ရခိုင်မှ TA ဆရာ၊ ဆရာမများအတွက် ကြွေးကျန်တစ်လစာအပါအဝင် ၄ လစာ ချပေး

By Narinjara /2022 July 18

ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားစာပေသင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမများ (Teacher Assistant -TA)များအတွက် ကြွေးကျန်တစ်လစာအပါအဝင် ၄ လစာကို ချပေးလိုက်ပြီဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။


” အခုက ဇွန်လအတွက်ပါ ပေးနေပြီ။ လကုန်ရင် ဇူလိုင်လအတွက်ပါ ပေးမယ်”ဟု ပြောသည်။

ရခိုင်ရှိ TA ဆရာ၊ ဆရာမများသည် ၄င်းတို့၏ ဇွန်လအတွက် လစာကို လကုန်သည်နှင့်မရရှိခဲ့ကြဘဲ ယခုမှ ရရှိနေကြခြင်းဖြစ်သည်။

သို့သော် ယခုထိတိုင်မရသေးသည့် မြို့နယ်အချို့လည်း ရှိနေသေးသည်ဟု ဆရာ၊ ဆရာမများက ပြောသည်။

ရသေ့တောင်မြို့နယ်မှ TA ဆရာမ ဒေါ်ပိတောက်ခိုင်က “စစ်တွေမြို့နယ်တွေမှာတော့ ရနေပြီလို့ ကြားတယ်။ ရနေတာ လေးငါးရက်ရှိပြီလို့တော့ ပြောသံကြားတယ်။ အတိအကျတော့ မသိရသေးဘူး။ ရသေ့တောင်တစ်မြို့နယ်လုံး မရသေးတာတော့ အသေအချာပါပဲ” ဟု ယနေ့ ညနေပိုင်းက ပြောသည်။

အလားတူ မြောက်ဦးမြို့နယ်တွင်လည်း TA ဆရာ၊ ဆရာမများမှာ ဇွန်လအတွက် လစာကို လုံးဝမရသေးဟု ပြောသည်။

မြောက်ဦးမြို့နယ်မှ TA ဆရာမ ဒေါ်မြတ်ကေခိုင်က “လစာကမရသေးဘူး။ ဟိုတစ်ပတ်ကတော့ စစ်တွေမှာ ဇွန်လအတွက် ရတယ်လို့ တင်ထားတယ်။

ပြောသံကြားတယ်။ မြောက်ဦးမှာတော့ ဇွန်၊ ဇူလိုင် နှစ်လပေါင်းပြီပေးမယ်လို့တော့ ပြောတယ်။ အခု Page တစ်ခုမှာ တင်ထားတာမြင်လိုက်တာတော့ ၄ လသာ ပေါင်းပေးမယ်လို့ မြင်လိုက်တယ်” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က “တစ်ခြားမြို့နယ်တွေမရသေးတာက လောလောဆယ် မထုတ်ပေးသေးတာဖြစ်တယ်။ ပြည်နယ်ရုံးကတော့ ထုတ်ပေးဖို့ပြင်ထားပြီ”ဟု ပြောသည်။

TA ဆရာ၊ ဆရာများကို ယခင်နှစ်များက ကျောင်းဖွင့်သည့် ရက်များတွင် တစ်နေ့လျှင် ငွေ ၄၅၀၀ ကျပ်ပေးခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစတင်ကာ တစ်လလျှင် ငွေကျပ် ၁ သိန်း ၃ သောင်းစီ ပေးအပ်ခဲ့သည်ဟု သိရသည်။

နေ့စားဆရာ၊ ဆရာမများသဖြင့် ကျောင်းပိတ်ထားသည့်လများတွင် လစာမရရှိခဲ့ကြဟုလည်း ဆိုကြသည်။

TA ဆရာ၊ ဆရာမများသည် အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေကို အဓိကထား သင်ကြားပေးနေရခြင်းဖြစ်ပြီး ကျောင်းအတွင်း ဆရာ၊ ဆရာမများ အတန်းမလာသည့်အချိန်များတွင်လည်း အစားထိုးဝင်ရောက်ပြသရမှုများလည်းရှိသည်ဟု သိရသည်။

ရခိုင်တွင် TA ဆရာ၊ ဆရာမဦးရေ ၂ ထောင်ကျော်ရှိသည်ဟုလည်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။ (NN-12)

https://www.facebook.com/narinjara.info/posts/5650677344944296

Leave a Reply

Your email address will not be published.