အမ်း ပဲပဒုံစစ်ရှောင်စခန်းတွင် ဆန်ရိက္ခာပြတ်

By DMG /2022 July 14

ပုံစာ- ယခုရက်ပိုင်းအတွင်း ပဲပဒုံစစ်ဘေးရှောင်စခန်းကို တွေ့ရစဉ်။(Photo-CJ)

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ပဲပဒုံအမှတ်(၁) စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွင် ဆန်ရိက္ခာများ ပြတ်လပ်နေပြီး လက်ရှိတွင် အသိမိတ်ဆွေများထံမှ အကြွေးစနစ်ဖြင့်ဝယ်ယူကာ အရေးပေါ်ဖြေရှင်းနေရကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။

“ကူညီကယ်ဆယ်ရေးက အရေးပေါ်လိုအပ်နေတာပါ၊ အခု ကျနော့်အသိဆိုင်တွေကနေ ရိက္ခာအတွက် အကြွေးဝယ်ပြီးဖြေရှင်းနေရတာ ဆန်(၁၀)အိတ်ထိရှိနေပြီ။ ဒီအခြေအနေနဲ့ တောင့်ခံနိုင်ဖို့က မလွယ်တော့ဘူး။ အခု ကူညီထောက်ပံ့ရေးတွေ ပေါ်လာဖို့အတွက် ကျနော်တို့နှိုးဆော်မျှော်ကိုးရုံပဲရှိတယ်”ဟု စခန်းတာဝန်ခံ ဦးသန်းချိုကပြောသည်။

ထိုသို့ ရိက္ခာပြတ်လပ်ရခြင်းမှာ မိုးရာသီဖြစ်သည့်အတွက် စစ်ဘေးရှောင်များ အပြင်သို့အလုပ်ထွက်လုပ်ရန် အဆင်မပြေခြင်းအပါအဝင် အစိုးရ ဘေးစီမံဌာနမှ ရိက္ခာထောက်ပံ့မှု ရပ်နားထားသည့်အတွက်ဖြစ်ကြောင်းလည်း ဦးသန်းချိုက ဆက်ပြောသည်။

“ဘေးစီမံဌာနက ထောက်ပံ့ရိက္ခာတွေ ရပ်ဆိုင်းခံခဲ့ရပြီးနောက်ပိုင်း လူတစ်ဦးကို ၁၈၀၀၀ ကျပ်နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကပေးတဲ့ထောက်ပံ့ငွေနဲ့ပဲ ကျနော်တို့မှာရှိတဲ့ ရိက္ခာတွေကို ချွေတာသုံးနေခဲ့ရတယ်။ စခန်းကလူတွေလည်း ဒီကြားထဲမှာ အပြင်ကို အလုပ်ထွက်လုပ်ပြီးတော့ ဝမ်းစာကိုဖြေရှင်းနေခဲ့ကြရတာ။ အခုက မိုးရာသီရောက်လာတော့ သူတို့ခမျာလည်း အလုပ်အကိုင် ရှားပါးသွားပြီ ဘယ်လိုမှအဆင်မပြေတော့ဘူး”ဟု ဦးသန်းချိုက ပြောသည်။

အဆိုပါကယ်ဆယ်ရေးစခန်းတွင် ကမ္ဘာ့စားနပ်ရိက္ခာ(WFP)အဖွဲ့ကနေ လူတစ်ဦးကို တစ်လလျှင်ငွေကျပ်(၁၈၀၀၀)ကျပ်စီ ထောက်ပံ့နေသော်လည်း ဘေးစီမံဌာနမှ ထောက်ပံ့ပေးသည့်ဆန်များကို ပြီးခဲ့သည့် ဇန်နဝါရီလကစတင်ကာ ရပ်ဆိုင်းခံခဲ့ရကြောင်းလည်း ဦးသန်းချိုကရှင်းပြသည်။

