အပြစ်မဲ့ပြည်သူများအတွက် ထောက်ပံ့ကူညီမှုများကို ဟန့်တားမှုမပြုလုပ်ရန် အာဆီယံအထူးကိုယ်စားလှယ်ကို အကြံပြုခဲ့ဟု ANP ဆို

By DMG /2022 July 04

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခကြားထဲတွင် ဒုက္ခရောက်နေကြရသော အပြစ်မဲ့ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဟန့်တားပိတ်ပင်ခြင်းများ မပြုလုပ်ရန် အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရက်ခ်ဆိုခွန်ကို ရခိုင်အမျိုးသားပါတီ (ANP) က အကြံပြု ခဲ့သည်ဟုဆိုသည်။

လက်နက်ကိုင်ပဋိပက္ခကြားတွင် အပြစ်မဲ့ပြည်သူများ၏ ရပ်ရွာ၊ နေအိမ်များမီးရှို့ခံရခြင်း၊ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် ကူညီထောက်ပံ့မှုများပေးရာတွင် ဟန့်တားပိတ်ပင်ခြင်းများ ရှိနေသည့်အတွက် ပြည်သူများအား တက်နိုင်သည့်နည်းလမ်းဖြင့်အကူညီပေးရန်လိုအပ်နေကြောင်း အကြုံ ပြုဆွေးနွေးခဲ့သည်ဟု ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

“ လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့တွေဟာ ကိုယ်ရဲ့တပ်ဖွဲ့လုံခြုံရေးထက် အပြစ်မဲ့ပြည်သူတွေ လူသားချင်းစာနာ ထောက်ထားမှုအကူအညီရအောင်အတွက် အဓိကဦးစားပေးပြီး စဉ်းစားဖို့လိုနေတဲ့အချိန်ဖြစ်တယ်။ ကိုယ်ရဲ့ တပ်ဖွဲ့လုံခြုံရေးကို ဦးတည်ပြီး ပိတ်ပင်မှုတွေ၊ ဟန့်တားမှုတွေမလုပ်ဖို့အရေးကြီးတယ်။ အဲဒီလိုပိတ်ပင်မှုတွေ မလုပ်ဘူးဆိုရင် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဟာမြန်မြန်ဆန်ဆန်ရောက်မယ် ” ဟု ၎င်းက ပြောသည်။

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခ်ဆိုခွန်သည် ရခိုင်အမျိုးသားပါတီ (ANP) အပါအဝင် ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ကြံ့ခိုင်ရေးပါတီ (USDP) စသည့် နိုင်ငံရေးပါတီ (၇) ခုနှင့် ဇူလိုင် ၂ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ထိုသို့အကြံပြုဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်အမျိုးသားပါတီမှ အာဆီယံဘုံသဘောတူညီချက်များတွင်ပါရှိသည့် လူသားချင်းစာနာ ထောက်ထားမှုအကူညီများရရှိရေး၊ အကြမ်းဖက်မှုရပ်တန့်ရေးစသည့်အချက်များနှင့်ပတ်သက်၍ အာဆီယံအထူး ကိုယ်စားလှယ်အားအကြုံပြုဆွေးနွေးခဲ့သည်ဟုလည်း ဦးသာထွန်းလှကဆက်ပြောသည်။

“ လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ အခုပဋိပက္ခဖြစ်နေတဲ့အထဲမှာ ရှိနေတဲ့ မြန်မာ့တပ်မတော်အပါအဝင် လက်နက် ကိုင်ဆောင်ထားတဲ့အဖွဲ့အစည်းတွေအကုန်လုံးက ပြည်သူတွေကို ကာကွယ်ပေးဖို့တာဝန်ရှိတယ်။ ကိုယ့် လက်နက်ကိုင်တပ်ဖွဲ့ထဲမှာရှိတဲ့ အဖွဲ့ဝင်တွေကို စည်းကမ်းတကျလိုက်နာဆောင်ရွက်ဖို့ တာဝန်ရှိတဲ့အတွက် အဲဒီလို လိုက်နာဆောင်ရွက်နိုင်တဲ့အခြေအနေကို ဖန်တီးရင် မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ ၊ ရပ်ရွာတွေမီးရှို့ခံနေရမှုတွေ လျော့နည်းသွားမယ်။ ပြည်သူတွေ စစ်ဘေးရှောင်ဘဝမှ ကင်းဝေးမှာဖြစ်တယ်လို့ ဆွေးနွေးခဲ့တယ်” ဟု သူကဆိုသည်။

အာဏာသိမ်းပြီးနောက် တစ်နှစ်နှင့်ခြောက်လအတွင်း မြန်မာနိုင်ငံအရပ်ရပ်တွင် စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်ရှိကြောင်း နိုင်ငံ‌ရေးအကျဥ်းသားများ ကူညီ‌စောင့်ရှောက်ရေးအဖွဲ့(AAPP)၏ ထုတ်ပြန် ချက်အရ သိရသည်။

လက်ရှိမြန်မာနိုင်ငံရေးပြဿနာများသည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းအားနည်းခဲ့သောကြောင့် ဖြစ်သဖြင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်မှ သာလျှင် နိုင်ငံရေးပြဿနာ များကို အဖြေရှာနိုင်မည်ဟုလည်း အကြုံပြုဆွေးနွေးခဲ့သည်ဟု ဦးသာထွန်းလှက ပြောသည်။

အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည့် ရခိုင့်ဦးဆောင်ပါတီ(AFP) ကလည်း လက်ရှိ မြန်မာ နိုင်ငံ၏ အကျပ်အတည်းနှင့်ပတ်သက်၍ ရခိုင်ပြည်တွင်ဖြစ်ပွားနေသည့်အခြေအနေများ၊ ဒေါ်အောင်ဆန်းစု ကြည်အားလွှတ်ပေးရေး၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖော်ဆောင်ရေးစသည့် အချက် (၅)ချက်ကို အကြံပြုတင်ပြခဲ့ကြောင်း AFP ပါတီမှ ထုတ်ပြန် ထားသည်။

#R003

https://www.facebook.com/dmgnewsagency/posts/2333219506830447

Leave a Reply

Your email address will not be published.