ရခိုင်လူငယ်တစ်ဦး မလေးထီပေါက်သည့် ကျပ်သိန်း ၄၀၀ ကျော်ဆုငွေကို အလုပ်ရှင်က သိမ်းယူ

By Western News /2022 July 10

မလေးရှားနိုင်ငံတွင် ရင်းဂစ် တစ်သိန်းနီးပါးမြန်မာကျပ်သိန်း ၄၀၀ ကျော် ထီဆုပေါက်သည် မြန်မာလုပ်သား ရခိုင်လူငယ်တစ်ဦးဆီက ၎င်းအလုပ်လုပ်နေသည့် စက်ရုံပိုင်ရှင်က ဆုငွေမပေးဘဲသိမ်းယူထားကြောင်း မလေးရှားနိုင်ငံရှိ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ မှ သိရသည်။

မလေးရှားနိုင်ငံ Raub Pahang တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ရခိုင်လူမျိုးဖြစ်သည့် မောင်မောင်မျိုးဟာ မလေးရှားနိုင်ငံ၏ တရားဝင်(၄)လုံးထီ ပထမဆု မလေးရှားငွေရင်းဂစ် ၁သိန်းနီးပါး မြန်မာ ကျပ်ငွေ သိန်း ၄၅၀ နီးပါးဆုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထီပေါက်သည့်မောင်မောင်မျိုးဆုငွေ၏ ၁သိန်းနီးပါးတွင် ကာယကံရှင်ကို ၁ သောင်းသာ ပေးခဲ့သော်လည်း ကျန်ငွေအားလုံးကို အလုပ်ရှင်က သိမ်းယူသွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တွင် ထီပေါက်သူက မလေးရှားနိုင်ငံရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် နှလုံးလှအသင်းဆီ ဆက်သွယ်အကူအညီတောင်းခံခဲ့၍ သွားရောက်ဖြေရှင်းပေးခဲ့ရကြောင်းအဆိုပါအဖွဲ့ က ဇူလိုင် ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

“ထီပေါက်သူထံအရောက်သွားတဲ့အခါမှာတော့ သူဌေးက ကျွန်တော်တို့အဖွဲ့ကို အပြင်ကိုထွက်မကြည့်ပဲ CCTV ကကြည့်နေခဲ့ပြီး သူဌေးလင်မယားနှစ်ယောက် ဝေ့လည်ကြောင်ပတ်နဲ့ ရင်းဂစ် ၅ သောင်းပေးခဲ့ပါတယ်။ ကျန်တာနောက်ရက်အပြီးပေးပါမယ်ပြောတယ်”ဟု အဆိုပါအသင်းကထုတ်ပြန်သည်။

အလုပ်ရှင်ဆီရရှိသည့် ငွေများကို ကာယကံရှင်က မြန်မာနိုင်ငံလွဲပေးရန် အကူအညီတောင်းခံ၍ လွဲပေးခဲ့ပြီး နှလုံးလှအသင်းအား ပရဟိတလုပ်ဆောင်ရန်အတွက် ရင်းဂစ် ၃၀၀၀ ကိုလည်း လှူဒါန်းခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

မလေးရောက် မြန်မာ ရွေ့ပြောင်း အလုပ်သားများအနေဖြင့်လည်း ထီထိုးမည်ဆိုပါက တရားဝင်ဒိုင်များကို ရွေးထိုးကြဖို့လိုကြောင်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

https://www.facebook.com/westernnewsagency/posts/560178332455342

Leave a Reply

Your email address will not be published.