ရခိုင်ရှိ စစ်ဘေးရှောင်များ ပြည်နယ်စစ်ကောင်စီထံမှ ရိက္ခာထောက်ပံ့မှု မရ

By Western News /2022 July 15

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များမှာ ပြည်နယ်စစ်ကောင်စီထံမှ ရိက္ခာထောက်ပံ့ပေးမှုကို မရရှိဖြစ်ကြသည့်အတွက် အခက်အခဲဖြစ်နေကြသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံများက ပြောဆိုကြသည်။

ပြည်နယ်စစ်ကောင်စီလက်အောက်ခံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ စစ်ဘေးရှောင်များအား ယခုနှစ် မေလက တစ်ကြိမ်ထောက်ပံ့ပေးခဲ့ပြီးနောက် ရိက္ခာထောက်ပံ့မှုကို ရပ်နားထားခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ထိုကဲ့သို့ ရပ်နားထားမှုများကြောင့် စစ်ဘေးရှောင်စခန်းများမှာ ရိက္ခာပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရနေရသည်ဟု အမ်းမြို့၊ ပဲပဒုံစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းချိုက ပြောသည်။

“ရိက္ခာပြတ်တောက်သွားလို့ ကိုယ့်ဟာနဲ့ကို ကျနော်တို့စီစဉ်ပေးနေရတယ်။ အရင်ဆိုရင်တော့ ခရိုင်ဘေးစီမံက လူတစ်ယောက်ကို တစ်နေ့ ဆန်နှစ်ဘူးထောက်ပံ့တယ်။ WFP ကတော့ လူတစ်ယောက်ကို တစ်လမှာ ငွေကျပ် ၁၈၀၀၀ ထောက်ပံ့တယ်။ ခရိုင်ဘေးစီမံက ထောက်ပံ့တာကတော့ ဒီနှစ်ထဲမှာ ၂ ခါပဲရခဲ့တယ်။ ကျန်တဲ့အချိန်တွေမှာတော့ ကိုယ့်ဟာနဲ့ကို စားဝတ်နေရေးကို ဖြေရှင်းနေရတယ်” ဟုပြောသည်။

ခရိုင်ဘေးစီမံမှ စစ်ဘေးရှောင်များအား ယခုနှစ်အတွက် ဖေဖော်ဝါရီလတွင်တစ်ကြိမ်နှင့် မေလတွင်တစ်ကြိမ်သာ ထောက်ပံ့ပေးခဲ့သည်ဟု ဦးသန်းချိုက ဆက်ပြောသည်။

အမ်းမြို့ရှိ စစ်ဘေးရှောင်များသည် နွေရာသီအချိန်တွင် ဝါးခုတ်၊ လမ်းလုပ်၊ ဆောက်လုပ်ရေးလုပ်ငန်း စသည့်အလုပ်များတွင် ကြုံရာကျပန်းဝင်ရောက်လုပ်ကိုင်ခဲ့ကြသော်လည်း မိုးရာသီအချိန်တွင် အလုပ်လက်မဲ့ဖြစ်နေကြသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု သူကဆက်ပြောသည်။

ဘူးသီးတောင်မြို့ လမ်းမကယ်ဆယ်ရေးစခန်းတွင်လည်း လူကယ်ပြန်ဌာနမှပေးသော ဆန်များပုံမှန်မရောက်သွားကြောင့် အခက်အခဲဖြစ်နေကြသည်ဟု စခန်းတာဝန်ခံ ဦးကျော်ဝင်းကပြောသည်။

“အရင်ဆိုလို့ရှိရင် လူကယ်ပြန်က ၁၅ ရက်တစ်ကြိမ် ပုံမှန်လာပေးတယ်။ ဇွန်လ ၂၀ ရက်နေ့က တစ်ကြိမ်ရခဲ့တယ်။ ဒီလအတွက်က မရသေးဘူး။ ငွေရေးကြေးရေအခက်အခဲကြောင့် ငွေထုတ်လို့အဆင်မပြေတဲ့အတွက် အချိန်မီပုံမှန်ပေးဖို့အတွက် အဆင်မပြေမှုတွေ ကြုံနေရတယ်လို့ သိရတယ်”ဟု ပြောသည်။

စစ်ကောင်စီလက်အောက်ခံ လူကယ်/ ပြန် ဌာနမှ စစ်ဘေးရှောင်တစ်ဦးလျှင် တစ်နေ့ကို နို့ဆီဘူး ဆန် ၂ ဘူးနှုန်းဖြင့် ထောက်ပံ့ပေးမှုကို ဖေဖော်ဝါရီလအတွင်းက ရပ်နားထားခဲ့ပြီး မေလတွင်တစ်ကြိမ် ပြန်လည်ထောက်ပံ့ပေးခဲ့သည်ဟု စခန်းတာဝန်ခံများက ပြောဆိုကြသည်။

ဆန်ရိက္ခာထောက်ပံ့ပေးမှု ကြန့်ကြာနေခြင်းနှင့်ပတ်သက်ပြီးမေးမြန်းရန် ပြည်နယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား မေးမြန်းရန်ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ်မရရှိခဲ့ပေ။

ပြည်နယ်စစ်ကောင်စီထံမှ ရိက္ခာထောက်ပံ့မှုကို ပုံမှန်မရရှိကြသည့်အတွက် စစ်ဘေးရှောင်များအခက်အခဲဖြစ်နေကြသည်မှာ ဟုတ်မှန်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ ကိုဇော်ဇော်ထွန်းက ပြောသည်။

“သူတို့က ရပ်တန့်တယ်လိုတော့မပြောဘူး။ ဒါပေမဲ့ ပုံမှန်တော့ မရောက်ဘူး။ ပြီးခဲ့တဲ့ ၃လ၊ ၄လကနေ ဒီလိုဖြစ်နေတာ။ အခုကတော့ WFP နဲ့ ICRC ကတော့ ပုံမှန်နီးပါး ထောက်ပံ့မှုကို ရနေတယ်။ ဒါတွေကလည်း စခန်းအားလုံးတော့မရဘူး”ဟု ပြောသည်။

စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲများကို ကြုံတွေ့နေရသဖြင့် တော၊ တောင်များသို့ ဟင်းခူး၊ ထင်းခုတ်ရန်သွားရောက်ခြင်း မြစ်နား၊ ချောင်းနားသို့ ငါးရှာရန်သွားရောက်ခြင်းတို့ကြောင့် မကြာခဏ မိုင်းဘေးအန္တရာယ်ကို ကြုံတွေ့နေရသည်ဟု သူကဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ်မေလမှ ဇူလိုင်လအတွင်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၅ ဦးသေဆုံးခဲ့ပြီး ၇ ဦးဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲကာလအတွင်းမှ ဇူလိုင်လ ၁၀ ရက်နေ့အထိ မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၆၄ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၇၆ ဦးအထိရှိခဲ့သည်။

၂၀၁၉ ၊ ၂၀၂၀ပြည့်နှစ်က ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁ သိန်းခွဲခန့်အထိရှိခဲ့ပြီး ယခုအချိန်တွင် စစ်ဘေးရှောင်ဦးရေမှာ ၄ သောင်းကျော်ခန့်သာ ကျန်ရှိကြောင်း သိရှိရသည်။

https://www.facebook.com/westernnewsagency/posts/563839472089228

Leave a Reply

Your email address will not be published.