ရခိုင်လူဖမ်းပွဲဖြစ်စဥ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် အရပ်သား ၃၀ ကျော်ကို ပုဒ်မ ၅၀၅ ဖြင့် စစ်ကောင်စီတရားစွဲဆိုထား 

By Western News /2022 July 13

ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့ ပြီးခဲ့သည် ဇွန်လ ဆန်းပိုင်းမှစ၍ လူဖမ်းပွဲဖြစ်စဥ်အတွင်း ရခိုင်က အရပ်သား (၃၀) ကျော်ကို နိုင်ငံတော်ဆူပူလှုံဆော်မှု ပုဒ်မ ၅၀၅ ဖြင့် မြို့နယ်အသီးသီးများတွင် စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားကြောင့် သိရှိရသည်။

ဖမ်းဆီးတရားစွဲဆိုခံရသူများမှာ ကျောက်တော်မြို့နယ်မှ ၃ ဦး၊ စစ်တွေမြို့နယ်မှ ၉ ဦး၊ မြောက်ဦးမြို့နယ်မှ ၈ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၆ ဦး၊ ကျောက်ဖြူမြို့နယ်မှ ၄ ဦးနှင့် ပလက်ဝမြို့နယ်မှ ၂ ဦးတို့ဖြစ်ကြောင်း နိုင်ငံရေးအကျည်းသားဟောင်းတစ်ဦးဖြစ်သူ စာရေးဆရာဝေဟင်အောင်က ပြောသည်။

၄င်းအပြင် စစ်တွေမြို့နယ်မှ အရပ်သားတစ်ဦးကို ခြေချုပ်မှုဖြင့် စွဲဆိုထားပြီး နောက်အရပ်သားနှစ်ဦးအား မှောင်ရိပ်ခိုမှုဖြင့် ထောင်ဒဏ် ၁ လချမှတ်ထားကြောင်းလည်း သိရှိရသည်။

စစ်ကောင်စီခေါင်းဆောင်အနေဖြင့် ယခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီး လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်ဆိုသော်လည်း မြေပြင်အခြေအနေတွင်လုပ်ဆောင်ချက်များမှာ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဖြစ်နေသည်ဟု စာရေးဆရာဝေဟင်အောင်က သုံးသပ်ပြောဆိုသည်။

“ဒါကတော့ အပြောတခြား အလုပ်တခြားလို့ပြောရမယ်။ ငြိမ်းချမ်းရေးကိုပြောတယ်ဆိုရင် ငြိမ်ချမ်းရေးနှင့် ဆက်စပ်ပြီးတော့ သူလုပ်ပြရမယ်အရာတွေရှိတယ်။ စစ်အင်အားတိုးချဲ့တာတွေကို လုံးဝမလုပ်ရဘူး။ နောက်တစ်ခုက ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ကုန်စည်စီးဆင်မှုတွေကို ထိန်းညှိပေးရမယ်။ ဒေသဖွံ့ဖြိုးရေးတွေကို လုပ်ပြရမယ်။ အရပ်သားတွေကို ဖမ်းဆီးတာတွေ လုံးဝမဖြစ်သင့်ဘူးလို့မြင်တယ်”ဟု ပြောသည်။

သက်သေအထောက်အထားခိုင်လုံမှုမရှိဘဲ ဖမ်းဆီးထားသည့် အရပ်သားများအား ပြန်လည်လွှတ်ပေးသင့်သည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“ဥပဒေ​အရ သက်သီအထောက်အထားခိုင်လုံရင် ပြစ်မှုကျူးလွန်ရင်တော့ ထောင်ချလို့ရတယ်။ ထောက်သေအထောက်အထားခိုင်လုံမှုမရှိဘဲ ဖမ်းဆီးတာကတော့ မတရားဖမ်းဆီးမှုဖြစ်တယ်”ဟု ပြောသည်။

ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့် ဇွန်လ (၁၆) ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး၊ ဇွန် (၂၀) ရက်နေ့က ကျောက်တော်မြို့မှ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် (၂၁ ) ရက်နေ့က မြောက်ဦးမြို့မှ (စရဖ) တပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် (၂၂) ရက်နေ့က ရမ်းဗြဲမြို့မှ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ဇွန် (၂၃) ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အဆိုပါမြို့နယ်များမှ အရပ်သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီးခဲ့ပြီး တချို့ကို ပြန်လည်လွှတ်ပေးခဲ့သည်။

ရခိုင်တိုက်ပွဲကာလအတွင်း ဖမ်းဆီးခံခဲ့ရသည့် အရပ်သားများအနက် ၆၈ ဦးကိုလည်း စစ်ကောင်စီက ပြစ်ဒဏ်များ ချမှတ်ထားကြောင်း သိရှိရသည်။

https://www.facebook.com/westernnewsagency/posts/562477998892042

Leave a Reply

Your email address will not be published.