အမ်းမြို့နယ်တွင် မိုင်းနင်းမိ၍ အသက် ၁၅ နှစ်အရွယ်ကျောင်းသားတစ်ဦးသေဆုံး၊ မိုင်းထောင်သည့်စစ်တပ်တွင်တာဝန်ရှိဟုဆို 

By Narinjara /2022 July 10

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ယမန်နေ့ ဇူလိုင် ၉ ရက် နံနက်က မိုင်းနင်းမိ၍ အသက် (၁၅) နှစ်အရွယ် အလယ်တန်းကျောင်းသားတစ်ဦးသေဆုံးသွားခဲ့ပြီး အလောင်းကို ယနေ့မှ ရရှိသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူမှာ အမ်းမြို့နယ်၊ ကဇုကိုင်းရွာမှ ရှစ်တန်းကျောင်းသား မောင်စည်သူကျော်လင်း (ခေါ်)လင်းလင်း(၁၅ နှစ်)ဖြစ်သည်။

၎င်းသည်ဇူလိုင် ၉ ရက်နေ့ နံနက်က ရွာအနီးရှိ တောင်ပေါ်သို့ မျှစ်ချိုးရန် သွားရာမှ နံနက် ၉ နာရီခန့်တွင် မိုင်းပေါက်သံကို ကြားခဲ့ရကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ၎င်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း၊ မိုင်းပေါက်သံကို ရွာသားများကြားခဲ့ရသော်လည်း နောက်ထပ် အလောင်း သယ်ရန် သွားသူများပါ မိုင်းအန္တရာယ်ရှိနေသဖြင့် ယနေ့မှ အလောင်းကို ခက်ခက်ခဲခဲ ရွာသို့ ယူဆောင်ခဲ့ရကြောင်း ရွာသားတစ်ဦးက ပြောဆိုသည်။

မိုင်းပေါက်ကွဲသည့် တောင်ပေါ်တွင် လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က တပ်စွဲနေရာ ယူထားလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုင်းပေါက်ကွဲ၍ သေဆုံးသူ၊ ဒဏ်ရာ သူများလည်း တစ်နေ့ထက် တစ်နေ့များပြားနေရာ ဇူလိုင် ၁ ရက်မှ ဇူလိုင် ၁၀ ရက်အတွင်း မိုင်းပေါက်ကွဲ၍ သေဆုံး ဒေသခံ ၃ ဦး ဒဏ်ရာ ရသူ ၅ ဦး ထိ ရှိသွားပြီဟု သိရသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာများမှာ စစ်တပ်တပ်ရင်းအနီး တဝိုက် နေရာများနှင့် ယခင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများဖြစ်ပြီး ပြည်သူများကို ထိခိုက်မှုရှိ၍ မိုင်းထောင်သူ မြန်မာစစ်တပ်တွင် အဓိကတာဝန်ရှိကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက နိရဉ္စရာကို ပြောသည်။

“အခုမိုင်းပေါက်ကွဲတဲ့နေရာတွေက ဗမာစစ်တပ်စခန်းချခဲ့တဲ့နေရာတွေမှာ များပါတယ်။ ဒါကြောင့် သူတို့အနေနဲ့က သူတို့စခန်းကို ကာကွယ်တဲ့အနေနဲ့ အရင်ကချခဲ့တဲ့မိုင်းလည်းဖြစ်နိုင်တယ်။ အခု အသစ်ချတဲ့မိုင်းတွေလည်း ဖြစ်နိုင်တာပေါ့။ ဒီလိုသာ မိုင်းကို တာဝန်မဲ့မရုပ်သိမ်း၊ သို့မဟုတ် စခန်းဝန်းကျင်၊ သွားလမ်းလာလမ်းတွေကို ထောင်တယ်ဆိုတာက ပြည်သူတွေကို ထိခိုက်မှု ရှိနိုင်ပါတယ်။ ပြည်သူတွေကိုထိခိုက်မှုရှိတဲ့အတွက် ထောင်တဲ့လူမှာတော့ တာဝန်ရှိတယ်။ အထူးသဖြင့် စစ်ကောင်စီတပ်ရှိတဲ့နေရာတွေမှာ ထောင်တဲ့ အတွက် သူတို့မှာ ပိုတာဝန်ရှိပါတယ်”ဟု ပြောသည်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်း ကလည်း ယခု ရခိုင်တွင်ပေါက်ကွဲနေသော မိုင်းများမှာ စစ်ကောင်စီတပ်က ထောင်ထားသောမိုင်းများဖြစ်ပြီး လက်ရှိ စစ်ပွဲများ မရှိသော်လည်း စစ်ရေးတင်းမာမှုများရှိနေ၍ မိုင်းသစ်များဆက်လက်ထောင်နေကြောင်း ပြောကြားသည်။

