အစ္စလာမ်ဘာသာဝင်တို့ရဲ့ ကူရ်ဘာန်နေ့ကို ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂက ဂုဏ်ပြုကြိုဆိုကြောင်း သဝဏ်လွှာ ပေးပို့ 

By Voice Of Westland/2022 July 11

မနေ့က ဇူလိုင်လ ၁၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့

အစ္စလာမ်ဘာသာဝင်တို့ရဲ့ ကူရ်ဘာန် နေ့ကို အာရက္ခကျောင်းသား၊ ကျောင်းသူတို့ရဲ့ကိုယ်စား ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂက ဂုဏ်ပြုကြိုဆိုတယ်လို့ ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ သဝဏ်လွှာတစ်စောင် ပေးပို့လိုက်တယ်လို့ သိရပါတယ်။

လက်ရှိရခိုင်ပြည်မှာ နေထိုင်နေကြတဲ့ ပြည်သူတွေဟာ ဘာသာရေးကို ခွဲခြားမှုမရှိပဲ လက်ခံလာတာကို တွေ့လာရသလို အာရက္ခပြည်မှာ နေထိုင်ကြတဲ့ လူမျိုးတိုင်းရဲ့ ဘာသာတရားကို လေးစားတန်းဖိုးထားတဲ့အတွက် အခုလိုမျိုး ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့ရတာ ဖြစ်တယ်လို့ ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂဦးဆောင်ကော်မတီ အဖွဲ့ဝင် ကိုကျော်နိုင်ဌေးက VOW ကို ပြောပါတယ်။

“အာရက္ခပြည်မှာ နေထိုင်နေကြတဲ့ လူမျိုးတိုင်းရဲ့ ဘာသာတရားကို လေးစားတန်ဖိုးထားပြီးတော့ ကျနော်တို့ အနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ အရင်တုန်းက ဆိုလို့ ရှိရင် အစ္စလာမ်ဘာသာဝင်တွေနဲ့ အမုန်းစကားတွေ ပြောကြတယ်။ အစ္စလာမ်ဘာသာဝင်တွေဟာ ရခိုင်ပြည်မှာ ကြီးစိုးသွားမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိခဲ့တယ်။ ဒီဟာတွေက တစ်ချို့ပုဂ္ဂိုလ်တွေရဲ့ အမုန်းစကားသာ ဖြစ်တယ်။ လူတိုင်းမှာ ကိုယ်ယုံကြည်ရာကို ကိုးကွယ်ခွင့်ရှိတယ်။ လက်ရှိမှာ ဘာသာရေးနဲ့ပတ်သတ်လို့ အာရက္ခပြည်မှာ ရှိတဲ့ ပြည်သူတွေက လက်ခံလာတာ တွေ့လာရတယ်´´လို့ ကိုကျော်နိုင်ဌေးက ပြောပါတယ်။

အာရက္ခပြည်ကြီးမှာ နေထိုင်နေကြတဲ့ ဗုဒ္ဓဘာသာဝင်၊ခရစ်ယန်ဘာသာဝင်၊ ဟိန္နူဘာသာဝင်၊ အစ္စလာမ် ဘာသာဝင်တွေနဲ့ နတ်ကိုးကွယ်သူတွေနဲ့အတူ အာရက္ခပြည်ရဲ့ အနာဂတ်ကို မိမိတို့ရဲ့လက်နဲ့ ထုဆစ်ပုံဖော်သွားဖို့ကို မျှော်လင့်တဲ့အတွက် သဝဏ်လွှာ ပေးပို့ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိမှာ မွတ်ဆလင်ကျောင်းသား၊ကျောင်းသူတွေနဲ့ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂတို့ဟာ ပညာရေးအခန်းကဏ္ဍတွေမှာ ပူပေါင်းလုပ်ဆောင်နေပြီးတော့ အချင်းချင်း ကူညီမှုတွေ လုပ်ဆောင်နေတယ်လို့ ကိုကျော်နိုင်ဌေး ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ကလည်း ရခိုင်နဲ့မွတ်ဆလင် တို့ရဲ့ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားတဲ့ မွတ်ဆလင်လူမျိုး ၈ ယောက်ကို လွှတ်ပေးကာ မွတ်ဆလင်ကျေးရွာ ၂၂ ရွာက ပြည်သူတွေကို အဝတ်အထည်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

https://www.facebook.com/VOW2ppl/posts/178285871257465

Leave a Reply

Your email address will not be published.