By Border News Agency/2022 July 03
ဘဲငါးရာတောင်တစ်ဘက်ရှိ ခမီလူမျိုးများနေထိုင်တဲ့မြို့ရွာကျေးရွာရှိ စာသင်ကျောင်းအား ယခုနှစ်အတွင်းတွေ့ရပုံ/BNA)
နှစ်ပေါင်းများစွာကြာ စစ်အစိုးရတို့အုပ်ချုပ်ပြီးနောက် အသွင်ပြောင်း၍အရပ်သားအစိုးရ တက်လာချိန်၊လွှတ်တော်များပေါ်လာချိန်တွင် မြန်မာပြည်အနှံ့ မြို့ရွာများ၌ လမ်းပန်းဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးကွန်ရက်၊ကိရိယာ(ဖုန်းလိုင်း၊ဖုန်းကဒ်၊အင်တာနက်)တို့ စတင်ဖွံ့ဖြိုးစ ပြုလာခဲ့သည်။
မြို့ချင်းဆက်လမ်းများကောင်းမွန်လာခဲ့သည်။ရွာချင်းဆက်လမ်းအသစ်များ ပေါ်ပေါက်လာခဲ့သည်။
တစ်ရွာနှင့်တစ်ရွာအချိန်တိုအတွင်း သွားလာနိုင်ခဲ့ကြ၏။ဖုန်းလိုင်းများကောင်းလာခဲ့သည်။အင်တာနက် လိုင်းများလည်း မြန်နှုန်းမြင့်လာခဲ့၏။နိုင်ငံအနှံ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ တစတစ မြင်လာရသော်လည်း ဒုတိယအဆင်းရဲဆုံးသော၊ဖွံ့ဖြိုးမှု နိမ့်ကျဆုံးသော ရခိုင်ပြည်နယ်အတွင်းမှ ဒေသအချို့တွင်မူ မတွေ့ရသလောက်၊ယခင်အတိုင်းထူးမခြားနားသာရှိခဲ့ကြောင်း ထိုဒေသမှ ပြည်သူတို့က ပြောကြသည်။
ယင်းမှာ ရခိုင်မျိုးနွယ်စုဝင် လူနည်းစုတို့ဖြစ်သော မြို၊ခမီ၊သက်၊ ဒိုင်းနက်လူမျိုးတို့နေထိုင်ရာ အရပ်တို့ ပင်ဖြစ်၏။ထိုဒေသများမှ ပြည်သူများမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့အလှမ်းဝေးနေဆဲ၊ ကလေးငယ်များ ပညာသင်ကြားခွင့်ရဖို့ ဝေးကွာနေဆဲ၊ လူမှုစီးပွားဘ၀များနိမ့်ကျနေဆဲပင်။
အရပ်သားအစိုးရနှစ်ဆက်ကျော်လွန်၍ ယခု အာဏာသိမ်းစစ်အစိုးရလက်ထက်သို့ပြန်ရောက် လာသည့်တိုင် ယင်းအခြေအနေအတိုင်းပင်ဟု ဒေသခံလူမျိုးစုဝင် ပြည်သူတို့ကပြောကြသည်။
လူဦးရေ ၃ သန်းကျော်ရှိသော ရခိုင်ပြည်နယ်တွင် မြို၊ခမီ၊သက်၊ဒိုင်းနက် လူမျိုးစုဝင်လေးခုပေါင်း
လူဦးရေ နှစ်သိန်းဝန်းကျင်ရှိသည်။ထိုလူမျိုးစုဝင်တို့သည် ရခိုင်ပြည်နယ် ကျောက်တော်၊မြောက်ဦး၊
မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊မင်းပြား၊ပေါက်တောနှင့်အမ်းမြို့နယ်တို့၌
နေထိုင်ကြ၏။
နေထိုင်ရာအရပ်နှင့် ဆက်သွယ်ရေးစနစ်
အားလုံးနီးပါးမှာ မြို့နှင့်အလှမ်းကွာဝေးလှသည့် တောနား၊တောင်နား၊ချောင်းဖျားအရပ်တို့၌နေထိုင် ကြခြင်းဖြစ်ကြောင်း ၎င်းတို့၏အရပ်ဖက်အဖွဲ့အစည်းများက ပြောကြသည်။မြေပြန့်အရပ်၌ နေထိုင် သူအချို့ရှိသော်လည်း မြို့ ရပ်နှင့်ဝေးကွာသော အရပ်တို့၌ဖြစ်သည်ဟု ဆိုကြသည်။၎င်းတို့ အဓိက အားထားရသည့် ဆက်သွယ်ရေးလမ်းကြောင်းမှာ တောကျော်၊ တောင်ကျော်၊ခြေကျင်ခရီးနှင်ခြင်း နှင့် ရေကြောင်းမှတစ်ဆင့် စက်တပ် လှေကလေးများ၊လက်လှော်လှေကလေးများဖြင့် သွားလာခြင်း တို့ပင်ဖြစ် ကြောင်း ပြောကြသည်။
