“Yusof Ishak Institute” တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Anders Kirstein Moeller” ရေးသားသည့် “The International Community Needs to Prepare for a Post-Tatmadaw Myanmar” ကို ဆီလျော်အောင်ရေးသားသည်။

https://www.facebook.com/dmgnewsagency/photos/a.466679383484478/2336525203166544/

Leave a Reply

Your email address will not be published.