သံတွဲနာရေးအသင်းမှ မီးစက်တစ်လုံးခိုးယူသူ ၃ ဦးကို ဖမ်းမိ

By Narinjara /2022 July 02

ဓာတ်ပုံ – ဦးမြင့်သိန်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ မြို့မနာရေးကူညီမူအသင်းမှ မီးစက်တစ်လုံး ခိုးယူသူ ၃ ဦးကို ဖမ်းဆီးရမိလိုက်သည်ဟု သိရသည်။

မီးစက်ခိုးယူသူများကို ယနေ့ ဇူလိုင်လ ၂ ရက် နံနက် ၁ဝ နာရီခန့်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု သံတွဲမြို့မ နာရေးကူညီမှုအသင်းမှ အသင်းဝင်တစ်ဦးဖြစ်သူ ဦးမြင့်သိန်းက ပြောသည်။

“သံတွဲမြို့မရဲစခန်းက ပစ္စည်းသွားစစ်ရင်း ဖမ်းဆီးရမိတယ်လို့ ရဲစခန်းက ပြောပါတယ်။ အခိုးခံလိုက်ရတဲ့ မီးစက်ကတော့ ဆုံးသွားပါပြီ။ ဘာလို့ဆိုတော့ သူတို့က တစ်ခုချင်းစီဖြုတ်ယူပြီး ခိုးသွားတာဆိုတော့လေ”ဟု ပြောသည်။

ခိုးယူသူများက မီးစက်အထိုင်ကို ချောင်းထဲတွင်ပစ်ထားခဲ့ကြသည်ဟုလည်း ဆိုသည်။

အခိုးခံလိုက်ရသည့် မီးစက်အမျိုးအစားမှာ ဂျန်ဒေါင်း (၇)ကောင်ဆွဲ

မီးစက်အမျိုးအစားဖြစ်ပြီး ပြီးခဲ့သည့်ညက အခိုးခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

အခိုးခံလိုက်ရသည့်မီးစက်မှာ သံတွဲမြို့မနာရေးကူညီမှုအသင်း၏ မီးသင်္ဂြိုဟ်စက်ရှိ မီးစက်နှစ်လုံးအနက် တစ်လုံးဖြစ်ပြီး ကာလပေါက်စျေးအရဆိုလျှင် ကျပ် ၁၁ သိန်းကျော်ရှိနိုင်သည်ဟု ဦးမြင့်သိန်းက ဆက်ပြောသည်။

ယခုအခါ မီးစက်ခိုးယူသွားသူ ၃ ဦးကို သံတွဲမြို့မရဲစခန်းက ဥပဒေအရအရေးယူသွားမည်ဟု သိရသည်။

သံတွဲမြို့တွင် မကြာခဏ ခိုးယူမှုဖြစ်စဉ်များဖြစ်ပွားနေပြီး ယင်းဖြစ်စဉ်များတွင် လူငယ်ပိုင်းများနှင့် အသက်မပြည့်သည့်ကလေးများပင် ပါဝင်လာသည်ဟု မြို့ခံများက ပြောသည်။ (NN-12)

https://www.facebook.com/narinjara.info/posts/5604326306246067

Leave a Reply

Your email address will not be published.