လူမျိုးစုအလိုက် အရပ်ဖက်အဖွဲ့အစည်များက ကောက်ယူပြုစုထားသောစာရင်းအရ ရခိုင်ပြည်နယ် အတွင်း မြို၊ခမီ၊သက်၊ဒိုင်းနက် လူမျိုးစုဝင်လေးခုတို့ နေထိုင်သည့် ကျေးရွာပေါင်း ၅၀၀နီးပါး ရှိသည်။ (လူမျိုးစုအလိုက် စာပေနှင့် ယဉ်ကျေးမှုအသင်းများနှင့် ၎င်းတို့၏ နိုင်ငံရေးပါတီများထံမှရရှိထားသည့်အချက်အလက်များဖြစ်ပါသည်။)
ထိုကျေးရွာများမှာ မြေပြန့်ဒေသမှ ကျေးရွာများကဲ့သို့ တစ်ရွာနှင့်တစ်ရွာနီးကပ်စွာတည်ရှိနေခြင်း မဟုတ်။တစ်ရွာနှင့်တစ်ရွာ အကွာအဝေးမှာ ၂ မိုင်၊၃ မိုင်မှ ၁၀ မိုင်အထိရှိကြောင်းအရပ်ဖက်အဖွဲ့ အစည်းများနှင့် ဒေသခံများက ပြောကြသည်။
ထိုရွာများအကြား ရွာချင်းဆက်လမ်းရှိသည်က ရှားသည်။ရှိလျှင်လည်း နွေရာသီတွင်သာ ဆိုင်ကယ် ဖြင့်သွားရသည့် မြေသား၊ကျောက်ခင်းလမ်းများသာဖြစ်သည်ဟု ဆိုကြသည်။(မိုးရာသီတွင် သွား၍မရတော့ပေ။)အများစု (အားလုံးနီးပါး)မှာ ခြေကျင်သာသွား၍ ရသည့်လမ်းများနှင့်ရေကြောင်းလမ်း များဖြစ်ကြသည်။
ထိုကဲ့သို့ သွားလာရခက်ခဲသည့်အပြင် အချို့သောတောနား၊တောင်နား၊ချောင်းဖျားအရပ်တို့ရှိ
ကျေးရွာများတွင် ဖုန်းလိုင်းကလည်း မမိပြန်တော့ ၎င်းတို့မှာဆက်သွယ်ရေးစနစ်အဖြစ် လူလူချင်း
စကားမှာပါးခြင်းကို အသုံးပြုကြရတော့သည်ဟု ဆိုကြသည်။(ရခိုင်မျိုးနွယ်စုဝင်တို့ နေထိုင်သော ကျောက်တော်မြို့နယ် ယိုးချောင်းအပေါ်ပိုင်း၊ပုဏ္ဏားကျွန်းမြို့နယ်တောဖျား ချောင်းအပေါ်ပိုင်း၊ အမ်းမြို့နယ် ဒလက်ချောင်းအတွင်းရှိ ကျေးရွာများတွင် ဖုန်းလိုင်းမမိဟု ယင်းဒေသခံများက ပြောကြသည်။)
ခက်ခဲကြမ်းတမ်းလှသော လမ်းပန်းဆက်သွယ်ရေးကြောင့် တစ်နေရာနှင့်တစ်နေရာ သွားလာဖို့
အလှမ်းဝေးသည့်အခြေအနေတွင် အကြောင်းခြင်းရာ ကိစ္စတစ်ခုခုရှိပါက လူကြုံနှင့်စကားမှာပါး လေ့ရှိကြသည်ဟု ကျောက်တော် မြို့နယ် ယိုးချောင်းအပေါ်ပိုင်း တေး၀ကျေးရွာမှမြိုအမျိုးသမီးမလှဝင်းက ပြောသည်။
အရေးကြီးကိစ္စရပ်များကို ယင်းကဲ့သို့ စကားမှာပါးရာတွင် လွှဲချော်မှုကြောင့်ကြီးမားသည့်ဆုံးရှုံးနစ်နာ ရမှုများလည်း ကြုံကြရသည်ဟု ၎င်းကဆိုသည်။
“အဆက်အသွယ်တစ်ခုရဖို့ဟာက မလွယ်ဘူး။စကားတစ်ခု၊ဆောင်းပါးတစ်ခုမှာလိုက်ရင် နှစ်ရက်၊
သုံးရက်ကြာတယ်။ဥပမာ ဆယ်တန်းအောင်လို့ အလုပ်လျှောက်ဖို့ ခေါ်လို့ရှိရင် လူကြုံနဲ့
ဆောင်းပါးမှာလိုက်တယ်။ဆောင်းပါးမှာလို့ရှိရင် အဲဒီဆောင်းပါး စကားတစ်ခွန်းရဖို့အတွက်
တော်တော်ကြာသွားပြီပေ့ါ။အဲဒီကြားမှာ လက်လှမ်းမမီ တော့ဘူး။”ဟု မလှဝင်းက ပြောပြသည်။