“ မဟုတ်ဘူးလို့ ငြင်းရင် နိုင်ငံတကာ မိုင်းကျွမ်းကျင်သူတွေကို ခေါ်ပြီးစစ်ခိုင်း၊ ဘယ်သူထောင်တဲ့ မိုင်းဆိုတာ အဖြေပေါ်လိမ့်မယ်။ ဒီမိုင်းတွေကို ဒေသခံတွေ သွားလာတဲ့နေရာမှာ ထောင်ထားမျိုးကို လုံး၀ဆန့်ကျင် ကန့်ကွက်ပါတယ်။ နိုင်ငံတော်အဆင့်တာဝန်ရှိသူတွေလည်း ပြည်သူတွေကို ထိခိုက်နေတဲ့အတွက် တားမြစ်သင့်ပါတယ်” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ မိုင်းပေါက်ကွဲမှုများဆက်တိုက်ဖြစ်လာသည့်အတွက် ပြည်သူ လူထုကြား စိုးရိမ်ကြောင့်ကြမှု ပိုများလာပြီး လက်လုပ်လက်စား ပြည်သူများအနေ​ဖြင့် အခက်ကြုံရသလို စစ်ဘေးရှောင်များလည်း နေရပ်ပြန်နိုင်ရေးမှာလည်း ပိုမိုဝေးကွာသွားကြောင်း ဦးဖေသန်းကလည်း ဆက်ပြောဆိုသည်။

“ဒီလို မိုင်းပေါက်တဲ့ ကိစ္စတွေသာ ဆက်တိုက်ဖြစ်လာတော့ ပြည်သူလူထု အနေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ အများကြီး ရှိလာတယ်။ တချို့ကလည်း စစ်ဘေးရှောင်ဘဝနဲ့ နေရပ်ပြန်ဖို့ ကြိုးစားနေတဲ့ ကာလမှာ အခုလိုမျိုး ဖြစ်လာတယ်ဆိုရင် ပြန်ရဲမှာမဟုတ်တော့ဘူး။ တစ်ဘက်ကလည်း တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ပြည်သူတွေအနေနဲ့လည်း တောတက် တောင်တက်ရှာ စားနေရတဲ့ပြည်သူတွေလည်း မသွားလာရဲတော့ဘူး”ဟု ပြောသည်။

ဇူလိုင်လ ၈ ရက် နေ့လယ် ၁၂ နာရီကလည်း မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာ အနီးတွင် မိုင်းပေါက်ကွဲ၍ နွားကျောင်းနေသည့် မူဆလင် ကလေး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုအထဲမှနှစ်ဦးကို ဒဏ်ရာပြင်းထန်သဖြင့် မြောင်းဘွေ ဆေးရုံကို တင်ပို့ခဲ့ရပြီး တစ်ဦးမှာ ခြေထောက်ဖြတ်ပစ်ခဲ့ရသည်ဟု သတင်းရရှိသည်။

ဇူလိုင်လ ၄ ရက် နေ့လယ် ၁ နာရီခန့်ကလည်း ကျောက်တော်မြို့နယ် မျာလီကန်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ဦးလှမောင်သည် ရွာအနီးရှိ လယ်ပြင်တွင် နွားကျောင်းနေစဉ် မိုင်းနင်းမိ၍ ဒဏ်ရာအပြင်းအထန်ရကာ အပေါက်ဝရွာဆေးရုံ၌ သေဆုံးသွားခဲ့သည်။

ဇူလိုင်လ ၃ ရက်ကလည်း မင်းပြားမြို့နယ်ရှိ တိုင်းဗဟို(၉)အနီးတွင် ဝါးခုတ်ရန် သွားသည့် အထက်ခချီးမြောင်ကျေးရွာမှ ကိုမောင်လှထွန်း (၂၈ နှစ်)သည် မိုင်းပေါက်ကွဲမှုဖြစ်၍ ဘယ်ဖက်ခြေတစ်ဖက်ပြတ်ထွက် သွားခဲ့သည့်အတွက် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

အလားတူ ဇူလိုင်လ ၁ ရက်ကလည်း ကျောက်တော်မြို့နယ် ဝက်မှိုင်း ကျေးရွာသား ဦးသန်းစိန်မောင် (၄၅ နှစ်)သည် ရွာအနောက်ဘက်ရှိတောင်တွင် နွားပျောက်ရှာစဉ် မိုင်းနင်းမိကာ ပေါက်ကွဲမှုဖြစ်၍ နောက်တစ်နေ့တွင် စစ်တွေဆေးရုံ၌ သေဆုံးသွားခဲ့သည်ဟု သိရသည်။

ရခိုင်တွင် မိုင်းပေါက်ကွဲ၍ သေဆုံးသူ ဒဏ်ရာရသူများ တစ်နေ့ထက် တစ်နေ့ များလာနေပြီး ၎င်းမိုင်းများမှာ ကျောက်တော်၊ အမ်း၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်တို့တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်

https://www.facebook.com/narinjara.info/posts/5625790924099605

Leave a Reply

Your email address will not be published.