By Narinjara /2022 July 07
ရခိုင်ပြည်နယ်မှ တက္ကသိုလ်ကျောင်းသူတစ်ဦးသည် ရန်ကုန်မြို့တွင် ၅ ရက်ကြာပျောက်ဆုံးနေပြီး သတင်းအစအန တစ်စုံတစ်ရာမရသေး၍ မိသားစုများ စိုးရိမ်နေကြသည်ဟု သိရသည်။
ပျောက်ဆုံးနေသူမှာ စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်မှ မခင်ချိုဝေဇင် (၂၁ နှစ်)ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာအဓိကဖြင့် တက်ရောက်နေသူဖြစ်သည်။
သူမသည် အိမ်မှပို့ပေးလိုက်သည့် ပိုက်ဆံအား ထုတ်ယူရန် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက် နံနက်က ရန်ကုန်တက္ကသိုလ် ရွှေဘိုအဆောင်မှ လှည်းတန်းသို့ တစ်ဦးတည်းသွားရောက်ခဲ့သည်ဟု သိရသည်။
ယင်းနေ့နံနက် ၁၁ နာရီခန့်တွင် စစ်တွေရှိမိဘများအား ငွေထုတ်ယူလာပြီဖြစ်ကြောင်း ဖုန်းဆက်ပြောပြီး ညနေ ၆ နာရီတွင် မိဘများက သမီးဖြစ်သူအားပြန်လည် ဖုန်းဆက်ရာ ဖုန်းစက်ပိတ်ထားပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်ဟု သိရသည်။
သမီးဖြစ်သူ၏ အခန်းဖော်နှင့် ရွှေဘိုအဆောင်မှူးထံ ဖုန်းဆက်မေးရာ အဆောင်သို့လည်း ပြန်ရောက်လာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူက ပြောသည်။
“ကျွန်တော်ကတော့ သမီးလေးအတွက်အရမ်းစိုးရိမ်နေတယ်။ အဆက်အသွယ်ကလည်း လုံးဝမရဘူး။ အဲ့ဒီနေ့ကစပြီး ဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ်နဲ့ပဲတိုးတယ်။ ကျွန်တော်ကအတွေ့အကြုံလည်းမရှိတော့ ဘာပြောလို့ ဘာလုပ်ရမာ်မှန်းလည်း မသိဘူး။ စိုရိမ်မိတာတော့ အမှန်ပါပဲ။ ဟိုကိုမေး။ ဒီကိုမေးနဲ့။ ယတြာချေတာတွေလည်း လုပ်နေတယ်” ဟု ပြောသည်။
လက်ရှိတွင် မခင်ချိုဝေဇင် ပျောက်ဆုံးသွားမှုကို ရန်ကုန်ရှိ ကမာရွတ်မြို့နယ်ရဲခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး ရဲစခန်းကလည်း ရှာဖွေမှုများပြုလုပ်နေသည်ဟု သိရသည်။ (NN-12)
(Narinjara က သတင်းများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
https://www.facebook.com/narinjara.info/posts/5618352704843427