ထိုကဲ့သို့သော ကြမ်းတမ်း၊ ခက်ခဲလှသည့် လမ်းပန်းဆက်သွယ်ရေးအခြေအနေ၏နောက်တွင်
စီးပွားရေးအခက်အ ခဲ၊ ပညာရေးအခက်အခဲ၊ ကျန်းမာရေးအခက်အခဲတို့က ထပ်ကြပ်မကွာ ကပ်၍
လိုက်လာကြသည်။
ဆုံးရှုံးနေရဆဲ ပညာသင်ကြားခွင့် အခွင့်အရေး
ဆက်သွယ်ရေးခက်ခဲလှပြီး မြို့ရပ်နှင့် လွန်စွာအလှမ်းဝေးလှသည့် ထိုဒေသတို့မှ ကလေးငယ်အချို့မှာ
မူလတန်းပညာရေးကိုပင် အပြည့်အ၀သင်ကြားခွင့်မရကြကြောင်း ဒေသခံများက ပြောကြသည်။
မြို၊ ခမီ၊ သက်၊ ဒိုင်းနက်လူမျိုးတို့ နေထိုင်သည့်ကျေးရွာပေါင်း ၅၀၀ နီးပါးတွင်တက္ကသိုလ်ဝင်တန်း (၁၀တန်း)အထိ သင်၍ရသည့် အထက်တန်း၊ အထက်တန်းခွဲ စာသင်ကျောင်းရှိသောရွာအရေအတွက် မှာ ၁၀ ရွာပင် မပြည့်ပေ။အလယ်တန်းကျောင်းရှိသည့်ရွာအရေအတွက်မှာလည်း လွန်စွာနည်းပါး သည်ဟု ဆိုကြသည်။
အားလုံးနီးပါးမှာ သူငယ်တန်းမှ ၄ တန်းအထိ(ယခု စနစ်သစ်တွင် ၅ တန်းအထိ)သာ သင်၍ရသည့်
မူလတန်း ကျောင်းနှင့် ၇ တန်းအထိ သင်၍ ရသည့် မူလတန်းလွန်ကျောင်းတို့ပင်ဖြစ်ကြောင်းအရပ် ဖက်အဖွဲ့အစည်းများ၏ အချက်အလက်များက ဆိုသည်။ယနေ့အချိန်အထိ စာသင်ကျောင်း လုံး၀ မရှိသေးသော ကျေးရွာများပင် ရှိနေသေးသည်ဟု ပြောကြသည်။
စာသင်ကျောင်းမရှိသော ကျေးရွားများမှ ကလေးငယ်များမှာ အနီးစပ်ဆုံး စာသင်ကျောင်းရှိရာကျေး ရွာသို့ နေ့ချင်းပြန်ခြေကျင်သွားကာ ကျောင်းတက်ကြရသည်။ထို့အတူပင် မိမိတို့ရွာ၌မူလတန်း ကျောင်းသာရှိပြီး အလယ်တန်းပညာကို ဆက်သင်လိုသောကျောင်းသားများမှာလည်း နီးစပ်ရာ အလယ်တန်းကျောင်းရှိသောရွာသို့ လမ်းလျှောက်ကာ ကျောင်းသွားတက်ကြရသည်။
ရွာချင်းဆက်လမ်းရှိသည့် အနည်းငယ်သော ကျေးရွာတို့မှကလေးငယ်များမှာ ထိုလမ်းအတိုင်း
လမ်းလျှောက်ကြရသော်လည်း အများစုမှာရွံ့စေးတပျောင်းပျောင်းနှင်း၍ ချောင်း၊မြောင်းကူးကာ
သွားကြရကြောင်း ယင်းဒေသခံများက ပြောကြသည်။
ထို့ကြောင့် မိဘများမှာ ကျောင်းသွားတက်ကြသည့် ကလေးများအတွက် များစွာပူပန်ကြရသည်ဟု
ဆိုသည်။တစ်ရွာမှတစ်ရွာသို့ ကျောင်းသွားတက်စဉ် မြစ်၊ချောင်းဖြတ်ကူးရသည့်အခါကူးတို့လှေ တိမ်းမှောက်၍ ကျောင်းသားကလေးငယ်များ အသက်ဆုံးရှုံးရသည့်ဖြစ်စဉ်များကိုရခိုင်ပြည်နယ် အတွင်း ကျောင်းဖွင့်ရာသီရောက်တိုင်း နှစ်စဉ်လိုပင် ကြားနေခဲ့ရသည်။
“ကူးတို့လှေမှောက်လို့ ဒဏ်ရာတွေရလို့၊ စာအုပ်တွေစိုလို့၊ လွယ်အိတ်တွေပျောက်လို့၊ ထီးတွေ ပျောက်လို့မကြာခဏ ဖြစ်ကြရတယ်။မိဘတွေမှာ စိုးရိမ်နေကြရတာ။ကူးတို့ကူးပြီး တက်ရတဲ့ ရွာတွေမှာအသက်ကယ်အင်္ကျီတွေလိုပါတယ်။သူတို့မှာက စာအုပ်ဝယ်ဖို့တောင် အနိုင်နိုင်လေ။”ဟု
မြိုလူမျိုးနေထိုင်သည့် ကျောက်တော်မြို့နယ်၊ပါချေရွာမှ ကျောင်းသားမိဘ တစ်ဦးဖြစ်သည့်