ယင်းကြောင့် စစ်ဘေးရှောင်စခန်းများတွင် ရိက္ခာပြတ်လပ်ခြင်းများ မကြာခဏကြုံတွေ့ခဲ့ရပြီး ယခုအကြိမ်ကြုံတွေ့ရသည့် ရိက္ခာပြတ်လပ်ခြင်းမှာ မိုးရာသီဖြစ်သဖြင့် ယခင်ထက် ပို၍ဆိုးရွားကြောင်း အဆိုပါစခန်းရှိ စစ်ဘေးရှောင်များကဆိုသည်။

အဆိုပါစခန်းမှ စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဦးအောင်ခိုင်က “အခုက မိုးရာသီဆိုတော့ အရင်ရိက္ခာပြတ်တာထက် ပိုးဆိုးတာပေါ့။ လှူမယ့်သူတွေကလည်း မိုးရာသီဆိုတော့ အရင်တုန်းကလို သိပ်မလှူကြတော့ဘူး။ အခါတိုင်းက ကိုယ့်ဟာကိုယ် အပြင်အလုပ်လေးတွေထွက်ရှာပြီး မဟုတ်တဟုတ် အဆင်ပြေပေမယ့် ဒီရာသီကကျတော့ ကျနော်တို့အတွက်လည်း အလုပ်အကိုင် ရှားပါးသွားတော့ ပိုးဆိုးတာပေါ့”ဟု ပြောသည်။

အဆိုပါ ရိက္ခာရပ်ဆိုင်းထားခြင်းနှင့်ပတ်သက်ပြီး အမ်းမြို့နယ် ဘေးစီမံဌာနဦးစီးမှူး ဦးသန်းရွှေထံအား DMG က ဆက်သွယ်မေးမြန်းခဲ့ရာတွင် ထိုစစ်ဘေးရှောင်များအတွက် လာမည့်ရက်ပိုင်းတွင် တစ်ဦးကို ငွေကျပ်(၉၀၀၀)ကျပ်စီ ထောက်ပံ့ပေးရန် စီစဉ်နေကြောင်းပြောသည်။

အမ်းမြို့နယ်ဘေးစီမံဌာန ဦးစီးမှူး ဦးသန်းရွှေက “ဒီလ ရှေ့တစ်ပတ်အတွင်းမှာတော့ ကျနော်တို့ဆောင်ရွက်ပေးသွားမှာပါ။ ဒါပေမယ့် အရင်လို ရိက္ခာဆန်ပေးတာမျိုးမဟုတ်ဘဲ ဆန်တစ်ဗူးကို ၁၅၀ ကျပ်နဲ့ လူတစ်ဦးကိုဆန်နှစ်ဗူးစာ တစ်ရက်ကို ၃၀၀ ကျပ်နှုန်းစီနဲ့ တစ်လစာ ၉၀၀၀(ကျပ်)ဆိုပြီး ပိုက်ဆံပြန်ပေးအပ်သွားမှာပါ”ဟု ဦးသန်းရွှေကပြောသည်။

အဆိုပါ စစ်ဘေးရှောင်းစခန်းကို ပြီးခဲ့သည့် ၂၀၁၉-ခု ဒီဇင်ဘာလက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ယင်းတုန်းက အိမ်ထောင်စု(၂၀၀)နှင့် လူဦးရေ(၆၀၀)ကျော်ရှိခဲ့သော်လည်း ယခုနှစ်တွင် နေရပ်ပြန်သွားသူများရှိသဖြင့် လက်ရှိတွင် အိမ်ထောင်စု (၁၄)စုနှင့် လူဦးရေ(၆၄)ဦး ခိုလှုံနေကြကြောင်းလည်း သိရသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် ယခင်က စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်ရှိခဲ့သော်လည်း စစ်ပွဲရပ်စဲထားသဖြင့် တဖြည်းဖြည်းနေရပ်ပြန်သွားမှုများရှိခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေးရှောင်ခြောက်သောင်းခန့်မှာ လက်ရှိအချိန်အထိ မိမိတို့နေရပ်သို့ မပြန်နိုင်သေးပဲ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့တွင် အဘက်ဘက်မှဆုံးရှုံးနစ်နာမှုများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2341369639348767

Leave a Reply

Your email address will not be published.