ဦးအောင်ကျော်ဝင်းက ပြောသည်။
ထို့ကြောင့် ကူးတို့ကူး၍ ကျောင်းသွားတက်ကြရသည့်ကျေးရွာများမှ ကျောင်းသားကလေးငယ်များအား
အသက်ကယ်အင်္ကျီများထောက်ပံ့ပေးဖို့ ၎င်းက တောင်းဆိုသည်။
ရခိုင်မျိုးနွယ်စုဝင်တို့ နေရာထိုင်ရာအရပ်က ကလေးများပညာသင်ကြားနိုင်ခွင့်အခြေအနေ နှင့်ပတ် သက်၍ “အခက်အခဲတွေကတော့ ပြောမနေနဲ့တော့လေ။” ဟုဒိုင်းနက်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးလှစိန်သာက ပြောသည်။
ဦးလှစိန်သာအပါအဝင် ဒိုင်းနက်လူမျိုးတို့နေထိုင်သည့် မင်းပြားမြို့နယ်၊လေးမြို့ချောင်းနံဘေးရှိ
လက်ပံကိုင်းကျေး ရွာ၌လည်း စာသင်ကျောင်းမရှိသည့်အတွက် ထိုရွာမှကလေးငယ်များမှာ
မူလတန်းကျောင်းရှိသော မကျည်းပင်စုရွာသို့သွားကာ ကျောင်းတက်ကြရသည်ဟု ဆိုသည်။
အိမ်ခြေ ၁၀၀ နီးပါး၊ကျောင်းသားဦးရေ ၇၀ ဝန်းကျင်ရှိသော ထိုရွာတွင် စာသင်ကျောင်းနှင့် ဆရာ၊
ဆရာမတို့ချထားပေးရန် အစိုးရထံတောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိအခြေအနေ မထူးသေးကြောင်း ဦးလှစိန် သာကပြောသည်။
လက်ရှိတွင်မူ ကိုယ်ထူကိုယ်ထ ကျောင်းဆောင်ကလေးဆောက်ကာ အခပေး ဆရာတစ်ယောက်
ငှားရမ်းပြီး ရွာမှကလေးများအား ပညာသင်ကြားပေးနေသည်ဟု လက်ပံကိုင်းရွာသားများက
ပြောကြသည်။လက်ပံကိုင်းရွာအပါအဝင် ရခိုင်ပြည်နယ်အတွင်း ဒိုင်းနက်လူမျိုးတို့ နေထိုင်သည့် ကျေးရွာများထဲတွင်စာသင် ကျောင်းလုံး၀မရှိသည့်ရွာပေါင်း အနည်းဆုံး ၃ ရွာ ရှိနေသေးကြောင်း
စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးလှစိန်သာက ၎င်း လက်လှမ်းမီသလောက်ရရှိထား သည့် အချက်အလက်များကို အခြေခံ၍ ပြောပြသည်။ယင်းထက်လည်း ပိုနိုင်သည်ဟု ဆိုသည်။
တခြားသော မျိုးနွယ်စုဝင် မြို၊ခမီ၊သက်တို့၏ ကျေးရွာများတွင်လည်း ထို့နည်းတူပင်စာသင်ကျောင်း မရှိသည့် ကျေးရွာများစွာ ကျန်နေသေးသည်ဟု ပြောကြပြီး ကျေးရွာတိုင်း၌စာသင်ကျောင်း ချပေးဖို့ တောင်းဆိုကြသည်။
“တစ်ရွာတစ်ကျောင်း ရှိဖို့လိုတယ်လေ”ဟု ဦးလှစိန်သာက ပြောသည်။
စာသင်ကျောင်းရှိသော ကျေးရွာတို့၌လည်း ဆရာ၊ဆရာမတို့ အလုံအလောက်မရှိ၊အလုံအလောက် ရှိသော်လည်း ပုံမှန်လာရောက်ကာ စာသင်ကြားခြင်းမရှိ၊တစ်လတစ်ကြိမ်၊နှစ်လတစ်ကြိမ်ခန့်သာ ရောက်လာတတ်ကြသည်ဟု ထိုဒေသတို့မှ ဒေသခံများက ပြောကြသည်။
“တစ်လမှာမှ စာလာပြတာက တစ်ရက်၊ နှစ်ရက်တည်း၊ ပြန်သွားကြတယ်ဆိုတော့ ကလေးတွေ
စာမတတ်ကြဘူး။”ဟု မြိုလူငယ်တစ်ဦးဖြစ်သည့်မလှဝင်းက ရခိုင်မျိုးနွယ်စုဝင်များ နေထိုင်ရာ
ဝေးလံသည့်အရပ်တို့၌ ကလေးများ၏ ပညာသင်ကြားခွင့်အခြေအနေကို ပြောပြသည်။
ဆရာ၊ ဆရာမများ ပုံမှန်စာလာပြခြင်းမရှိသည့်ကျေးရွာများနှင့် စာသင်ကျောင်းမရှိသေးသော ကျေးရွာ
အချို့မှ မိဘများမှာ ဒေသတွင်းဆယ်တန်းအောင်ထားသူများကို အခကြေးငွေပေး၍ ငှားရမ်းကာ
၎င်းတို့၏သားသမီးများအား ပညာသင်ကြားပေးကြသည်။အချို့ဆရာ၊ဆရာမတို့ဆိုလျှင်
၎င်းတာဝန်ကျနေရာတွင် စပါးတောင်းဆရာ ငှားရမ်းပေးထားခဲ့ကြသည်ဟု ဆိုကြသည်။
“စပါးတောင်းငှားပြီး သင်ကြရတယ်။အလယ်တန်းထိ လိုက်နိုင်တဲ့သူတွေတောင် သိပ်မရှိဘူး။
မူလတန်းနဲ့ ပြီးသွားတယ်။”ဟု မြိုလူမျိုးများနေထိုင်သည့် ယိုးချောင်းအပေါ်ပိုင်း ခမောင်းရွာမှ မလှဦးကပြောသည်။
မိမိတို့ကျေးရွာတွင် အလယ်တန်း၊ အထက်တန်းကျောင်းတို့မရှိ၊ ရှိသည့်ကျေးရွာများနှင့်လည်း
အလှမ်းဝေး၊လမ်းပန်းဆက်သွယ်ရေးကလည်း အဆင်မပြေ၊ထိုရွာရှိ အိမ်တစ်အိမ်၌ ထား၍
သင်ပေးမည်ဆိုပြန်တော့လည်း တောင်ယာကိုသာ အဓိကထားလုပ်ကိုင်ကြသည့် သူတို့အတွက်
စီးပွားရေးက အဆင်မပြေ။ထိုအခြေအနေတွင် မူလတန်းပညာကိုသာသင်ပြီး ကျောင်းထုတ်လိုက်ရ သည့်ကလေးများစွာ ရှိကြောင်းမိဘများက ပြောကြသည်။
“လမ်းပန်းဆက်သွယ်ရေးဝေးတော့ အလယ်တန်းကျောင်းရှိတဲ့ရွာတွေမှာ မသင်နိုင်တော့ လယ်သမား၊
ယာမားဖြစ် သွားကြတာပဲ။”ဟု သက်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးဘဦးက ပြောသည်။
ယင်းကြောင့် ကျောင်းအဆင့်တိုးပေးဖို့၊ဆရာ၊ဆရာမများအား အချိန်ပြည့်စာသင်ပေးဖို့တွန်းအားပေး ရန်လိုအပ်ကြောင်း ၎င်းကတောင်းဆိုသည်။
မြန်မာနိုင်ငံတွင် သူငယ်တန်းမှတက္ကသိုလ်ဝင်တန်းအထိ အခြေခံပညာအတန်းများကို လူတိုင်းအခမဲ့ သင်ကြားခွင့်ရှိသည်ဟုဆိုသော်ငြားလည်း ထိုဒေသများမှ ကလေးငယ်တို့အတွက်အကျုံးမဝင်သလို ဖြစ်နေသည်မှာ ဝမ်းနည်းစရာဖြစ်ကြောင်း ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
ကလေးတိုင်း ပညာသင်ခွင့်အပြည့်အ၀ရရှိစေဖို့အတွက် အစိုးရအနေဖြင့်ဝေးလံခေါင်သီးသော အရပ်တို့တွင် တာဝန်ကျသည့် ဆရာ၊ဆရာမများအတွက် လုံခြုံရေး၊သွားရေးလာရေးတို့အဆင်ပြေ စေရန် စီစဉ်ပေးဖို့လိုအပ်သလို ဆရာ၊ဆရာမတို့ နေပျော်စေဖို့ လစာ၊ခံစားခွင့်တို့ကိုလည်း အခြားဒေသ များနှင့်မတူဘဲ တိုးမြှင့်သတ် မှတ်ပေးရန် လိုအပ်ကြောင်းထောက်ပြပြောဆိုကြသည်။
“ဒေသအလိုက်အဆင်ပြေအောင် နိုင်ငံတော်က နယ်မြေအခြေအအေရ လိုအပ်တဲ့အခြေအနေတွေကို
ဖြည့်ဆည်း ပေးဖို့လိုတယ်။”ဟု ခမီအမျိုးသားဖွံ့ဖြီုးတိုးတက်ရေးပါတီ၊အတွင်းရေးမှူးချုပ်
ဦးလေသာကျော်က တိုက်တွန်းတောင်းဆိုသည်။
ပညာရေးကို အခြေခံသော စီးပွားရေး ဖြစ်လာရန်လိုပညာသင်ကြားခွင့်တို့ ဆုံးရှုံးနေ၍ ပညာရေးနိမ့်ကျ နေသည့် ထိုဒေသများတွင် တစ်ခြားသောလူမှုစီးပွားအခြေအနေတို့မှာလည်း နိမ့်ကျနေဆဲပင်။
“ဘယ်လူမျိုးမှာမဆို ပညာရေးနိမ့်ကျရင် စီးပွားရေး၊လူမှုရေးအကုန်လုံး နောက်ကျကုန်တာပေ့ါ။
ပညာရေးနဲ့ပဲ နိုင်ငံကို တည်ဆောက်ရတာကို။ပညာရေးနိမ့်ကျရင် အကုန်လုံးနိမ့်ကျမှာပဲ။စီးပွားရေး လည်း နိမ့်ကျမှာပဲ။”ဟု ခမီစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးလေကျော်အောင်ကပြောသည်။
မျိုးစုံသောအခက်အခဲတို့ကြောင့် ပညာသင်ကြားခွင့်အပြည့်အ၀မရကြသည့် အဆိုပါဒေသခံများတွင်
ပညာတတ်လူဦးရေကလည်း လွန်စွာနည်းပါးသည်ဟု ဆိုကြသည်။
“ပညာရေးအားကောင်းလို့ အမြင်ရှိမှ စီးပွားရေးကောင်းလာမယ်။အခုက အမြင်မရှိတော့ ဘာလုပ် မလဲ။ဒီနှစ်မှာ ဒီ တောင်ကို ခုတ်မယ်၊နောက်နှစ် ဟိုဘက်တောင်ကို ခုတ်မယ်။အဲလောက်ပဲ အမြင်ရှိ တာကို—။”ဟုဦးလေကျော်အောင်က ပြောပြသည်။
ထိုသို့ဖြင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲမှစခဲ့သော ရခိုင်ပြည်နယ်အတွင်းမှ မျိုးနွယ်စုဝင်လူနည်း စုတို့၏ ပညာရေး၊စီးပွားရေးအခက်အခဲတို့မှာ မုန့်လုံးဖင် စက္ကူကပ်သလို ဖြစ်နေတော့သည်ဟု
ပြောကြသည်။
“လမ်းပန်းဆက်သွယ်ရေးကြောင့် စီးပွားရေးနိမ့်ကျတယ်။စီးပွားရေးနိမ့်ကျတဲ့အတွက် စာသင်မယ် ဆိုရင်လည်း မသင်နိုင်ဘူး။”ဟု ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးလေသာကျော်က
ပြောသည်။
လက်လှမ်းမီးဖို့အလှမ်းဝေးနေဆဲ သူတို့၏ကျန်းမာရေး
ရခိုင်မှလူနည်းစုတို့နေထိုင်ရာအရပ်၌ ပညာရေးလက်လှမ်းမီမှု အားနည်းခြင်း၊စီးပွားရေးနိမ့်ကျခြင်း တို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့ လွန်စွာအလှမ်းဝေးနေခြင်းကလည်းကြီးမားသည့် ပြဿနာတစ်ရပ်ဖြစ်နေကြောင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံလူငယ်တို့ကပြောကြသည်။
မြို၊ခမီ၊သက်၊ဒိုင်းနက်လူမျိုးတို့နေထိုင်ရာကျေးရွာများတွင် အစိုးရကျန်းရေးဌာနကဖွင့်လှစ်ချထား ပေးသည့် ကျေးလက်ကျန်းမာရေးဌာန၊ဌာနခွဲတို့မှာ မရှိသလောက်ပင်ဖြစ်ကြောင်းဒေသခံများက ဆိုကြသည်။တိုက်နယ်ဆေးရုံတို့ဆိုလျှင် ဝေးစွ။မိမိတို့ရွာများတွင်သာ ကျေးလက်ဆေးပေးခန်းမရှိ သည်မဟုတ်၊ လက်လှမ်းမီလောက်သောအနီးအနားကျေးရွာများတွင်ပါ ဆေးပေးခန်းတို့မရှိ သည့်အတွက် များစွာ အခက်ကြုံကြရကြောင်းရင်ဖွင့်ကြသည်။
ဘူးသီးတောင်မြို့နယ်အစွန်၊စိုင်းဒင်ချောင်းဖျားတစ်ရှိ မြိုနှင့်ခမီလူမျိုးတို့နေထိုင်သည့် တောင်ပေါ်လေး အုပ်စုတွင် ကျေးရွာပေါင်း ၅၅ ရွာရှိသည့်အနက် ကျေးလက်ကျန်းမာရေးဌာနရှိသည့်ရွာတစ်ရွာမျှ မရှိကြောင်း ထိုနေရာသို့ ကွင်းဆင်းကာသွားရောက်လေ့လာခဲ့သည့် ခမီစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌဦးလေကျော်အောင်က ပြောသည်။
ဤသည်က ရခိုင်မျိုးနွယ်စုဝင်တို့နေထိုင်ရာအရပ်မှ ကျန်းမာရေးလက်လှမ်းမီမှုအခြေအနေကို
မီးမောင်းထိုးပြပေးနေသည်။
ယင်းအပြင် နယ်စပ်ခြံစည်းရိုးတစ်လျှောက်ကျေးရွာများတွင် နေထိုင်ကြသည့် သက်လူမျိုးတို့မှာလည်း
အရေးပေါ် ကျန်းမာရေးလိုအပ်ချက်များအတွက် မိုင်ပေါင်း ၅၀ ကျော် ဝေးကွာလှသည့်မောင်တောမြို့ ပေါ်သို့ ကုန်းတစ်တန်၊ရေတစ်တန်ဖြင့် ခက်ခဲစွာသွားကြရကြောင်း မောင်တောမြို့နယ်မှသက်လူငယ် ကိုကျော်အေးမောင်က ပြောပြသည်။
မောင်တောမြို့သို့ အသွားလမ်းခုလပ်တွင် အောင်သပြေတိုက်နယ်ဆေးရုံရှိသော်လည်း ယခုအခါ
ဆရာဝန်မရှိတော့သည့်အတွက် တိုက်နယ်ဆေးရုံဟူသောနာမည်သာ ကျန်တော့ကြောင်း ၎င်းက
ဆိုသည်။ယင်းအခြေအနေတို့ကြောင့် ဆေးရုံသို့အသွားလမ်းတွင် အသက်ဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ် များရှိကြောင်း၊ လွန်ခဲ့သည့် ၂၀၂၁ ဇူလိုင်လကလည်း သက်လူမျိုးကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း ကိုကျော်အေးမောင်က ပြောသည်။
ထို့အတူပင် ပုဏ္ဏားကျွန်းမြို့နယ်၊ဘဲငါးရာတောင်အနောက်ဖက်ခြမ်း၌ နေထိုင်ကြသော မြိုလူမျိုးတို့ မှာလည်း ကျန်းမာရေးပြဿနာများအတွက် ဆေးကုသမှုခံယူဖို့ရန် ဘဲငါးရာတောင်ကြောကိုဖြတ်၍ ခြေကျင်လျှောက်ကာ ရန်ကုန်- စစ်တွေကားလမ်းမပေါ်ကနေတဆင့်သွားရကြောင်း ယင်းဒေသခံတို့က ပြောကြသည်။
“မြို(လူမျိုး)ရွာတွေဟာ ဘယ်မှာမှ မလွယ်ကူဘူး။အကုန်လုံးက ခက်ခက်ပဲ။တောလမ်း သဘာ၀လမ်းနဲ့
သွားရတာ၊တော်ရုံတန်ရုံလူတွေတောင် သွားလို့မရဘူး။မျောက်လိုခုန်ပြီး သွားကြတာပဲ။”ဟု မြိုတိုင်း ရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးဇနိဖြူကဘဲငါးရာတောင်ကျော်လမ်းအခြေအနေကို ပြောသည်။
အကြောင်းရင်းခံ လမ်းပန်းဆက်သွယ်ရေး
ရခိုင်ပြည်နယ်အတွင်းရှိ လူနည်းစုလူမျိုးစုဝင်တို့ဖြစ်သော မြို၊ခမီ၊သက်၊ဒိုင်းနက်လူမျိုးတို့နေထိုင်ရာ အရပ်တို့၌ ကျန်းမာရေး၊ပညာရေးနှင့်လူမှုစီးပွားတို့ အဘက်ဘက်မှနိမ့်ကျနေရခြင်း၏ အဓိကအကျဆုံး သောအကြောင်းရင်းမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုပင်ဖြစ်ကြောင်း ဒေသခံပြည်သူများနှင့် ၎င်းတို့၏ခေါင်းဆောင်တို့က ပြောကြသည်။
ထိုလမ်းပန်းဆက်သွယ်ရေးမကောင်းမွန်ခြင်းမှာ အုပ်ချုပ်သူတို့၏မညီမျှမှု၊မျက်ကွယ်ပြုထားမှုတို့ ကြောင့်ဖြစ်ကာ ယခုလည်းအုပ်ချုပ်သူလူတန်းစားက ဝေးလံခေါင်သီးသောအရပ်တို့၌ နေထိုင်ကြသည့် လူမျိုးစုဝင်တို့အပေါ် မျက် ကွယ်ပြုထားဆဲဖြစ်ကြောင်းခမီလူမျိုးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးလေကျော်အောင်က ပြောသည်။
“တောရောမြို့ပါ ဒေသအနှံ့ကိုရောက်နိုင်အောင် လုပ်ပေးရမယ်လေ။တိုးတက်တဲ့နိုင်ငံတွေ၊တိုးတက် တဲ့ဒေသ တွေမှာဆိုရင် တောမှာပဲနေနေ၊ မြို့ပြမှာပဲနေနေလေ။နည်းနည်းပဲကွာခြားတာပဲရှိမှာပေ့ါ။ သို့သော် ၁ ကနေ ၁၀ အထိ အလှမ်းကွာဝေးသွားတာမျိုး မရှိနိုင်ဘူးလေ။”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီးဌာနရှိပြီး ဥပဒေပြဌာန်းထားသော်လည်း ထို၀န်ကြီး ဌာနနှင့်ထိုဥပဒေမှာ ရခိုင်ရှိလူနည်းစုများအတွက် မဆိုင်သကဲ့ဖြစ်နေကာ အာဏာသိမ်းစစ်ကောင်စီ၏
ပြည်ထောင်စုဒု၀န်ကြီးလုပ်နေသည့် ရခိုင်လူမျိုးဦးဇော်အေးမောင်မှာလည်း ရခိုင်ရှိလူနည်းစုများအား
ကူညီဆောင်ရွက်ပေးခြင်းတစ်ခုမှမရှိဟု ရခိုင်ဒေသခံများက ေ၀ဖန်ပြောဆိုနေကြသည်။
သက်လူငယ်ကိုကျော်အေးမောင်ကလည်း ၎င်းတို့နေထိုင်ရာအရပ်တို့၌ လမ်းပန်းဆက်သွယ်ရေး
လွန်စွာခက်ခဲနေခြင်းမှာ အစိုးရ၏တာဝန်မကျေပြွန်မှုကြောင့်ဟု ပြောသည်။ထိုဒေသများ၌ ကျန်းမာရေး အဆင်ပြေဖို့၊ ပညာရေးအခွင့်အလမ်းများပိုရစေဖို့နှင့်စီးပွားရေးအဆင်ပြေစေဖို့အတွက် လမ်းပန်းဆက် သွယ်ရေးပိုကောင်းလာစေရေး အစိုးရကလုပ်ပေးရမည်ဖြစ်ကြောင်း လူမှုကူညီရေး၊လူမှုသဟဇာတ ဖြစ်ရေးလုပ်ငန်းများ လုပ်နေသည့်ရခိုင်လူငယ်ကိုစည်သူအောင်က ထောက်ပြသည်။
“အစိုးရက အဲဒီနေရာတွေမှာ လုပ်ပေးသင့်တာတွေ အများကြီးရှိတယ်။ဒါဟာ အစိုးရမှာသိပ်အများကြီး
တာဝန်ရှိတယ်လို့ မြင်ပါတယ်။”ဟု ၎င်းက ဆိုသည်။
သို့သော်လက်တွေ့တွင်မူ အစိုးရ၊ဌာနဆိုင်ရာများ၊အလုပ်လုပ်နေကြသည့်အဖွဲ့အစည်းများအနေဖြင့်
အမှတ်တကယ်လိုအပ်နေသော နေရာများကိုချန်ထားခဲ့ကြကြောင်း မြိုလူငယ်မလှ၀င်းက ထောက်ပြသည်။
“လက်လှမ်းမီတဲ့၊အဆင်ပြေတဲ့၊ပေါ်ပြူလာဖြစ်တဲ့နေရာတွေမှာပဲ လုပ်သွားကြတာမြင်ရပါတယ်။
အမှန်တကယ်လိုအပ်ချက်ရှိတဲ့ လုပ်ပေးရမယ့်နေရာဒေသတွေမှာ ချန်ထားခဲ့တယ်။တဆင့်အနိမ်ခံ ရတယ်ဆိုတဲ့ ပုံစံမျိုးမြင်မိတယ်။အပယ်ခံရတယ်လို့ ပြောမလား။ဘယ်လိုပြောရမလဲ၊အဲဒီလို မြင်ရပါတယ်”ဟု ၎င်းက ပြောသည်။
ယင်းကြောင့် တိုင်းရင်းသားအခွင့်အရေးအပြည့်အ၀ပေးဖို့ လူမျိုးစုဝင်တိုင်းရင်းသားခေါင်းဆောင်တို့က
တောင်း ဆိုကြသည်။
“တိုင်းရင်းသားအခွင့်အရေးအပြည့်အ၀ပေးဖို့လိုအပ်တယ်။ကျေးလက်၊တောရွာနဲ့ မြို့ပြမခွဲခြားဘဲ
ဒေသနဲ့ကိုက် ညီတဲ့ လမ်းပန်းဆက်သွယ်ရေး၊ပညာရေး၊ကျန်းမာရေးအခွင့်အရေးတွေပေးရင်တစ်စ တစ်စကွာဟမှုတွေ လျှော့နည်းလာမယ်။ဒီအတိုင်းပစ်ထားရင် ပိုဆိုးမှာပါပဲ။”ဟုခမီလူမျိုး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးလေကျော်အောင်က ဆိုသည်။
သို့သော် လက်တွေ့တွင်တော့ ….။ ။